ကာဂါလို့ အမည်ပေးထားတဲ့ ဂျပန်ရေတပ် ဒုတိယမြောက် အီဇူမို အမျိုးအစား ရဟတ်ယာဉ် တင်သင်္ဘောကို ယိုကိုဟာမားဆိပ်ကမ်းမှာ ကြာသာပတေးနေ့က အခမ်းအနားပြုလုပ်ကာရေချ ခဲ့ပါတယ်။
ဒီရဟတ်ယာဉ်တင် သင်္ဘောဟာ တန်ချိန် ၂၄၀၀၀ ရှိပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက ပုလဲ ဆိပ်ကမ်းတိုက်ခိုက်ရာမှာ ပါဝင်ကာ နာမည်ကျော် မစ်ဒ်ဝေး ရေကြောင်းတိုက်ပွဲမှာ နစ်မြုပ်ခံရတဲ့ ဂျပန်ဘုရင့်ရေတပ်မတော်မှ လေယာဉ်တင်သဘောၤ ကာဂါနဲ့ အမည်တူပါတယ်။
ဂျပန်ရေတပ်မှာ ရဟတ်ယာဉ်တင် သဘောၤ ၂စီးရှိပြီး ဒီသင်္ဘောတွေကို ရေငုတ်သင်္ဘော တိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ရင် လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းတွေနဲ့ ဒေသတွင်းပြိုင်ဘက်တွေကတော့ ဒီသင်္ဘောတွေရဲ့ ကုန်းပတ်နဲ့ အရွယ်အစား ကို ကြည့်ပြီး လိုအပ်ရင် တိုက်ခိုက်ရေး သင်္ဘောတွေအဖြစ် ပြောင်းလဲအသုံးပြုနိုင်တယ်လို့ ယူဆပါတယ်။
ဒီသင်္ဘောတွေဟာ မစ်ဆူဘီရှီကုမ္ပဏီလုပ် SH- 60k ASW အမျိုးအစား ရဟတ်ယာဉ် ၇စီး၊ Agusta Westland ကုမ္ပဏီလုပ် MCM – 101 အမျိုးအစား ရဟတ်ယာဉ် ၇စီး တင်ဆောင်နိုင်ပြီး၊ အမေရိကန် လုပ် MV -22 အမျိုးအစား ရဟတ်ယာဉ်များနဲ့ ပြေးလမ်းတို မှာ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင် တဲ့ လော့ခ်ဟိဒ် မာတင်ကုမ္ပဏီ ထုတ် F- 35 တွေနဲ့ လည်း ပူးတွဲတာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုကြပေမယ့် ဂျပန်အာဏာပိုင်တွေကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
ရုရှာ- တရုတ် ရေတပ်သင်္ဘောအုပ်စုတွေဟာ ဂရိတ်ပီတာ ပင်လယ်အော်နဲ့ ဂျပန်ပင်လယ်ပြင်မှာ Sea Cooperation – 2015 II အမည်ပေးကာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ ၂၀ ရက်နေ့မှ ယနေ့အထိ ၈ ရက်ကြာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။