ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသည့် အရပ်ဒေသများတွင် နေထိုင်ကြရသည့် အမျိုးသမီးများ၏ လူမှုဘဝသည် တိုက်ပွဲအကြားက မြေစာပင်များ ဖြစ်ကြရသည်။ ဆယ်စုနှစ်များစွာအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ အသက် ဆုံးရှုံးရခြင်းများ ကြုံရသည့် အမျိုးသမီးဦးရေ ရာနှင့်ချီ၍ ရှိကြောင်း လူ့အခွင့်အရေး လေ့လာသူများ၊ စစ်တမ်းများက ဖော်ပြသည်။
ထိုသို့ အမျိုးသမီးများ၏ လူမှုဘဝ သာမက အသက်ဆုံးရှုံးမှုကိုပါ ရင်ဆိုင်လာကြနေရသော်လည်း ထိုအမှုများနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ထွက်လာမှုမှာ မရှိသလောက် နည်းပါးနေကို တွေ့မြင်ကြရသည်။
တနိုင်ငံလုံးသို့ ဂယက်ရိုက်ခဲ့သော စေတနာ့ဝန်ထမ်း ကချင်ဆရာမ မရမ်လုရာနှင့် တန်ဘောင်ခေါန်နန်ဒင့်တို့ ၂ ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံရသည့် အမှုသည် ၇ လကျော် ကြာမြင့်သည့်တိုင် တရားခံကို ဖမ်းဆီးရမိခြင်း မရှိဘဲ အမှုမှာ အမေ့ခံဖြစ်နေသည်။ ယင်းအမှုသည် မူဆယ်ခရိုင်၊ ပန်ဆိုင်း-ကြူကုတ်ရှိ ကောင်းခါးကျေးရွာတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦးသည် အသက် ၂၀ အရွယ်သာ ရှိကြသေးသူများဖြစ်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် ဆင်းရဲသော ကလေးငယ်များကို ပညာသင်ကြား ပေးနေကြသူများ ဖြစ်သည်။
ကချင်ဆရာမ ၂ ဦးသည် ယခုနှစ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းဝင်းအတွင်း ၎င်းတို့ တည်းခိုသည့် အိမ်ခန်းတွင် အဓမ္မပြုကျင့်ပြီး အသတ်ခံ ထားရသည်ကို ရွာခံများက နောက်တရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အသတ်ခံရသည့် ကချင်ဆရာမ ၂ ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိရသည့် သုတ်ရည်ကို မျိုးဗီဇ (DNA) စစ်ဆေးချက်အရ အဓမ္မပြုကျင့်သူ အနည်းဆုံး ၂ ဦး ဖြစ်နိုင်သည်ဟု မူဆယ်မြို့ ပြည်သူ့ဆေးရုံ၏ တာဝန်ကျတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ထု့ိအမှုနှင့် ပတ်သတ်ပြီး ကျုးလွန်ခဲ့သည့် တရာခံအား ဖမ်းမိနိုင်ရေး၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် အမျိုးသမီး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက လှုပ်ရှားမှုမျိုးစုံဖြင့် တိုက်တွန်းတောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ထိုအမှုသည် ထူးခြားမှု တစုံတရာ မရှိဘဲ တာဝန်ရှိသူများဘက်ကလည်း မည်သည့် ထုတ်ဖော် ပြောဆိုမှုမှ မရှိသည်ကို တွေ့ရသည်။
ကချင်ဆရာမ ၂ ဦး အမှုနှင့် ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် (KBC) နှင့် ရှမ်းပြည်နယ်မှ ကချင်ရှေ့နေများ ကွန်ရက်တို့ ပူပေါင်းပြီး အမှုမှန် ပေါ်ပေါက်ရန်အတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ဇူလိုင်လဆန်းပိုင်းက သမ္မတထံသို့ တောင်းဆိုခဲ့သည်။
“ကျနော်တို့ သမ္မတဆီ လုပ်ပိုင်ခွင့် တောင်းထားတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ လုပ်ပိုင်ခွင့်ဆိုတာက ကျနော်တို့တွေ ကော်မတီဖွဲ့ပြီး အမှုကို စစ်ဆေးသွားမယ်။ လက်ရှိအမှုက ကျနော်တို့ ထင်သလောက် မဖြစ်ဘူး” ဟု KBC မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆမ်ဆွန်က ဧရာဝတီကို ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး အစိုးရဘက်က ရွာတွင်နေထိုင်သည့် ဒေသခံ ၃ ဦးကို ထပ်မံစစ်ဆေးရန် တောင်းဆိုထားကြောင်း၊ ထို ၃ ဦးကို အစိုးရဘက်က စစ်ဆေးရာတွင် အတင်းအဓမ္မ ဝန်ခံခိုင်းမည်ကို KBC ဘက်က စိုးရိမ်ပူပန်နေကြောင်း၊ DNA ၏ အဆုံးအဖြတ်တွင်လည်း မျှတမှု မရှိမည်ကို စိုးရိမ်နေကြောင်း အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် အဖွဲ့ဝင်များက ပြောဆိုသည်။
“အမှုပျောက်သွားမှာကို ကျနော်တို့ စိုးရိမ်မှုတွေ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆရာမ နှစ်ယောက်ရဲ့ ကိစ္စက ကချင်တမျိုးသားတည်း မဟုတ်ဘဲ မြန်မာပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဥပဒေ စိုးမိုးရေးက ဘယ်လောက် ထိရောက်တယ် ဆိုတာကို ဒီကိစ္စက သက်သေပြမယ်လို့ ကျနော် ယုံတယ်။ အစိုးရဘက်က စစ်ဆေးတဲ့ DNA ကိစ္စနဲ့ ပတ်သတ်ပြီး ကျနော်လည်း နားမလည်ဘူး” ဟု ဒေါက်တာ ဆမ်ဆွန်က ဆက်ပြောသည်။
ထိုအမှုဖြစ်စဉ်တွင် ကျေးရွာအနီးသို့ ရောက်ရှိနေသည့် အစိုးရ တပ်မတော် စစ်ကြောင်းမှူးနှင့် တပ်သားများကို စစ်ဆေးရန် တောင်းဆိုထားကြောင်းနှင့် လက်ရှိအချိန်တွင် ထိုတပ်မတော်စစ်ကြောင်း မည်သည့်နေရာသို့ ပြောင်းရွှေ့သွားသည်ကို မသိရှိရကြောင်း KBC အဖွဲ့ချုပ်က ပြောသည်။
“စစ်သားတွေကို စစ်တာတော့ ရှိတယ်။ ရှိတယ် ဆိုပေမယ့်လည်း ဒီအမှုကို ပေါ်ပေါက်စေချင်တဲ့ ပုံစံမျိုးနဲ့ စစ်ဆေးတာ မဟုတ်ဘဲနဲ့ စစ်ထဲ ဘယ်တုန်းက ဝင်တယ်၊ ဒီကို ဘယ်တုန်းက ရောက်လာတယ်၊ ဆရာမတွေ သေတယ်ဆိုတဲ့ သတင်းကြားလားလောက်ပဲ မေးထားတာကို တွေ့ရတယ်” ဟု တပ်မတော်သားများအား စစ်ဆေးမှုတွင် ပါဝင်သည့် ဒေါက်တာဆမ်ဆွန်က ဆိုသည်။
နယ်မြေ လုံခြုံရေးအရ ကောင်းခါးကျေးရွာဘက်သို့ သွားရောက်ပြီး တွင်တွင်ကျယ်ကျယ် မလုပ်ဆောင်နိုင်ကြောင်း၊ ရဲတပ်ဖွဲ့နှင့် KBC အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ သေဆုံးသူ ဆရာမ ၂ ဦး၏ DNA စစ်ဆေးမှုသည် လက်ရှိအခြေအနေအထိ အဖြေမသိရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဦးစီးအရာရှိ ရဲမှူးကြီး ဆန်းလွင်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကတော့ သူတို့ (KBC) လိုလားချက်ကို တင်ပြတောင်းဆို ပေးပါတယ်။ ဥပမာ တပ်မတော်သားတွေကို ပြန်လည် စစ်ဆေးချင်တာလည်း တင်ပြထားပါတယ်။ နယ်မြေ အခြေအနေအရ KBC အဖွဲ့ ဆောင်ရွက်တဲ့အခါ အပြန်အလှန် ပူးပေါင်းလုပ်နေတာ ရှိပါတယ်။ အဓိကတော့ နယ်မြေလုံခြုံရေး အခြေအနေမှာလည်း မူတည်တယ်။ တချို့နေရာမှာ သွားရေးလာရေး ကန့်သတ်မှုတွေ ရှိတာပေါ့လေ။ အချိန်ယူပြီး လုပ်ရမယ့် ကိစ္စပါ။ ပျောက်သွားမယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ ဒီအမှုကို ပစ်ထားတာလည်း မရှိပါဘူး” ဟု ရဲမှူးကြီး ဆန်းလွင်က ဆိုသည်။
ထိုအမှုကို မူဆယ်မြို့နယ် ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အမှုအား စစ်ဆေးရာတွင် သက်သေဟု သံသယရှိသည့် အရာကို စစ်ဆေးခွင့်ပေးရန်၊ ကျွမ်းကျင်သည့် ပြည်တွင်းပြည်ပ ဆရာဝန် အကူအညီများ ရယူရန်နှင့် KBC ၏ အမှုမှန် စုံစမ်းဖော်ထုတ်ရေး ကော်မတီ အဖွဲ့ကို အစိုးရက အသိအမှတ် ပြုပေးရန် သမ္မတထံ စာပို့တောင်းဆိုထားကြောင်း သိရသည်။
ထိုအမှုမှန် ပေါ်ပေါက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ KBC အဖွဲ့မှ အသင်းအုပ်ဆရာ ဦးဇော်ရာက “ကျနော်တို့ကတော့ သမ္မတရဲ့ ပြန်ကြားချက်ကို မျှော်နေပါတယ်။ အမှုကို အမှန်ပေါ်အောင် တကယ်ပဲ ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်အောင်လို့ ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ကချင်ဆရာမ ၂ ဦး၏ အမှုဖြစ်ပွားပြီး နောက်ပိုင်း ဆရာမများ၊ အမျိုးသမီးများအား လုံခြုံရေး စိုးရိမ်ရမည့် နေရာများကို မလွှတ်ရန်နှင့် နောက်ထပ်မံ စေလွှတ်မည့် ဆရာမများကို မြို့နှင့်နီးသည့် ဒေသတွင်သာ ပို့ပေးမည်ဖြစ်ကြောင်း ဆရာ ဦးဇော်ရာက ဆက်ပြောသည်။
“ဆရာမ ၂ ယောက် အတင်းအဓမ္မ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ တရားခံအမှန် မပေါ်ရင်တော့ ကျနော်တို့ နိုင်ငံရဲ့သိက္ခာ အရမ်းကျမှာပဲလို့ ယူဆပါတယ်” ဟု ထိုအမှုအား ကူညီဆောင်ရွက်ပေးနေသည့် ရှမ်းပြည်နယ် အခြေစိုက် ကချင်ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးဘရန်ဒီးက ပြောသည်။
ကချင်ဆရာမ ၂ ဦး အမှုနှင့် ပတ်သက်ပြီး ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ ဒေါ်မေစံပယ်ဖြူက “လက်ရှိမှာ ကချင်ဆရာမလေး ၂ ဦးမှ မဟုတ်ပါဘူး။ ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှာ ပြစ်မှုကင်းလွတ်ခွင့် ရနေတဲ့ ပြဿနာပေါ့။ ဒီလို ပြစ်မှု ကင်းလွတ်ခွင့်ရတဲ့ ကာလပတ်လုံး အကြမ်းဖက်မှုက ရှိနေဦးမှာပဲ။ ဆရာမလေး ၂ ဦးကိစ္စက မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးတွေ ကိုယ့်အိမ်ထဲ နေတာတောင် လုံခြုံမှု မရှိဘူးဆိုတာ ထောက်ပြနေတယ်” ဟု ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး နည်းဥပဒေ အမြန်ဆုံး ပေါ်ပေါက်ရန်နှင့် တရားဥပဒေ စိုးမိုးမှုရှိစေရန် လိုအပ်နေကြောင်း အမျိုးသမီး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။
“ကျမတို့ အဓိက စိုးရိမ်တာက အမှုမှန်ကလည်း မပေါ်သေးဘူး။ အမှုကိစ္စအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း မပါသေးဘူး။ အမှုကို အမြန်ဖော်ထုတ်တာထက် အမှုမှန် ဖော်ထုတ်နိုင်ဖို့က အရေးကြီးပါတယ်” ဟု ကချင်အမျိုးသမီးများ ကွန်ရက်၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဆိုင်ဇင်းက ဧရာဝတီကို ပြောသည်။
ကချင်အမျိုးသမီး ကွန်ရက်က ၂၀၁၁ ခုနစ်မှ စတင် ကောက်ခံခဲ့သည့် စစ်တမ်းများအရ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း၌ အမျိုးသမီးများ မုဒိန်းကျင့်ခံရသည့် အမှုပေါင်း ၇၄ ခု ရှိနေကြောင်း သိရသည်။
ကချင်ဆရာမ ၂ ဦး၏ အမှုနည်းတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် ဧပြီလ အတွင်းက အသက် ၇၃ နှစ်အရွယ် အမျိုးသမီးကြီး တဦးကို အဓမ္မပြုရန် ကြံစည်ခဲ့သည် အစိုးရတပ်သား ဇော်မျိုးအေးအား စစ်ဘက်ဆိုင်ရာ ဥပဒေအရ စည်းကမ်း ဖောက်ဖျက်မှု၊ မူးယစ်မှု၊ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် တာဝန်ရှိသူများက အရေးယူခဲ့ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကို ဇွန်လ ၁၅ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀ဝ၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ တနိုင်ငံလုံးတွင် မုဒိမ်းပြုကျင့် ခံရသည့် အမှုပေါင်း ၅,၈၂၈ မှု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းရရှိသည်။
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူ အုပ်ချုပ်နေသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် အစိုးရ စစ်တပ်မှ စစ်သည်များ၏ အဓမ္မ ပြုကျင်မှုပေါင်း ၁၀၀ ကျော် ရှိခဲ့ကြောင်း၊ ၄၇ မှုသည် အုပ်စုလိုက် ပြုကျင်မှုများ ဖြစ်ပြီး အသက် ၈ နှစ်အရွယ်အထိ ပါဝင်နေကြောင်း၊ ကျူးလွန်ခံရသူ ၂၈ ဦးသည် သတ်ဖြတ်ခံရခြင်း(သို့) ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်းနှင့် ထိုမှုခင်းများသည် မြို့နယ်ပေါင်း ၃၅ ခုတွင် ဖြစ်ပွားခဲ့ပြီး တပ်ရင်းပေါင်း ၃၈ ခုကျော် ပါဝင်ပတ်သက်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ၏ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံအတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ်သော ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနစ်တွင် ကုလသမဂ္ဂ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးမှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုလျက် ရှိသည်။