ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ-ကျောက်မဲ ပြည်ထောင်စုလမ်းပေါ်ရှိ ချောင်းချောက်ကျေးရွာ အနီးတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ပေးပို့နေသည့် ရွှေသဘာဝ ဓာတ်ငွေ့ (ဂက်စ်) ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။
တရုတ်အစိုးရပိုင် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ပိုင်ဆိုင်သည့် ယင်းဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုသည် သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းချောက် ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးနန္ဒောဘာသက ဧရာဝတီသို့ မိန့်သည်။
ဓာတ်ငွေ့ ယိုစိမ့်သည့်နေရာမှာ ချောင်းချောက်ကျေးရွာနှင့် တမိုင်ခန့်သာဝေး၍ အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ဒေသခံများ၏ ကျန်းမာရေးမှာ စိုးရိမ်ရသည်ဟုလည်း ဆိုသည်။
ဦးနန္ဒောဘာသက “ဦးပဉ္စင်းတို့ အဲဒီနေရာကို မနေ့ည ၁၀ နာရီလောက်က ရောက်တယ်။ အဲဒီနားရောက်တော့ အနံ့က တော်တော်နံ့တယ်။ မျက်ရည်တွေလည်း ကျတယ်။ အာတွေလည်း ခြောက်လာတယ်။ အန်ချင်သလိုလို ဖြစ်လာတယ်။ ရွာဘက်ကိုတော့ လေတချက်တချက် တိုက်ရင် နံတဲ့အနံ့က ရပါတယ်” ဟု မိန့်သည်။
ယင်းသို့ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် စစ်ဆေးမှုများ ပြုလုပ် နေကြကြောင်း၊ သြဂုတ်လ ၂၇ ရက်နေ့က ညပိုင်းကလည်း ယင်းပိုက်လိုင်းကုမ္ပဏီမှ တရုတ် နိုင်ငံသားများ လာရောက် ကြည့်ရှုခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း၊ ယင်းနေရာကို မီးသတ်များက ရေဖြင့် ပက်ဖျန်း၍ မြေကြီးဖြင့် ပြန်လည်ဖို့သွားကြောင်း ချောင်းခြောက် ဒေသခံများက ပြောသည်။
ချောင်းချောက် ဒေသခံ ဦးစိုင်းထွန်းရွှေက “ဒီလို အနံ့ဆိုးက တခါမှ မနံဖူးဘူး။ ဒါပထမဆုံးပဲ။ ဓာတ်ငွေ့ ပိုက်လိုင်း ပေါ်လာပြီးမှ ဖြစ်လာတာ။ ကျနော်ကတော့ ပိုက်လိုင်းတခုခု ဖြစ်နေတယ်လို့ ထင်ပါတယ်။ အဲဒီနေရာမှာ အကြာကြီး ရပ်လို့ မရဘူး။ မျက်စိတွေ စပ်တယ်။ ဘေးပတ်ဝန်းကျင် တောနေကြာပင်တွေ လောင်သွားတာ တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုသည် နာရီပေါင်းများစွာ ကြာမြင့်လာသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပွားနေကြောင်း၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်ပြီး ဒေသခံများကို ပညာပေးမှုများ ပြုလုပ်သင့်ကြောင်း ဦးစိုင်းထွန်းရွှေက ပြောသည်။
ချောင်းချောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်လှက “အခု အနံ့တွေ ပိုနံလာတယ်။ သက်ဆိုင်ရာက ဓာတု ပညာရှင်တွေ ခေါ်ပြီးစစ်ဆေးမယ်လို့ ပြောပါတယ်။ တရုတ်ကုမ္ပဏီကတော့ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံပြည်သူများ အန္တရာယ် ကင်းရှင်းရန်အတွက် တာဝန်ရှိသူ ပိုက်လိုင်းကုမ္ပဏီနှင့် ဓာတုပညာရှင်များ အမြန် လာရောက် စစ်ဆေးပေးသင့်ကြောင်း ဦးစိုင်းလှကျော်က ပြောသည်။
တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ မန္တလေးမြို့ အခြေစိုက်ရုံးခွဲမှ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ဌာန တာဝန်ရှိသူက “ ဒီကိစ္စက ကျနော်တို့ ပိုက်လိုင်းကို သွားစစ်ဆေးပြီးပါပြီ။ ကျနော်တို့ ပိုက်လိုင်းနဲ့ မဆိုင်ပါဘူး။ လမ်းသွားလမ်းလာ ဓာတုပစ္စည်း သယ်တဲ့ကား ဆေးရည်တွေ ယိုတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်မြောင်း ကျေးရွာအနီး၌ ၂၀၁၃ ခုနစ် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့ ယိုစိမ့်မှုတခု ဖြစ်ပွားခဲ့ဖူးသည်။
ယင်းဓာတ်ငွေ့ပိုက်လိုင်းသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းတခု ဖြစ်ပြီး ရခိုင်ပြည်နယ်မှ တဆင့် မကွေးတိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်သွားသည့် စီမံကိန်းတခု ဖြစ်သည်။