ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်က ကမ္ဘာကြီးကို တသားတည်း ဖြစ်လာစေရန် ဖန်တီးနေချိန် တပြိုင်နက်တည်းမှာပင် တိုင်းရင်းသားလူမျိုးရေး အခြေခံ၍ ပေါ်ပေါက်လာသည့် ကွဲပြားခြားနားမှုများက ကမ္ဘာကြီးကို ကြောက်မက်ဖွယ် အန္တရာယ်ဆီသို့ တွန်းပို့နေပါသည်။ နိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးအချင်းချင်းအကြား ဖြစ်ပေါ်သည့် အကြမ်းဖက်မှုများက နိုင်ငံအချင်းချင်းအကြား အကြမ်းဖက် တိုက်ခိုက်မှုများထက် ပိုမို များပြားလာသည်ကို တွေ့ရပြီး ယင်းတိုင်းရင်းသားများ အကြား ပဋိပက္ခများက ရပ်တန့်ရန် ပိုမိုခက်ခဲသည်ကိုလည်း တွေ့ရသည်။ ၁၉၄၅ ခုနှစ် ကတည်းကစ၍ ကမ္ဘာပေါ်ရှိ စစ်ပွဲများ၏ တဝက်မှာ တိုင်းရင်းသားလူမျိုးများ အကြားရှိ စစ်ပွဲများဖြစ်ပြီး ထိုစစ်ပွဲများကြောင့် လူပေါင်း ၁၂ သန်းကျော် စစ်ဘေး ဒုက္ခသည်များ ဖြစ်သွားကာ လူပေါင်း ၁၁ သန်းကျော် အသက်ဆုံးရှုံးကြရသည်။
ထို့အပြင် ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားသော စစ်ပွဲများထက် လူအုပ်စု အချင်းချင်းအကြား ဖြစ်ပွားသော စစ်ပွဲများက ပိုမိုများပြားသည့်အလျောက် အရပ်သား အသက်ဆုံးရှုံးမှုမှာလည်း ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အရပ်သား သေဆုံးမှုမှာ သေဆုံးသူစုစုပေါင်း၏ တဝက်အောက်သာ ရှိခဲ့သော်လည်း ယနေ့ လူအုပ်စုအကြား စစ်ပွဲကြောင့် အသက်ဆုံးရှုံးရသူများတွင် အရပ်သား သေဆုံးမှုမှာ သုံးပုံ နှစ်ပုံခန့်အထိ မြင့်တက်လာသည်ကို တွေ့ရပါသည်။
နိုင်ငံများအနေဖြင့် တိုင်းရင်းသား ပဋိက္ခများ မဖြစ်အောင် မည်ကဲ့သို့ တားဆီးကာ ထိုတိုင်းရင်းသား အမျိုးမျိုး၏ လိုအပ်ချက်များကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။ ဤမေးခွန်းမှာ တိုင်းရင်းလူမျိုး ကွဲပြားမှုကြီးမားသော နိုင်ငံများ၊ အထူးသဖြင့် တိုင်းရင်းသားများမှာ နယ်နိမိတ် တခုချင်းအလိုက် စုစည်းနေသည့် နိုင်ငံများအတွက် အလွန်အရေးပါသော မေးခွန်းတခု ဖြစ်ပေလိမ့်မည်။ ထိုသို့ တိုင်းရင်းသားလူမျိုးများ နယ်နိမိတ် တခုချင်းစီတွင် သီးခြားစုစည်းနေခြင်းမှာ အမျိုးသားအဆင့် (တနိုင်ငံလုံးအဆင့်) ပါတီများအတွက် စိန်ခေါ်မှုတခု ဖြစ်နေရုံံသာမက နိုင်ငံတော်၏ လုံခြုံရေးအတွက် စိုးရိမ်စရာတခု ဖြစ်နေသည့်အပြင် နိုင်ငံတော်၏ နယ်နိမိတ်အတွက် အန္တရာယ်တခုသဖွယ် ဖြစ်နေလေ့ရှိပါသည်။
သို့ဖြစ်ပါ၍ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခြင်းဖြင့် ထိုကဲ့သို့ နယ်နိမိတ်အခြေပြု တိုင်းရင်းသားလူမျိုး ကွဲပြားခြားနားမှု ပြဿနာကို ပြေလည်စေပါသလား။ လေ့လာမှုအရ အံ့သြစရာ ကောင်းလောက်အောင်ပင် နိုင်ငံ တော်တော်များများက ယင်းပြဿနာများကို ဖြေရှင်းရန် ဖက်ဒရယ်စနစ်ကို အသုံးပြုလိုကြသည်ကို တွေ့ရသည်။ လွန်ခဲ့သော ၂၅ နှစ်အတွင်း စက်မှုထွန်းကားပြီး နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် နိုင်ငံ စုစုပေါင်း ၅ နိုင်ငံ (သြစတေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဆွစ်ဇာလန် နှင့် အမေရိကန်ု) မှ ၇ နိုင်ငံ ဖြစ်လာသည် (စပိန်နှင့် ဘယ်လဂျီယံ ထပ်တိုး)။ အီတလီနိုင်ငံကလည်း ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဆောင်းအကုန်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ပြီး ကော်စတာရီကာ နှင့် ယူနိုက်တက် ကင်းဒမ်းတို့တွင်လည်း ဖက်ဒရယ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
ထိုမျှသာမက ဖွံ့ဖြိုးစနိုင်ငံတို့တွင်လည်း ဖက်ဒရယ်စနစ်ကို တွင်တွင်ကျယ်ကျယ် ဆွေးနွေးလာကြပြီ ဖြစ်သည်။ အီသီယိုပီးယားနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အထက် လွှတ်တော်အမတ် စုစုပေါင်း ၂၄ ဦးအနက် ၂၂ ဦးက နိုင်ငံ၏ မူဝါဒများကို ဖက်ဒရယ် အစီအမံဖြင့် စတင် အကောင်အထည်ရန် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ အဗ္ဗဒူလာ ဝါဟစ်က ၁၉၉၉ ခုနှစ်တွင်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် စတင် တိုက်တွန်းခဲ့ပြီး ထိုဆွေးနွေးမှုမှာ ၎င်း၏သမ္မတ သက်တမ်းအပြီး နေက်ပိုင်းတွင်လည်း ဆက်လက် တည်ရှိနေ ခဲ့သည်။ တောင်အာဖရိက နိုင်ငံတွင် အတိုက်အခံပါတီမှ အာဏာရ ပါတီ African National Congress ကို အခြေခံဥပဒေတွင် ဖက်ဒရယ် အစီအမံများ ထည့်သွင်းရန်နှင့် ဒေသန္တရအစိုးရများကို လုပ်ပိုင်ခွင့် ပိုမိုအပ်နှင်းပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနှင့် အာဖကန်နစ္စတန် နိုင်ငံကဲသို့ တိုင်းရင်းမျိုးနွယ်စု ကွဲပြားမှုကြီးမားသော နိုင်ငံများတွင်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် အပြင်းအထန် တောင်းဆိုလာကြပြီ ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် ဖက်ဒရယ်စနစ် ကျင့်သုံးလျက်ရှိသော နိုင်ငံများတွင်မူ ၎င်းတို့၏ ဖက်ဒရယ် ယူနစ်များကို ထပ်မံ တိုးချဲ့နေကြသည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ အိန္ဒိယနိုင်ငံသည် ၎င်း၏ ဖက်ဒရယ်ယူနစ်ကို နောက်ထပ် ၉ ခုအထိ တိုးချဲ့ထားပြီးဖြစ်ရာ ယင်းယူနစ်အသစ်ထဲမှ ၃ ခုမှာ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလက အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ဖက်ဒရယ်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အငြင်းအခုံများမှာလည်း ဖက်ဒရယ်စနစ်ကို သဘောတူသော အုပ်စုများထံမှသာမက သဘောမတူညီသော အုပ်စုများကြောင့်လည်း ပို၍ ကျယ်ကျယ် လောင်လောင် ဖြစ်လာသည်။ ဖက်ဒရယ်စနစ်ဆိုသည့် ခေါင်းစီး ကိုယ်တိုင်ကပင်လျှင် အကြီးအကျယ် ဆွေးနွေးငြင်းခုံဖွယ်ရာပင် ဖြစ်သည်။ စပိန်နိုင်ငံ၏ ဘဂ် အကြမ်းဖက်လှုပ်ရှားမှုများ၊ ကက်ရှ်မီးယား အရေးနှင့် ယူဂိုဆလားဗီးယား ပြိုကွဲမှုများမှာ ဖက်ဒရယ်စနစ်က လက်တွေ့တွင် အကျိုးမရှိပုံကို ပြသနေသည့်အပြင် နိုင်ငံပြိုကွဲစေသည့် ကြီးမားသော အန္တရာယ်များကို ညွှန်ပြနေပါသည်။
ကွန်မြူနစ်အလွန် နိုင်ငံများ၏ ဥပမာများက ဖက်ဒရယ်စနစ်ကို လက်မခံသူများအဖို့ အကောင်းဆုံးသော သာဓကများပင် ဖြစ်သည်။ ဘလဲယား ဘန့်စ် ( Valerie Bunce) က ကွန်မြူနစ်အလွန် ဖက်ဒရယ် နိုင်ငံများတွင် အများသောအားဖြင့် အမျိုးသားရေး လှုပ်ရှားမှုနှင့် နိုင်ငံသစ်ထူထောင်ရေး လှုပ်ရှားမှုများကို အားပေးအားမြှောက်ဖြစ်စေသည့် အခြေခံ အုတ်မြစ်များ ပါဝင်နေသည့် ဖက်ဒရယ်စနစ်မျိုး တွေ့ရသည်ဟုဆို ပါသည်။ ထိုအခြေခံ အုတ်မြစ်များမှာ ဘာသာစကား အသိအမှတ်ပြု၊ အမျိုးသား အမှတ်လက္ခဏာဆောင် ပညာအတတ်အလွှာ ဖြစ်ထွန်းမှု၊ ဒေသခံ အထက်တန်းလွှာများ ဦးဆောင်သည့် ပင်မ အင်စတီကျူးရှင်းများ တည်ထောင်မှုနှင့် အမျိုးသား အကျိုးစီးပွားအလို့ငှာ သို့မဟုတ် တခြားသူများနှင့် ခွဲခြားလိုသည့် ရည်ရွယ်ချက်ရှိသည့် ဒေသဆိုင်ရာ ခေါင်းဆောင်များကို နိုင်ငံရေးနှင့် စီးပွားရေး လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း စသည်တို့ပင် ဖြစ်သည်။ ထို့အပြင် ဘလဲယား ဘန့်စ်က အရှေ့ဥရောပ ကွန်မြူနစ်အလွန် ဖက်ဒရယ်နိုင်ငံများ၏ နယ်နမိတ်ကို ခြိမ်းခြောက်နေသူများမှာ နယ်နိမိတ် တခုတည်းတွွင် စုစည်းနေသည့် တိုင်းရင်းသား လူနည်းစု အုပ်စုများသာဖြစ်သည်ဟု ဆိုပါသည်။ ဆက်လက်၍ သူမက အကယ်၍ အသစ်ပေါ်ထွန်းလာသော နိုင်ငံသစ်အနေဖြင့် လူမျိုးရေးအခြေခံ ဖက်ဒရယ်စနစ်ကို အမွေဆက်ခံ ရရှိထားပါက နိုင်ငံမှခွဲထွက်မည့် အလားအလာ ပိုမိုများပြားလေ့ရှိသည်ဟု ကောက်ချက်ချက်ပါသည်။
ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ အားသာချက်နှင့်အတူ အားနည်းချက်များပါ ရှိနေသဖြင့် ကျွနု်ပ်တို့ အနေဖြင့် လေ့လာဆန်းစစ်မှု ပြုလုပ်ရာတွင် ဟန်ချက်ညီ မျှတရန် လိုအပ်ပါသည်။ ထို့ကြောင့်ပင် ယူဂို အမိုရက်တီ (Ugo Amoretti) နှင့် ကျမတို့ နှစ်ယောက် အနေဖြင့် ၂၀၀၀ ပြည့်နှစ်တွင် ကွဲပြားခြားနားမှု ကြီးမားသော လူ့အဖွဲ့အစည်းများအတွင်း မှ ဖက်ဒရယ်စနစ်နှင့် တပြည်ထောင် စနစ်နှစ်ခု၏ ကောင်းကျိုးဆိုးကျိုးများကို လေ့လာရန် နိုင်ငံတကာ သုတေသန အဖွဲ့တဖွဲ့ကို တည်ထောင်ခဲ့သည်။ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲမှု အတွေ့အကြုံက ကျမကို လွှမ်းမိုးထားသည့် အလျောက် ဖက်ရယ်စနစ်သည် တိုင်းရင်းသား ပဋိပက္ခကို ပိုမိုအားကောင်းစေသည်ဟု လေ့လာတွေ့ရှိချက်များက ညွှန်ပြကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသည်။ သို့သော် ဖြစ်စဉ်တော်တော်များများကို လေ့လာဆန်းစစ်ရာ တွေ့ရှိချက်များအရ သုတေသီအားလုံးက ကောက်ချက်ဆွဲသည်မှာ ဖက်ဒရယ် အင်စတီကျူရှင်းများက တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာတွင် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု ဆိုပါသည်။
ဒီမိုကရေစီ အမြစ်တွယ် ခိုင်မာနေပြီဖြစ်သော ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါ နှင့် စပိန် နိုင်ငံတို့တွင် ဖက်ဒရယ်စနစ်က နယ်နမိတ်ဒေသ တခုတည်းတွင် စုစည်းနေသော တိုင်းရင်းသားများ၏ နိုင်ငံမှ ခွဲထွက်မည့်အန္တရာယ်ကို ကောင်းစွာ ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။ စက်မှုထွန်းကားပြီးသော နိုင်ငံများတွင်သာမက တခြားသော နိုင်ငံများတွင်လည်း ဖက်ဒရယ်စနစ်၏ ကောင်းကျိုးကို တွေ့ရပါသည်။ ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှု မြင့်မားပြီး ဒီမိုကရေစီ သမိုင်းအစဉ်အလာ ကြီးမားသည့် အိန္ဒိယနိုင်ငံ၊ အတွေ့အကြုံ နုနယ်သည့် မက္ကဆီကိုနိုင်ငံနှင့် အလယ်အလတ် သက်တမ်းရှိသည့် နိုင်ဂျီးရီးယား နိုင်ငံတို့တွင် ဖက်ဒရယ်စနစ် တည်ဆောက်ပုံ၏ အကျိုးကျေးဇူးကောင်းများကို တွေ့ရမည်ဖြစ်သည်။ ရုရှားကဲသို့သော အခြေခံဥပဒေတွင်လည်း တိတိကျကျ ဖော်ပြထားခြင်း မရှိသည့် လျော့တိလျော့လျဲ ဖက်ဒရယ်စနစ်မျိုးပင်လျှင် ဗဟိုနှင့် ပြည်နယ်များအကြား အပြန်အလှန် ဆက်ဆံရေးပုံစံ အမျိုးမျိုးကို တည်ဆောက်ထားနိုင်သဖြင့် ချေချင်းညာ ပြည်နယ်အရေးမှတပါး တခြားပြည်နယ်များ၏ ခွဲထွက်ရေးလှုပ်ရှားမှုကို ထိန်းသိမ်းနိုင်သည်ကို တွေ့ရပါသည်။
အထက်တွင် ဖော်ပြခဲ့သည့် ဥပမာများက အဲလ်ဖရက် စတီဖင် မီးမောင်းထိုးပြထားသည့် ဖက်ဒရယ်စနစ်၊ လူမျိုးစုံ အမျိုးသားရေးဝါဒနှင့် ဒီမိုကရေစီအကြား အဆက်အစပ်ကိုပို၍ ရှင်းရှင်းလင်းလင်း ဖြစ်လာစေသည်ကို တွေ့ရသည်။ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ စိန်ခေါ်မှုများ ရှိနေလင့်ကစား အဲလ်ဖရက် စတီဖင်က “ဘာသာစကားမျိုးစုံ၊ လူမျိုးစုံပါဝင်သည့် ခိုင်မာနေပြီဖြစ်သော ဒီမိုကရေစီ တိုင်းပြည်တိုင်းသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော တိုင်းပြည်များ ဖြစ်ကြသည်” ဟု ဆိုပါသည်။ ဆက်လက်ပြီးသူက ရှရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံကဲ့သို့သော တိုင်းရင်းသားနှင့် ဘာသာစကား ကွဲပြားမှု ကြီးမားသော နိုင်ငံများအနေဖြင့် လက်တွေ့တွင် အလုပ်ဖြစ်သော ဖက်ဒရယ်စနစ်ကို မကျင့်သုံးသမျှ တည်ငြိမ်သောနိုင်ငံ ဖြစ်နိုင်ခြေမရှိဟု ဆိုပါသည်။
စတီဖင်၏ ခိုင်မာသည့် ကောက်ချက်က ကျမတို့အားလုံးကို ဖက်ဒရယ်စနစ်၏ သက်ရောက်မှုအား အရေးတကြီး လေ့လာရန် တွန်းအားတခု ဖြစ်လာပါသည်။ အင်စတီကျူးရှင်း တခုကို လေ့လာသုံးသပ်ရာတွင် အရာဝတ္တုများကို လေ့လာသကဲ့သို့ ရှုထောင့်ပေါင်းစုံမှ ရှုမြင်ကြည့်ရန် လိုအပ်သကဲ့သို့ နှိုင်းယှဉ် လေ့လာမှုများနှင့် သမိုင်းဆိုင်ရာ အခြေခံ လေ့လာဆန်းစစ်မှု နှစ်ခုစလုံး လိုအပ်ပါသည်။ ပထမဦးစွာ ကျွန်ုပ်တို့အနေဖြင့် ဖက်ဒရယ်တိုင်းပြည်များနှင့် တပြည်ထောင်စနစ် တိုင်းပြည်များက ပထဝီနယ်နမိတ် အခြေခံ လူနည်းစုများနှင့် ပတ်သက်၍ မူဝါဒများ မည်သို့ အကောင်အထည် ဖော်သည်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်သည်။ ဒုတိယအနေဖြင့် ဖက်ဒရယ် အစီအမံများ ချမှတ်ကျင့်သုံးခြင်းကို တခြားသော ပဋိပက္ခဖြေရှင်းရေး မူဝါဒနည်းနာများနှင့် နှိုင်းယှဉ်လေ့လာရန် ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ဖက်ဒရယ်စနစ်များ မည်သို့သော အခြေအနေမျိုးနှင့် မည့်သည့် အချိန်မျိုးတွင် ကျဆုံးသွားကြရသည်ကို သမိုင်းဆိုင်ရာ ရှုထောင့်မှ လေ့လာရန် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အင်စတီကျူးရှင်းများတွင် ဗဟိုနှင့် ၎င်း၏ပြည်နယ် သို့မဟုတ် ဒေသန္တရတို့အကြား စည်းတခု ခြားထားပြီး ထိုဒေသန္တရ အဆင့်တွင်လည်း ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြောက်ခွင့် ရရှိကာ ထိုခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အနေဖြင့်လည်း ဆုံးဖြတ်ပိုင်ခွင့်ကို ဗဟိုနှင့် ခွဲဝေသုံးစွဲပိုင်ခွင့် ရှိပြီဆိုလျှင် ထိုနိုင်ငံတွင် ဖက်ဒရယ်စနစ်တခု ရှိနေပြီဟု ဆိုနိုင်သည်။ သို့သော် အာဏာရှင်စနစ်တွင်မူ စစ်မှန်သော ကိုယ်စားပြုမှု မဟုတ်သောကြောင့် ဖက်ဒရယ်စနစ်ဟု မဆိုနိုင်ဟု စေဒကတက်စရာ ရှိလင့်ကစား ဤနေရာတွင် ဆုံးဖြတ်ပိုင်ခွင့်အာဏာ ခွဲဝေသုံးစွဲနိုင်မှုကိုသာ အဓိကထားလိုသဖြင့် မည်သည့် အုပ်စိုးမှုမျိုးဖြစ်စေကာမူ ထိုလက္ခဏာမျိုး ရှိပါက ဖက်ဒရယ် အမျိုးအစားတခုအဖြစ် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
အမှန်တကယ်အားဖြင့် ဖက်ဒရယ်စနစ်နှင့် တပြည်ထောင်စနစ်ကို နှိုင်းယှဉ်လေ့လာမှုများ အလွန်နည်းပါး နေသေးသည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် တက် ရော်ဘတ် ဂါး (Ted Robert Gurr) ၏ “စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေရသည့် လူနည်းစုများ (Minorities at Rist-MAR)” ဟူသည့် သုတေသနမှ အချက်အလက်များက အခြေခံ အချက်အလက်များအဖြစ် အသုံးဝင်သည့်အပြင် စဉ်းစားဆင်ခြင်စရာ ဖြစ်စေခဲ့သည်။ MAR ၏ လေ့လာဆန်းစစ်မှုမှာ ဖက်ဒရယ်စနစ်နှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသော်လည်း၊ တွေ့ရှိချက်များက ဖက်ဒရယ်စနစ်နှင့် တပြည်ထောင်စု စနစ်ရှိ လူနည်းစုအုပ်စုများ၏ အခြေအနေကို ထင်ထင်ရှားရှား သိမြင်စေပါသည်။ MAR စီမံကိန်းက (၁) စနစ်တကျ ခွဲခြား ဆက်ဆံခံနေရမှု၊ (၂) ၁၉၄၅ နှင့် ၈၉ ခုနှစ်အကြား ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ကာကွယ်ရေးလှုပ်ရှားမှု၊ (၃) ၁၉၈၅ ခုနှစ် အတွင်း လူဦးရေ တသန်းအထက်ရှိသည့် တိုင်းပြည်တွင် အခြေချနေထိုင်မှု၊ (၄) လူဦးရေအရ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းကျော် (သို့မဟုတ်) တသိန်းအထက်ရှိခြင်း စသည့် လူနည်းစုအုပ်စုများနှင့် ပတ်သက်ပြီး အချက်အလက်များကို တိတိကျကျ ညွှန်ပြနေပါသည်။ ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကဒေသများမှ ပထဝီနယ်နိမိတ် အခြေပြု လူနည်းစုအုပ်စု ၁၁၂ စုမှာ အထက်ဖော်ပြ အချက် ၄ ချက်စလုံးနှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။ ၎င်းတို့အထဲမှ ၄၆ အုပ်စုမှာ ဖက်ဒရယ်စနစ်တွင် နေထိုင်ကြပြီး ၆၆ အုပ်စုမှာ တပြည်ထောင်စနစ်တွင် နေထိုင်ကြသည်ကို တွေ့ရပါသည်။
ဇယား (၁) ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်း
ကိုင်တွယ် ဖြေရှင်း
သည့် နည်းလမ်း |
နိုင်ငံများအားလုံး | အာဏာရှင် | ဒီမိုကရေစီ | |||
ဖက်ဒရယ် | တပြည်ထောင် | ဖက်ဒရယ် | တပြည်ထောင် | ဖက်ဒရယ် | တပြည်ထောင် | |
လက်နက်ကိုင် သူပုန် | ၁.၁၃ | ၃.၁၄ | .၉၂ | ၄.၃၆ | ၁.၅၉ | ၁.၂၀ |
နိုင်ငံရေးအရခွဲ
ခြားဆက်ဆံမှု |
၁.၅၄ | ၁.၉ ၅ | ၁.၄၂ | ၂.၀၅ | ၁.၆၇ | ၁.၈၈ |
စီးပွားရေးအရ ခွဲခြားဆက်ဆံမှု | ၁.၃၃ | ၂.၀၀ | ၁.၀၀ | ၁.၇၉ | ၁.၆၁ | ၂.၂၄ |
နိုင်ငံရေးအရ မကျေနပ်မှု | ၁.၆၇ | ၃.၁၁ | ၁.၀၈ | ၃.၁၆ | ၂.၂၉ | ၂.၉ ၂
|
စီးပွားရေးအရ မကျေနပ်မှု | ၁.၈၇ | ၂.၅၆ | ၁.၀၀ | ၂.၁၄ | ၂.၇၂ | ၃.၂၈ |
ယဉ်ကျေးမှု အရ မကျေနပ်မှု | ၁.၉၆ | ၂.၃၂ | ၁.၇၃ | ၂.၄၁ | ၂.၂၈ | ၂.၂၀ |
အရင်းအမြစ်။ Ted Robert Gurr, Minorities at Risk: A Global View of Ethnopolitical Conflicts (Washington, D.C.: Institute of Peace Press, 1993)
မှတ်ချက်။ ကိန်းဂဏန်းငယ်ခြင်းသည် ကိုင်တွယ်ဖြေရှင်းပုံ ပိုမိုကောင်းမွန်သည်ဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ နံပါတ်များသည် အုပ်စုအားလုံးအတွက် ရမှတ်စုစုပေါင်းကို အချိုးချထားခြင်း ဖြစ်သည်။ အမှတ်အသားပြုထားသော လူနည်းစုအုပ်စုတခုသည် လေ့လာမှုတခုဖြစ်သည်။ ရမှတ်ပေးခံထားရခြင်း မရှိပါက ၎င်းကို ဖယ်ထုတ်လိုက်ပါသည်။ N သည် နိုင်ငံအားလုံး ၁၁၂ ခုကို ကိုယ်စားပြုပါသည်။ အချက်အလက်များကို အစိုးရ အမျိုးအစားအလိုက် ရွေးချယ်လိုက်သောအခါ ၁၉၈၄ ခုနှစ်နှင့် ၁၉၈၆ ခုနှစ်အတွင်း အစိုးရအပြောင်းအလဲ လုပ်ဆောင်ခဲ့သော နိုင်ငံ ၆ ခုကို ဖယ်ထုတ်လိုက်ပါသည်။
ဤကဲ့သို့သော စီမံကိန်းမျိုးကို အကောင်အထည် ဖော်ရာတွင် ကြုံတွေ့နေကျ ပြဿနာဖြစ်သည့် အမျိုးအစား ခွဲခြားခြင်းနှင့် ကုဒ်သတ်မှတ်မှုဆိုင်ရာ အငြင်းပွားဖွယ်ရာ ဖြစ်သည်ကိုလည်း တွေ့ရပါသည်။ သို့သော်လည်း ထိုအချက်အလက်များက လက်တွေ့ လေ့လာဆန်းစစ်မှုများမှ ရရှိလာသည့် တွေ့ရှိချက်များနှင့် ပတ်သက်သည့် အားသာချက် အားနည်းချက်များ အတွက် အသုံးဝင်သည့်အပြင် နယ်နမိတ်အလိုက် ကွဲပြားနေသော လူနည်းစုအုပ်စုများကို စီမံခန့်ခွဲရာတွင် တပြည်ထောင်စနစ်ထက် ဖက်ဒရယ် စနစ်တွင် ပိုမို အဆင်ချောမွေ့သည်ဟူသည့် ကောက်ချက်ကို ပိုအားကောင်းစေပါသည်။
(ဆက်လက်ဖော်ပြပါမည်)
နန်စီ ဘာမီရို (Nancy Bermeo) သည် ပရင့်စတန်တက္ကသိုလ်မှ နိုင်ငံရေး ပါမောက္ခတဦးဖြစ်ပြီး နိုင်ငံရေးအုပ်စိုးမှု အပြောင်းအလဲနှင့် ပတ်သက်၍ လေ့လာရေးလျှက်ရှိသည်။ ယခုစာတမ်းသည် နန်စီ ဘာမီရိုနှင့် အူဂို အမ်မိုရက်တီ (Ugo Amoretti) တို့ တည်းဖြတ်သော Federalism and Territorial Cleavages (Johns Hopkins University Press) စာအုပ် နိဂုံးအပိုင်းမှ ကောက်နုတ်ချက်များဖြစ်ပြီး Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။