ထိုင်းနိုင်ငံ တောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ မြန်မာများအတွက် စကားပြန်လုပ်ပေးရန် ထိုင်း-မြန်မာ ဘာသာစကား ကျွမ်းကျင်သူ မြန်မာနိုင်ငံသားတဦး အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
တရားခံပြ သက်သေများအား စက်တင်ဘာ လဆန်းတွင် စတင် စစ်ဆေးမည်ဖြစ်ရာ စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ဘက်မှ စကားပြန် လုပ်ပေးမည့် သူသည် ထိုင်း-မြန်မာ ဘာသာစကား ကျွမ်းကျင်သည့် ဘွဲ့ရ ပညာတတ်တဦး ဖြစ်ပါက ပိုမိုကောင်းမွန်မည်ဟု ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့က အကြံပေးကြောင်း၊ မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ကျနော်တို့ဘက်က အခြေအနေ ကောင်းနေပြီလို့ ထိုင်းရှေ့နေကြီးတွေက ပြောပါတယ်၊ တရားခံဘက်ကို စတင် စစ်တော့မယ်ဆိုတော့ ဘာသာပြန်ပေးမယ့်သူတဦး အရေးတကြီးလို အပ်နေတယ်၊ သံရုံးကိုလည်း တင်ပြထားပါတယ်” ဟု ဆိုသည်။
လိပ်ကျွန်း လူသတ်မှုသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေကြောင်း၊ ဘာသာပြန်ဆိုပေးရာတွင်လည်း အမှုကိစ္စကို သေချာစွာ ပြောဆိုရန် မလိုကြောင်း၊ မြန်မာနိုင်ငံ၌ရှိသည့် တိုင်းရင်းသား လူမျိုးကြီး ၈ ခု အပါ အဝင် လူမျိုးစု ၁၃၅ မျိုးရှိကာ တခုနှင့်တခုအကြား ဘာသာစကား ပြောဆိုမှု ကွဲပြားကြသည်တို့ကိုသာ ရှင်းပြရန် ဖြစ်ကြောင်း ဦးအောင်မျိုးသန့်က ရှင်းပြသည်။
ယနေ့အထိ တရားလိုပြသက်သေ ၃၅ ဦးက ထွက်ဆိုပြီး ဖြစ်ကာ အမှုနှင့်ပတ်သက်၍ ဒုတိယ တာဝန် အရှိဆုံးဖြစ်သည့် အမှုစစ် ရဲမှူးကြီးကို သြဂုတ်လ ၂၇ ရက်နေ့က စစ်ဆေးခဲ့ကြောင်း၊ ထိုရဲမှူးကြီး၏ ထွက်ဆိုမှုများတွင်လည်း ကွဲပြားမှု အများအပြား ရှိကြောင်း သိရသည်။
တရားလိုပြ သက်သေ ၆၅ ဦး တင်ပြထားသော်လည်း တချို့အား ပယ်ဖျက်သွားမည် ဖြစ်ပြီး၊ စွပ်စွဲခံများဘက်က သက်သေ ၃၀ ကျော်အား စက်တင်ဘာလဆန်းတွင် စစ်ဆေး၍ ထိုလ၌ပင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ကော့စမွေ ခရိုင် တရားရုံးက ပြောဆိုထားသည်။
တရားလိုပြ သက်သေ ၃၅ ဦး အထိ ထွက်ဆိုပြီးသော်လည်း ခိုင်မာသည့် သက်သေ အထောက်အထား မတွေ့ရသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဗြိတိသျှ အမျိုးသမီး ဟန်နာ ဝစ်သာရစ်ချ် သေဆုံးပြီးချိန်တွင် ၎င်း၏မျက်နှာပေါ်၌ အစိမ်းနုရောင်ပုဝါ ဖုံးအုပ် ထားသော်လည်း၊ နောက်ပိုင်းတွင် ထိုပုဝါ ပျောက်ဆုံးသွားကြောင်း၊ ထိုပုဝါ၏ အရောင်သည် ကျွန်းသူကြီး၏ ညီဖြစ်သူ ပိုင်ဆိုင်သည့် တည်းခိုခန်း၌ အသုံးပြုသည့် ပုဝါများ အရောင်နှင့် တထပ်တည်း ဖြစ်နေသည်ဟု မှတ်တမ်းများ၌ ပါရှိကြောင်း၊ ထိုအချက်ကို စွပ်စွဲခံရသူများဘက်မှ ရှေ့နေကြီးများက ပြန်လှန် မေးခွန်းထုတ်ခဲ့ကြသော်လည်း တိကျစွာ ဖြေဆိုနိုင်မှု မရှိကြဟု သိရသည်။
ထို့အတူ အမှုတွဲပါ အချက်များ၌ ပြင်ဆင်ထားချက် တချို့တွေ့ရ၍ ရှေ့နေများက ထောက်ပြ မေးခွန်းထုတ်ရာ အမှုစစ် ရဲမှူးကြီးက ငြင်းဆိုကြောင်း၊ သေဆုံးသူ အမျိုးသမီး၏ မိုဘိုင်းလ်ဖုန်းကို သိမ်းဆည်းချိန်ကလည်း ဓာတ်ပုံ မှတ်တမ်းထားခြင်း မရှိဟု သိရသည်။ ယင်းအချက်သည် ကြီးမားသည့် အာနည်းချက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သေဒဏ် ချမှတ်နိုင်သည့် အမှုမျိုး၌ သက်သေ အထောက်အထားများသည် အလွန်ပင် အရေးပါကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
လိပ်ကျွန်း လူသတ်မှုအား ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ ရှေ့နေကြီးများက လိုက်ပါ ဆောင်ရွက်ပေး နေကြပြီး ထိုင်းမှုခင်း ဆရာဝန်မကြီး ဒေါက်တာ ဖွန်ထစ်ကလည်း စွပ်စွဲခံရသူများဘက်က စင်တင်ဘာလ ၁၁ ရက်နေ့တွင် သက်သေ ထွက်ဆိုပေးမည် ဖြစ်သည်။ လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သည်။