စတန်းဖို့ဒ် (Stanford) တက္ကသိုလ်မှ ဒီမိုကရေစီရေးရာ ပညာရှင် လယ်ရီ ဒိုင်းမွန်း (Larry Diamond) နှင့် ဧရာဝတီ သတင်းဌာနတို့ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ မရေရာလှသော ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် လယ်ရီ ဒိုင်းမွန်းက တွေ့ဆုံခဲ့ပြီးနောက် ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပါမောက္ခ လယ်ရီ ဒိုင်းမွန်း တခေါက်ပြန်ရောက်လာချိန်တွင် ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်က ထပ်မံတွေ့ဆုံခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရခြင်းနှင့် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲအပေါ် ဂယက်ရိုက်မှုများကို အကြောင်းကို တွေ့ဆုံဆွေးနွေးထားပါသည်။
မေး ။ ။ သြဇာအာဏာကြီးမားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ သူက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ မဟုတ်တော့ပါဘူး။ သူဟာ လွှတ်တော် ကိုယ်စားလှယ်တယောက်နဲ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဆက်ပြီး ရှိနေပေမယ့် လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ မသိပါဘူး။ အနောက်တိုင်း သတင်းစာတွေနဲ့ ပြည်တွင်း သတင်းဌာနတွေကတော့ ဦးရွှေမန်းကို ဆန့်ကျင်တဲ့ အဖွဲ့ရဲ့ ပါတီတွင်း အာဏာသိမ်းမှုလို့ ဖော်ပြခဲ့ကြပါတယ်။ ဒါကို ဘယ်လို သဘောရပါသလဲ။
ဖြေ ။ ။ အဆင့်မြင့် အစိုးရ အရာရှိတဦးရဲ့ အိမ်ပတ်ဝန်းကျင်ကို စစ်ကားတွေ ရောက်လာတဲ့အခါ၊ အဲဒီ အရာရှိက ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် ထိန်းချုပ်ထားတယ်လို့ ယူဆလို့ရတဲ့ သတင်းစာက ရုတ်တရက်ကြီး ရပ်ဆိုင်းသွားတဲ့အခါ၊ လူတွေ ရုတ်တရက် ဖယ်ရှားခံရတာ၊ ဒါမှမဟုတ် ဖြုတ်ထုတ်ခံရတာ၊ ဒါမှမဟုတ် အလုပ် ထွက်လိုက်ရတယ်လို့ သိလိုက်ရတဲ့အခါ အာဏာသိမ်းမှုလို့ ခံစားရမှာ သေချာပါတယ်။
မေး ။ ။ ဟိုအရင်က ကာလတွေကို ပြန်သတိရစရာပေါ့။
ဖြေ ။ ။ အသွင်သဏ္ဍန်သာမက လုပ်နည်းလုပ်ဟန်ပါ အမှတ်ရစရာ ဖြစ်ပါတယ်။ အာဏာရှင်ပုံစံ တမျိုးပါ။ ပြင်းထန်တယ်၊ စစ်ဝါဒ ဆန်တယ်။ ဒီနေ့ခေတ်ကာလနဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီ သဘောတရားနဲ့လည်း မကိုက်ညီပါဘူး။ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ အဲဒါက အခု ဒီမှာဖြစ်လာခဲ့တယ်။ ပါတီတွင်း အာဏာသိမ်းမှုလို့ ယူဆလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ တကယ် အာဏာရနေတဲ့ ပါတီက စစ်တပ် ဖြစ်နေပေမယ့် အဲဒီ (ကြံ့ခိုင်ရေး) ပါတီကို အာဏာရပါတီလို့ ခင်ဗျားတို့ ခေါ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျနော် လေးစားတဲ့ လူတွေက အသွင်ကူးပြောင်းရေးကို နောက်ကြောင်း ပြန်သွားစေတယ်လို့ မြင်ပါတယ်။ ကျနော့် အမြင်ကလည်း ရှုထောင့်မျိုးစုံက ကြည့်လိုက်ရင် အသွင်ကူးပြောင်းရေးကနေ နောက်ကို တလှမ်းပြန် ဆုတ်တာပါပဲ။
ပထမ အချက်က လုပ်ပုံလုပ်နည်းပါ။ ဒီကိစ္စရဲ့ အာဏာရှင်ဆန်တဲ့ ပုံစံ၊ အတိုင်းအတာနဲ့ စစ်ဆင်ရေးလို အိမ်ကိုဝိုင်းတဲ့ လုပ်ရပ်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီတိုင်းပြည်ရဲ့ သမိုင်းက အရမ်းမှောင်မိုက်တဲ့ အချိန်ကို ပြန်ရောက် သွားစေပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆိုရင်တောင် ဒါမျိုးက ထူးခြားမှုတခု မဟုတ်ခဲ့ပါဘူး။
ဒုတိယအနေနဲ့တော့ ကျနော်တို့ အသွင်ကူးပြောင်းရေးကို လေ့လာတဲ့နေရာမှာ ဦးရွှေမန်းကို သဘောထား ပျော့ပြောင်းသူ တယောက်၊ အလယ်အလတ်ကျသူ တယောက်၊ ပြောင်းလွယ်ပြင်လွယ်သူ တယောက်၊ ဒီမိုကရေစီ အတိုက်ခံတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ ပိုပြီး ဆန္ဒရှိတဲ့သူ တယောက်လို့ ယုံကြည်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ တယောက်လို့ သူ့ကိုမြင်ကြပါတယ်။ သူတို့ အလုပ်အတူ လုပ်နိုင်မယ်လို့လည်း ယူဆကြပါတယ်။ ဒါက အမှန် တကယ်လည်း အနာဂါတ်အတွက် မျှော်လင့်ချက် အရိပ်အယောင် တခုဖြစ်ခဲ့ပါတယ်။ အဓိက ကတော့ ဒီအကြောင်းကြောင့် ဦးရွှေမန်းကို ပါတီခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံရတာ ဖြစ်ပါလိမ့်မယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေအရ ဦးရွှေမန်းနဲ့ သူ့ရဲ့အဖွဲ့ကို အလုံးစုံ ဖယ်ရှားမှုတခု မကြာခင် ပေါ်ပေါက်လာလိမ့်မယ်လို့ ယူဆဖို့ပဲ ရှိပါတယ်။ အဲဒီကိစ္စက မပြီးသေးပါဘူး။ တခြားနည်းလမ်းတွေနဲ့ ရွေ့လျားကြပါလိမ့်မယ်။ စစ်အစိုးရရဲ့ သဘောထား တင်းမာတဲ့ အစိတ်အပိုင်းတွေက သူတို့ရဲ့ အနေအထားကို ခိုင်မာအောင်၊ အလယ်အလတ်သမားတွေ ပြောင်းလွယ်ပြင်လွယ် ရှိသူတွေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြတဲ့ တခြား နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေမှာ ကျနော်တို့ တွေ့ခဲ့ဖူးတဲ့ လှုပ်ရှားမှုတွေရဲ့ အခြေအနေမျိုးပါပဲ။
ဒါကြောင့် ဒီကိစ္စက လုပ်နည်းလုပ်ဟန်အရရော အကြောင်းအရာအရရော စိုးရိမ်စရာလို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားဘာတွေ ဖြစ်လာဦးမယ်ဆိုတာ ကျနော်တို့ မသိဘူးလေ။
မေး ။ ။ ရွေးကောက်ပွဲ အပေါ်မှာ ဘယ်လိုသက်ရောက်နိုင်ပါသလဲ။ သူတို့ ဘာတွေလုပ်မှာလဲ။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတမှုရှိသင့်တယ်။ ဒါပေမယ့် ၂၀၁၀ ခုနှစ်ကလို နောက်တကြိမ် ပြန်ဖြစ်မှာကိုလည်း ကြောက်ရွံ့မှုတွေ ရှိနေတယ်။
ဖြေ ။ ။ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ စိုးရိမ်သင့်တယ်လို့ ကျနော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေက စလို့ ဦးရွှေမန်းကို ဖယ်ရှားခဲ့တဲ့ အသေးစား အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့တဲ့ ဒီနေ့ အချိန်အထိ ရွေးကောက်ပွဲတွေက လွတ်လပ်ပြီး မျှတမယ်လို့ ဘယ်လို အာမခံချက်မှ မရှိပါဘူး။ ဒါပေမယ့် အခုဖြစ်နေ တာတွေက ရွေးကောက်ပွဲရဲ့ ဖြောင့်မှန်မှုအပေါ် ထိခိုက်စေလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ ကျနော် ရှင်းပြပါရစေ။
ဦးရွှေမန်းက ကြံ့ခိုင်ရေးပါတီ အတွင်းမှာ ပိုမို သဘောထား ပျော့ပြောင်းတဲ့သူ၊ အလယ်အလတ် ကျတဲ့သူတဦး ဖြစ်ခဲ့ပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ အတူ အလုပ်လုပ်ဖို့ ပိုပြီး ဆန္ဒရှိသူတဦးလည်း ဖြစ်ပါတယ်။ ကျနော်ပြောချင်တာက လူတယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုရှိသလဲ၊ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း သွားဖို့ သူ့ဘက်က ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ခံယူထားသလဲ ဆိုတာကို ဒီအတိုင်း ဘယ်လို သိနိုင်မှာလဲ။ သူတို့ရဲ့ ပြုမူဆောင်ရွက်ပုံကို ကြည့်ပြီး လူတွေက အကဲဖြတ်ရမှာပဲ။ ဒါပေမယ့် အဲဒီ အပြုအမူတွေက ဒီမိုကရေစီ အင်အားစုတွေကို မျှော်လင့်ချက် တချို့ပေးတယ်။ သူဟာ အလုပ်တူတူလုပ်လို့ ရနိုင်မယ့်သူ တယောက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ချက်ပေးတယ်။ တကယ်လို့ ဒီလို ပူးပေါင်းမှုနဲ့ ဒီမိုကရေစီကို မရယူဘူး ဆိုရင်လည်း သူတို့အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့ အလုပ်တူတူ လုပ်မယ့်သူ တယောက်ကို ရနိုင်ပါလိမ့်မယ်။ ဒါက မြန်မာပြည်သူတွေ လိုချင်တာကို ထင်ထင်ရှားရှား ပြနေတယ်လို့ ကျနော်ထင်ပါတယ်။
အခုအချိန်မှာ ကြံ့ခိုင်ရေးပါတီက ပိုပြီး သဘောထားပျော့ပြောင်းတဲ့၊ ပိုပြီးခေတ်မီတဲ့၊ ဒီမိုကရက်တစ်ဆန်တယ်လို့ ယူဆရတဲ့၊ နောက်ပြီး NLD နဲ့ လက်တွဲပြီးလုပ်နိုင်မယ့် သူတယောက်နဲ့ တခြား ကိုယ်စားလှယ်လောင်းတွေကို ဖယ်ရှားခဲ့ပြီးတော့ သူ့နေရာမှာ အယူအဆ ပြင်းတဲ့၊ စစ်ဘက် ပုံရိပ်ရှိတဲ့ သဘောထား ပိုမိုတင်းမာတဲ့ အသွင်ရှိတဲ့သူတွေနဲ့ အစားထိုးနေတယ်။ အခု စစ်တပ်ကနေ ရောက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ နေရာဝင်ယူလိုက်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေလောက် သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာ လူထုရဲ့ နှစ်သက်မှုကို ရမှာမဟုတ်ဘူးလို့ ပြောရင် ရနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီအနေနဲ့ ပါတီတွင်း အာဏာသိမ်းမှု လုပ်လိုက်တာဟာ ရွေးကောက်ပွဲမှာ အကျောပေးလိုက်သလိုပါပဲ။ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရရှိရေးအတွက် ပိုမို ခက်ခဲသွားပါတယ်။ ဒါကြောင့် “သူတို့က ဘာဖြစ်လို့ ဒီလို ခက်ခဲသွားအောင် သူတို့ကိုယ်တိုင် လုပ်နေကြတာလဲ” လို့ ခင်ဗျား မေးနိုင်ပါတယ်။ တချို့တွေ ပေးလာနိုင်တဲ့ အဖြေကတော့ သူတို့မှာ မဲဆန္ဒရှင်တွေကို ကောင်းမွန်စွာ ဘယ်လို ဆွဲဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှု မရှိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေက အမှန်တကယ်ပေးလာမယ့် မဲတွေအစား အနိုင်ရစေမယ့် တခြားသော နည်းလမ်းတွေ ရှိထားတယ်လို့ ထင်နေကြလို့ ဖြစ်ပါတယ်။
မေး ။ ။ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့က ဒုတိယသက်တမ်း အနေနဲ့ ဆက်ပြီး လုပ်ချင်ကြတယ်။ ဒါကြောင့် ဦးရွှေမန်းနဲ့ အဖွဲ့ကို ဖယ်ရှားဖို့ကလွဲပြီးတော့ တခြားရွေးချယ်စရာ မရှိဘူးလို့ သူတို့ ထင်ကြနိုင်ပါတယ်။ ဒါက ဦးရွှေမန်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ရှုပ်ထွေးနေတာက ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ စစ်အစိုးရအတွင်းက အလားအလာရှိတဲ့ မိတ်ဖက်တယောက်ကို ဆုံးရှုံးလိုက်ရပြီ။ မာဂရက် သက်ချာ (Margaret Thatcher) က မစ်ခေးလ် ဂိုဘာချော့ဗ် (Mikhail Gorbachev) နဲ့ ပတ်သက်လို့ ပြောလေ့ရှိတဲ့ စကားလိုပေါ့။ “သူက ကျမတို့နဲ့ အလုပ်လုပ်လို့ရတဲ့ သူတယောက်ပါ” တဲ့။ မာဂရက် သက်ချာက သူ့ရဲ့ အခြေခံသဘောတရားတွေကို မစွန့်လွှတ်ခဲ့ဘူး။ အလယ်အလတ်ကျတဲ့ ကွန်မြူနစ်တွေကို သဘောကျတဲ့ အကြောင်းလဲ မပြောဘူး။ “လက်တွေ့ကျကျ လုပ်တတ်တဲ့ လူတယောက်ရှိတယ်။ သူက ပြောင်းလွယ်ပြင်လွယ် ရှိတယ်။ သူလုပ်ခဲ့တာတွေ၊ လုပ်နေတာတွေ အားလုံးကို ကျမ သဘောတူချင်မှလည်း တူလိမ့်မယ်။ ဒါပေမယ့် ကျမတို့ သူနဲ့ အလုပ်လုပ်လို့ ရနိုင်တယ်။ တကယ်လို့ ကျမနဲ့ သူနဲ့ သဘောတူညီချက် ရခဲ့ပြီဆိုရင် သူကလည်း အဲဒီ အတိုင်းလုပ်လိမ့်မယ်” လို့ မာဂရက် သက်ချာက ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းရဲ့ ဆက်ဆံရေးကလည်း အဲဒီလိုပဲဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ အခုတော့ အဲဒါက ရပ်ဆိုင်းသွားခဲ့ပြီ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို လေ့လာသူတွေက အခုဘာတွေ ဖြစ်နေသလဲဆိုတာနဲ့ နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်မှာလဲ ဆိုတာကို ပြန်ကြည့်ကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အသွင်ကူးပြောင်းရေး ကာလအတွင်းက ပိုပြီးအရေးပါတဲ့ နိုင်ငံရေး တိုးတက်မှုတွေထဲက တခုအနေနဲ့ပါ။
ကြံ့ခိုင်ရေးပါတီက ခက်ခက်ခဲခဲ မယှဉ်ပြိုင်ရဘဲနဲ့ ပြည်သူကို ဆွဲဆောင်နိုင်ခဲ့ရင်တောင်မှ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရယ်စရာအနေနဲ့ ပြောစရာဖြစ်သွားနိုင်ပါတယ်။
မေး ။ ။ သူတို့ မဲမလိမ်ဘဲနဲ့လား။
ဖြေ ။ ။ ဒါက တခြားလမ်းကြောင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မသမာမှု ကြီးကြီးမားမား မရှိခဲ့ဘူး ဆိုရင် NLD က အရင်ကထက်တောင်သာတဲ့ အောင်မြင်မှု ရသွားနိုင်ပါတယ်။ တကယ်လို့ မဲမသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုရင်တော့ အခု အသွင်ကူးပြောင်းရေးဟာ ရှေ့ကို သွားနေပါတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံရေးကို လိုချင်နေတဲ့ အစိုးရနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို ထိခိုက်စေပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ အမြင့်ဆုံး စွန့်စားမှုတခုကို လုပ်နေတာပါ။
မေး ။ ။ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံရေးအခြအနေက ဘယ်လိုဖြစ်လာမလဲ။ အရမ်းရှုပ်ထွေးမှာကတော့ သေချာတယ်။
ဖြေ ။ ။ ကမောက်ကမနဲ့ ရယ်စရာကောင်းတဲ့ ဖြစ်နိုင်ခြေ ဇာတ်ညွှန်းတခုကို ကျနော်ပြောပြပါမယ်။ ဦးရွှေမန်း အရာ ကျသွားပြီး ကြံ့ခိုင်ရေးပါတီ အတွင်းကတောင် ထုတ်ပယ်ခံရတယ်လို့ ယူဆကြည့်လိုက်ပါ။ သူတို့က ဦးရွှေမန်းရဲ့ လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုသာမက လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကိုပါ ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတခုကို ရှာဖွေကြလိမ့်မယ်လို့ ယူဆလိုက်ပါ။
မေး ။ ။ ရာဇဝတ်ကြောင်းနဲ့ တရားစွဲတာမျိုး အထိတောင်မှ ဖြစ်နိုင်သလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ဒီလိုလုပ်လိုက်ရင် သူ့ကို အာဇာနည်တယောက် ဖြစ်အောင်လုပ်သလို ဖြစ်သွားလိမ့်မယ်။ သူ့ကို ပိုပြီး အင်အား ကောင်းသွားစေပါလိမ့်မယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာ သူတို့က တရားစွဲဖို့ မလုပ်ဘူးဆိုရင် ရွေးကောက်ခံ သမ္မတတယောက် ဖြစ်မလာအောင် တားစရာနည်း မရှိတော့ပါဘူး။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ လူတယောက်ကို တရားစွဲဆို စုံစမ်းစစ်ဆေးတဲ့နည်းနဲ့ အာဏာကို ချိန်ညှိနိုင်ဖို့ သူတို့မှာ အခွင့်အရေး များများစားစား မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာ NLD နိုင်လာပြီးတော့ လူနည်းစု တိုင်းရင်းသား ပါတီတချို့နဲ့လည်း မဟာမိတ် ပြု နိုင်ခဲ့ရင် တယောက်ယောက်ကို သမ္မတအဖြစ် ရွေးချယ် နိုင်ပါပြီ။ ဦးရွှေမန်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။ ဒါပေမယ့် ဦးရွှေမန်းလုပ်သလို လုပ်နိုင်မယ့် တခြားသူ တယောက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလူဟာ စစ်အစိုးရမှာ ပါဖူးကောင်းပါဖူးမယ်။ ဝန်ကြီးလည်း ဖြစ်ချင်ဖြစ်ဖူးမယ်။ ဒါမှမဟုတ် လွှတ်တော်ထဲက မည်သူ့ကိုမဆို သမ္မတ အဖြစ်ရွေးချယ်လို့ ရပါတယ်။ တကယ်လို့ သူတို့ (NLD) ဘက်က အင်အားများနေမယ်ဆိုရင် ခင်ဗျား သိပါတယ်၊ အခြေခံဥပဒေအရ တိုင်းပြည်ရဲ့ သမ္မတ ရွေးချယ် တင်မြှောက်တဲ့နေရာမှာ ကာကွယ်ရေး ဦးစီးချုပ်က လက်မှတ်ထိုး အတည်ပြုပေးဖို့ မလိုပါဘူး။
(ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမယ်။)
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော အောင်ဇော်၏ Larry Diamond: ‘The USDP is Giving Itself an Electoral Handicap’ အင်တာဗျူးကို ဘာသာပြန်ဆိုသည်။
အင်တာဗျူးရုပ်သံ
အပိုင်း (၁) – https://www.youtube.com/watch?v=y5ju6wUeSCs
အပိုင်း (၂) – https://www.youtube.com/watch?v=nMrAuth3n18
အပိုင်း (၃) – https://www.youtube.com/watch?v=GRlLqAD6mc8