မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ကျဆင်းခဲ့သည့်အတွက် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာကို ရွှံနွံများ ဖုံးလွှမ်းခဲ့ပြီး လူ ၂၀ ခန့် ပျောက်ဆုံးနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
“တွန်းဇံမြို့နယ်ထဲက တွီးခိန်ဇန်ရွာနဲ့ ဟားခါးလေး ကျေးရွာမှာ ဖြစ်သွားတာပါ။ ကျနော်တို့ နောက်ဆုံးရတဲ့ သတင်းအရတော့ လူ ၂၀ လောက်က ရွှံ့နွံအောက်မှာ ရောက်နေတယ်။ အိမ် ၁၈၀ လောက်ကလည်း
ရွှံ့နွံတွေ ဖုံးသွားတယ်” ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများသည် အသက်ဘေးမှ လွတ်ကင်းရန် သစ်ပင်များပေါ်သို့ တက်ရောက် ရှောင်တိမ်းခဲ့ရကြောင်း သိရသည်။ ကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက်
တွန်းဇံမြို့သို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ပူးဟုန်ငိုင်းနှင့် လျှပ်စစ်ဝန်ကြီး ပူးကျင်လျန်းပေါင်တို့ သွားရောက်နေကြောင်း
အစိုးရအဖွဲ့က ပြောသည်။
သြဂုတ်လ လဆန်းပိုင်းတွင်လည်း တွန်းဇံမြို့နယ် နားလ်ဇန်ကျေးရွာရှိ နေအိမ်အများစုမှာ တောင်ကျရေကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံမိသားစုများမှာ နီးစပ်ရာ ကျေးရွာများသို့ သွားရောက်နေထိုင်ခဲ့ရသည်။