ဒေါ်အောင်ဆန်းစုကြည်က လာမည့် အထွေထွေရွေးကောက်ပွဲသည် လွှတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့လျင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရန် ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် နိုင်ငံတဝှမ်းတွင် ဒီမိုကရေစီသို့ သွားနေသည့် လုပ်ငန်းစဉ်များအား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် ၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDသည် နေရာအများစုတွင် အနိုင်ရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရာစုနှစ်ဝက်နီးပါး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့သည့် နိုင်ငံတွင် ၁၉၉၀ ပြည့် နောက်ပိုင်း ၂၅ နှစ်ကြာမှ NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်း မပေးခဲ့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဟု အကြောင်းပြကာ အချိန်ဆွဲလာခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အများဆုံးနှင့် အနိုင်ရမည်ဟု ယုံကြည်ပါသလားဟု မေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က “ယုံကြည်ပါတယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင်ပေါ့”ဟု AFP သတင်းဌာနကို ပြန်လည်ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာသောအခါ လူအများကလည်း ခေတ်သစ်သမိုင်းတွင် လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာရန် မျှော်လင့်နေကြသည်။
သို့သော် နှစ်ပေါင်းများစွာကြာအောင် အာဏာကို ချုပ်ကိုင်ထားသော စစ်ဗိုလ်ချုပ်ဟောင်းများအနေဖြင့် အာဏာကို လက်မလွှတ်ချင်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ လုပ်ခဲ့သလို ယခု နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်မည်ကို လူအများက စိုးရိမ်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မှန်ကန်မှုမရှိမှာ စိုးရိမ်ကြောင်း၊ အချိန်အတော်ကြာ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေခဲ့သည့်နိုင်ငံဖြစ်သောကြောင့် ဒီမိုကရေစီလမ်းကြောင်းနှင့် အလှမ်းဝေးမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်သူများကို စောင့်ကြည့်လေ့လာခွင့်ပေးနေပြီး မကြာသေးမီက ဥရောပသမဂ္ဂနှင့် နားလည်မှုစာချွန်လွှာတခုကို လက်မှတ်ရေးထိုးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် မိသားစုဘဝကို စွန့်လွှတ်ခဲ့သလို ပညာဉာဏ်ကြီးပြီး ဩဇာရှိသောကြောင့် လူအများ၏ လေးစားမှုကိုလည်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံပါတီသည် ၂၀၁၁ ခုနှစ် အရပ်သားတပိုင်းအစိုးရတက်လာပြီးနောက် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရကာ လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့သည်။
သို့သော် မြန်မာအာဏာသိမ်းအစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူ့ကို သမ္မတဖြစ်ရန် တားဆီးခဲ့သည်။ မကြာသေးမီက အဆိုပါဥပဒေကို ပြင်ဆင်ရန်ကြိုးစားခဲ့သော်လည်း စစ်တပ်နှင့် ၎င်း၏ မဟာမိတ်များက ပြင်ဆင်ချက်ကို ပယ်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီးများ၏ အကူအညီဖြင့် ဘာသာရေးအား ခုတုံးလုပ် အသုံးချမည်ကို စိုးရိမ်ကြောင်း ပြောခဲ့သည်။
NLD ကပြုလုပ်သည့် ဘာသာရေးအခမ်းအနားများတွင် နိုင်ငံရေးပြိုင်ဘက်များမှ လာရောက်တိုက်ခိုက်ခြင်း ကိစ္စ ၂ ရပ်အား ရွေးကောက်ပွဲ ကော်မတီသို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ပါ။
“ဘယ်သူကမှ အရေးယူမခံခဲ့ရပါဘူး။ လိမ်လည်မှုတွေ မမှန်မကန်ပြုလုပ်မှုတွေကို ကျမတို့စိုးရိမ်ပါတယ်။ ဟုတ်ပါတယ် အရမ်းစိုးရိမ်ကြပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က AFP ကို ပြောသည်။
သို့သော် NLD သည် တနိုင်ငံလုံးရှိ ပါတီဝင်ပေါင်း တထောင်ကျော်အား ရွေးကောက်ပွဲဝင်ရန် တာဆူလျက်ရှိပြီး မဲဆွယ်စည်းရုံးရေးကာလ ရောက်သည်နှင့် မဲဆန္ဒရှင်များအား စည်းရုံးမဲဆွယ်ရန် အဆင်သင့်ပြင်နေပြီဖြစ်သည်။
ယခုလအစောပိုင်းတွင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်သည် အင်အားသုံး၍ ဦးရွေမန်းအား ပါတီဥက္ကဌနေရာမှ ဖယ်ရှားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဦးရွှေမန်းနှင့် ရင်းနှီးသော ဆက်ဆံမှုရှိသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရိုက်ခတ်လာခဲ့သည်။
“ကျမတို့အနေနဲ့ ဒီမိုကရေစီနည်းလမ်းအတိုင်း လုပ်ရမယ့် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် အတွင်းက ဖြစ်ရပ်ကိုကြည့်ရင် ကျမတို့ သိပ်ခရီးမရောက်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က အင်အားသုံး၍ ဆောင်ရွက်ခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
ဦးရွှေမန်းအား NLD ပါတီ၏ သမ္မတလောင်း ဖြစ်လာနိုင်ကြောင်း အချို့က ထင်မြင်ကြသည်။
NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာကိုဆက်ခံနိုင်သူ နည်းပါးသောကြောင့် နိုင်ငံရေး မသေချာမှုများ ဖြစ်လာမည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်ခဲ့ကြသည်။ အထူးသဖြင့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်မှ သမ္မတကို ရွေးချယ်မည့် အချိန်တွင် ဖြစ်သည်။
ယခုနှစ်တွင် အသက် ၇၀ ပြည့်ခဲ့ပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲပြီးလျင်ပြီးချင်း NLD ပါတီ၏ သမ္မတလောင်းကို ထုတ်ဖော်ကြေငြာမည်ဖြစ်ပြီး အဆိုပါသမ္မတလောင်းသည်လည်း ပါတီအတွင်းမှ ရွေးချယ်မည်ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။