ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ကြား သြဂုတ်လအတွင်း တိုက်ပွဲများဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ၍ စစ်ဘေးရှောင် ဒုက္ခသည်များ စားနပ်ရိက္ခာ ပြတ်လပ် မည့် အရေးနှင့် ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ် ဂျာရာယန်၊ အင်ထန်းဇွပ်ကျေးရွာ အနီးရှိ တောတောင် များထဲတွင် စစ်ဘေးရှောင် ဒုက္ခသည် ၁၄၀၀ ကျော် ခိုလှုံနေရကြောင်း၊ လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ဒုက္ခသည်များ နေထိုင်သည့် စခန်းနှင့် နီးကပ်နေသဖြင့် လုံခြုံရေး လည်း စိတ်မချရကြောင်း ကချင် နှစ်ခြင်းအသင်းတော် အဖွဲ့ချုပ်(KBC)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဆမ်ဆွန်က ဧရာဝတီသို့ ပြောသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကချင်နှစ်ခြင်း အသင်းတော်(KBC)မှ အသင်းတော် ဆရာ ဘန်အောင်ကလည်း“အခုထိတော့ စားနပ် ရိက္ခာပို့ဖို့က သွားလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒုက္ခသည်တွေ လုံခြုံရေးက အရမ်းစိုးရိမ် နေရတယ်။ အဆက်အသွယ်ကလည်း ခက်ခဲ နေတယ်လေ။ တိုက်ပွဲကလည်း အနီးမှာ ဖြစ်နေတယ်။ ရိက္ခာတွေ ပို့နိုင်ဖို့ လမ်းစရှာနေပါတယ်”ဟု ပြောဆိုသည်။
ဒုက္ခသည် ၁၄၀၀ ကျော်သည် ဇွန်လမှစတင်ပြီး ဇူလိုင်လ ၁၈ ရက်အထိ တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်နေရသည့် သူများဖြစ်ပြီး လက်ရှိ ဒုက္ခသည် စခန်းအနီး၌ သြဂုတ် ၂၄ ရက် နှင့် ၂၅ ရက်တွင် တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
KBC မှ ဦးဆမ်ဆွန်က“တိုက်ပွဲတွေက ဆက်ဖြစ်တော့ ဒုက္ခသည်တွေအတွက် လုံခြုံရေးက အရမ်း စိုးရိမ်နေရတယ်။ အဲဒီဒုက္ခသည် တွေအတွက် ကျနော်တို့ ရိက္ခာပို့ဖို့ကလည်း ခက်ခဲနေတယ်။ အရင်တခါက ကျနော်တို့ ကွင်းရှောင်လမ်းကနေ သွားပို့ရတယ်။ အန္တရာယ် တော့ ရှိတာပေါ့”ဟု ဆိုသည်။
ဒုက္ခသည်များ ထောက်ပံ့ရေး ကူညီနိုင်ရန်အတွက် ကုန်းလမ်းမှ အခက်အခဲဖြစ်နေ၍ မလိခ မြစ် ရေကြောင်းလမ်း ဖွင့်ပေးရန် အစိုးရ ကို တောင်းဆိုထားကြောင်း၊ ဒုက္ခသည်များအတွက် စားဝတ်နေရေးများစွာ လိုအပ်နေသည်ဟုလည်း သိရသည်။
ထို့ပြင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည် ကလေးများ စာပေသင်ကြားခွင့်မရသေး ကြောင်း KBC အသင်းတော် ဆရာများက ပြောသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် စားနပ်ရိက္ခာ ထောက်ပံ့မှု လျှော့ချသွားမည်ဟုလည်း ဇူလိုင် ၂၅ ရက်နေ့က ထုတ်ပြန်ထား သည်။
လက်ရှိ အစိုးရလက်ထက်တွင် တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၁ သိန်းကျော်သည် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။