လူသားအခွင့်အရေး၊ တန်တူညီမျှမှုနှင့် ဒီမိုကရေစီ အရာ၌ ကမ္ဘာ့ထိပ်ဆုံးနိုင်ငံ တနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံတွင် ၁၉၁၈ မတိုင်မီက အမျိုးသမီးများ မဲပေးပိုင်ခွင့် မရှိခဲ့ကြပါ။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမျိုးသမီးနှင့် အမျိုးသား စွမ်းရည်ခြင်း မတူညီကြဟု ထိုစဉ်ကယူဆခဲ့ကြ၏။ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမျိုးသားတို့က ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဦးစားပေး တွေးဆဆုံးဖြတ်ကြပြီး အမျိုးသမီးများကမူ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ခံစားမှုကို ပို၍အလေးထားကာ ဆုံးဖြတ်တတ်ကြ သည်ဟု ဆိုကြလေသည်။ ထိုအယူအဆအရ အမျိုးသမီးများသည် ခံစားချက်ကို ဦးစားပေး တတ်သူများဖြစ်ရာ ပါးနပ်သော နိုင်ငံရေးသမားသည် ခံစားမှုကို နှိုးဆွကာ အမျိုးသမီးများဆီမှ ဆန္ဒမဲများ လိမ်ညာယူသွားမည်၊ ထိုမဲများသည် လွတ်လပ်သော ဒီမိုကရေစီအရေး၊ အမျိုးသားရေးတို့ကို ဆုံးရှုံးမှုဖြစ်စေနိုင်သည်ဟု စိုးရိမ်ကြောင့်ကြ ခဲ့ကြလေသည်။
ဤအယူအဆကို ဆွီဒင်၊ ဖင်လန်နှင့် အမေရိကန်အနောက်ဘက်ပိုင်း ပြည်နယ်တချို့ကလွဲ၍ တကမ္ဘာလုံးနီးပါး လက်ခံယူဆခဲ့ကြသဖြင့် ထိုခေတ်ထိုအချိန်က ကျားမ တန်းတူရေး အယူအဆ အားကောင်းသော ထိုဆွီဒင်အစရှိသည့် နိုင်ငံတချို့က လွဲလျှင် တကမ္ဘာလုံးနီးပါးတွင် အမျိုးသမီးများ မဲပေးခွင့် မရရှိခဲ့ကြပါ။
ကျားမ တန်တူရေးဝါဒီများကမူ ထိုအယူအဆသည် စိုက်ပျိုးရေးကို အခြေခံသော ခေတ်ဟောင်း ကမ္ဘာဟောင်းမှ လူအဖွဲ့အစည်းအတွက် မှန်ကောင်းမှန်မည် ဖြစ်သော်လည်း သိပ္ပံပညာဖြင် သစ်လွင်နေသော ကမ္ဘာကြီးနှင့် မအပ်စပ်တော့ ဟု ဆိုကြ၏။ ယေဘုယျအားဖြင့် အမျိုးနွယ်တူ အမျိုးသမီးထက် အမျိုးသားက ၅ လက်မခန့် ပိုမြင့်က ၁၅ ရာခိုင်နှုန်း ခန့် ပိုမိုထွားကြိုင်းကြသည်။ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ သာလွန်မှုက ကိုယ်ကာယကို အားပြုရသော ခေတ်ဟောင်း လူနေမှု စနစ်တွင် အမျိုးသားတို့ကို လူ့အဖွဲ့အစည်း၏ ဦးဆောင်သူများဖြစ်စေ၍ အမျိုးသမီးတို့ကို နောက်လိုက်များ သို့မဟုတ် အမျိုးသားတို့၏ ဆုံးဖြတ်ချက်ကို လိုက်နာရသူများ အဖြစ်သို့ ရောက်ရှိစေကာ အမျိုးသမီးတို့ ထိတွေ့ရသော ပတ်ဝန်းကျင်သည် အမျိုးသားများ ထိတွေ့ရသော ပတ်ဝန်းကျင်ထက် ကျဉ်းမြောင်းခဲ့ရ သော်လည်း သိပ္ပံပညာကြောင့် ရုပ်ကာယကို အားကိုးစရာ မလိုတော့သည့် ခေတ်သစ် လူအဖွဲ့အစည်းတွင်မူ ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်သည် အဓိက မကျတော့။ အမျိုးသမီးများသည်လည်း အမျိုးသားများကဲ့သို့ ကဏ္ဍအသီးသီးတွင် တန်းတူရည်တူ ဦးဆောင်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ထိတွေ့ရသော ပတ်ဝန်းကျင် နယ်ပယ်သည်လည်း အမျိုးသားနှင့် တန်းတူဖြစ်လာသည်။ ထို့ကြောင့် အမျိုးသမီးများ၏ ဆုံးဖြတ်ချက်စွမ်းရည်သည် ခေတ်ဟောင်း လူ့အဖွဲ့စည်းတုန်းကကဲ့သို့ ကျဉ်းမြောင်းမနေတော့။ ခံစားချက်ထက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဆုံးဖြတ်နိုင်လေပြီဟု သူတို့က ထောက်ပြကြသည်။
ကျားမတန်းတူရေး ဝါဒီတို့၏ စွန့်လွှတ်မှု အမျိုးမျိုးနှင့် ရှည်ကြာစွာ တိုက်ပွဲဝင်မှုနှင့်အတူ ၁၉၁၈ တွင် ဗြိတိန်နိုင်ငံ၌ အမျိုးသမီးများ ပထမဆုံး မဲပေးခွင့် ရရှိခဲ့ကြသည်။ သို့သော် အမျိုးသမီးများသည် အမျိုးသားများလောက် မရင့်ကျက်ကြ၊ ခံစားမှုကို ဦးစားပေးတတ်ကြသည် ဟူသော အယူအဆက ကွယ်ပျောက်မသွားသေး။ အမျိုးသမီးများ မဲပေးခွင့် ရကြသော်လည်း အမျိုးသားများနှင့် တန်းတူကား မဟုတ်၊ အသက် ၃၀ ပြည့်မှသာ မဲပေးခွင့် ရကြသည်၊ အမျိုးသား များမှာမူ ၂၁ နှစ် ပြည့်သည်နှင့် မဲပေးခွင့်ပြုထားသည် ဖြစ်ရာ အမျိုးသားများသည် အမျိုးသမီးများထက် ၉ နှစ်ပို၍ ရင့်ကျက်ကြသည် ဟူသော သဘောဆောင်နေ၏။ ကျား-မ တန်းတူရေး ဝါဒီများ ဆက်လက်တိုက်ပွဲ ဝင်ကြရာ ဗြိတိန်နိုင်တွင် ၁၉၂၈ ၌ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အသက် ၂၁ နှစ် ပြည့်သည်နှင့် မဲပေးခွင့် ရရှိခဲ့ကြလေသည်။
သို့သော် ၁၉၂၅ တွင် ခေတ်သစ်စိတ်ပညာ ဖခင်ကြီး ဒေါက်တာဆစ်ဂမန်းဖရွိုက်က သူ၏ လေ့လာ စမ်းသပ်ချက်များအရ အမျိုးသမီးများသည် ယေဘုယျအားဖြင့် အမျိုးသားများထက် ခံစားချက်ကို ပို၍အလေးပေးကာ ဆုံးဖြတ်တတ်ကြသည်ဟု ထုတ်ပြန် ကြေညာလေ၏။ မြန်မာဖိုဝါဒီများကမူ လွန်လွန်ကဲကဲ “အမျိုးသမီးများ နှာခေါင်းမရှိလျှင် …” ဟူ၍ အမျိုးသမီး များ၏ ဆုံးဖြတ်ချက်စွမ်းရည်ကို နှိမ်နှိမ်ချချ ချိုးချိုးဖဲ့ဖဲ့ ပြောတတ်ကြသည်။ ဖိုဝါဒီများ အားကောင်းသော အမျိုးသားရေး အဖွဲ့များ၏ မျိုးစောင့် ဥပဒေသည် ဤအယူအဆကို အခြေခံခြင်းဖြစ်သည်။ ကျားမ တန်းတူရေး ဝါဒီများကမူ ထိုအယူအဆ မမှန်ကန်ကြောင်း လေ့လာဆန်းစစ်ချက်များဖြင့် လက်တွေ့အကြိမ်ကြိမ် ပြခဲ့ကြသည်။ ဤသို့နှင့် အမျိုးသမီးများသည် ခံစားချက်ကို ပို အလေးပေးတတ်ကြသည် ဟူသော အယူအဆနှင့် ပတ်သက်၍ ယနေ့တိုင် အငြင်းပွားနေကြဆဲ …။
ထိုအယူအဆနှင့် ပတ်သက်သော ဟောလီဝုဒ် ရုပ်ရုပ်ဇာတ်ကားလေး တကား ကြည့်လိုက်ရသည်၊ Gone Girl ဟူသောဇာတ်ကား။ Gone Girl ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာက ရုံတင်ခဲ့သည်။ ရိုက်ကူးစဉ် အမေရိကန်ဒေါ်လာ ၆၁ သန်း ကုန်ကျခဲ့သော လျှို့ဝှက်သည်းဖို ထိုအမေရိကန် ရုပ်ရှင်ကားသည် ဝင်ငွေ သန်းပေါင်း ၃၆၈ သန်းရသည်အထိ လူကြိုက်များ အောင်မြင်ခဲ့လေသည်။
နစ်ခ်ဒန်နီသည် နံနက်စောစော အပြင်သွားရာမှ အိမ်ပြန်လာ၏။ ထိုနေ့သည် သူနှင့်သူ့ဇနီးသည် အမ်မီအိလိယက် ဒန်နီ တို့၏ ၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပြီး သူတို့၏ အနာဂတ် အိမ်ထောင်ရေးနှင့် ပတ်သက်သော သူ၏ ဆုံးဖြတ်ချက်တခုကို ဇနီးသည်အား ပြောပြရန် နစ်ခ်က ရည်ရွယ်ထားသည့် နေ့လည်းဖြစ်သည်။ သို့သော် နစ်ခ် အိမ်ပြန် ရောက်သောအခါ သူ့ဇနီသည် အမ်မီအား မတွေ့ရတော့။
နစ်ခ်နှင့် အမ်မီတို့သည် လက်ထပ်စက နယူးယောက်တွင် အခြေချခဲ့ သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က အမေရိကန် နိုင်ငံ၏ စီးပွားရေး နှေးကွေးလေးလံ ကျဆင်းမှု ကာလအတွင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရပြီးနောက် နစ်၏ မွေးရပ်ဇာတိ မစ်ဆူရီပြည်နယ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ဇာတိရပ်မြေ မဟုတ်သော နယူးယောက်မြို့သူ အမ်မီသည် ကိစ္စအကြီးအငယ် မရှိဘဲ အပြင်ထွက်လေ့ ထွက်ထမရှိလှ။ ထို့အပြင် ဧည့်ခန်းတွင်လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည့် လက္ခဏာများ တွေ့ရှိခဲ့ရာ နစ်ခ်တစ်ယောက် ဇနီးသည် ပျောက်ဆုံးမှု အကြောင်း ရဲစခန်းသို့ ဖုန်းဆက်ကာ အကြောင်းကြားခဲ့ လေသည်။
နစ်ခ်၏ အကြောင်းကြားမှုကြောင့် ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များက ဇနီးသည် ပျောက်ဆုံးနေသော်လည်း စိတ်လှုပ်ရှားမှုမရှိ၊ တည်ငြိမ်အေးဆေးလျှက် ရှိနေသော နစ်ခ်၏ အသွင်အပြင်ကို သဘောမကျလှ။ ငါးနှစ်အတူနေခဲ့သော ဇနီးသည်အကြောင်း နစ်ခ်တယောက် ဘာမှရေရေရာ မသိလှ ဇနီးသည် ကိုယ်ဝန်ဆောင်ထား သည်ကိုလည်း နစ်ခ်မသိ၊ ထိုအခြေအနေကြောင့် ရဲတပ်ဖွဲ့ဝင်များက အမ်မီပျောက်ဆုံးမှုကို နစ်ခ်လက်ချက်ဟု ယူဆလာကြသည်။ အမ်မီ၏ မိဘများထံ အကြောင်းကြား ပြီးပြီလားဟု မေးမှ အကြောင်းကြားရန် ပြင်ဆင်သော နစ်ခ်၏ အမူအရာကြောင့် ရဲများ နစ်ခ်အား သင်္ကာမကင်း ဖြစ်မှု ပိုမိုကြီးထွား လာခဲ့သည်။ နောက်ဆုံး ဇနီးသည်အား နစ်ခ်က နှိပ်စက်ကြောင်းနှင့် နစ်ခ်၏ ဖောက်ပြန်မှုများကြောင့် သူတို့၏ အိမ်ထောင်ရေး မသာယာမှု စသည်တို့ကို ရေးထားသော အမ်မီ၏ ဒိုင်ယာရီစာအုပ်နှင့် မီးဖိုခန်းတွင် အမ်မီ၏သွေးများကို ရဲတပ်ဖွဲ့က တွေ့ရှိသောအခါ နစ်ခ်အား ဇနီးသည်ကို သတ်မှုနှင့် တရားစွဲပါတော့သည်။ မစ်ဆူရီပြည်နယ်သည် အမေရိကန် ပြည်ထောင်စုအတွင်း သေဒဏ်စနစ်ကို လက်ခံနေသေးသော ပြည်နယ် ၁၉ ထဲမှ တခု ဖြစ်သောကြောင့် အကယ်၍ တရားသူကြီးက အမ်မီကို နစ်ခ်သတ်သည်ဟူသော စွတ်စွဲချက်ကို လက်ခံလျှင် နစ်ခ်တယောက် သေဒဏ်ခံရမည် ဖြစ်သည်။
နစ်ခ်က သူ့ဇနီးအမ်မီ မသေ၊ အိမ်မှထွက်သွားကာ သူ့ကိုအပြစ်ရစေရန် ကြံစည်ထားသည်ဟု ယူဆ၏၊ ထို့ကြောင့် အမ်မီကို ပြန်လာ၍ သူ့ထံအပြစ်မရှိကြောင်း ပြရန်ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်။ သို့နှင့် သူ၏ရှေ့နေ မှတဆင့် ရုပ်မြင်သံကြား အင်တာဗျူးလုပ်ရန် စီစဉ်လိုက်သည်။
အင်တာဗျူးတွင် နစ်ခ်က အမျိုးသမီးများသည် ခံစားချက်ကို အသားပေး တတ်ကြသည်ဟူသော စိတ်ပညာအယူအဆကို အသုံးပြုကာ အမ်မီကြွေသွားစေမည့် စကားလုံးများကို သေသေချာချာရွေးချယ်၍ အကောင်းဆုံး အမူအရာနှင့် ပြောလိုက်လေတော့သည်။
နစ်ခ်၏ တိုက်စစ်အောင်မြင်၍ တကယ်ပဲ အမ်မီအသက်မသေဘဲ ပြန်လာလေမလား …၊ စာရေးဆရာက သူ၏ဇာတ်ကို ပရိသတ်ရင်ထဲ မချင့်မရဲဖြစ်စေလျှက် အဆုံးသတ်ထားလေသည်။
ဘန်အက်ဖလက်ခ် နှင့် ရို့စမတ်ပိုက်တို့ ခေါင်းဆောင်ပါဝင်သော ထိုဇာတ်ကား၏ မူရင်းဝတ္တုသည်လည်း Gone Girl အမည်နှင့်ပင် ဖြစ်ပြီး အမျိုးသမီးစာရေးဆရာ ဂျီလီယမ်ဖရင်းက ၂၀၁၂ တွင် ရေးသား ထုတ်ဝေခဲ့သည်။ သမားရိုးကျ စိတ္တဗေဒ လျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိုးစားမှ ခွဲထွက်ကာ ခန့်မှန်း၍ မရနိုင်သော အလှည့်များနှင့် ဆွဲဆောင်မှု ကောင်းလှသဖြင့် အရောင်းရဆုံး စာအုပ်များ စာရင်းဝင် ဝတ္တုတအုပ်ဖြစ်ခဲ့သည်။