စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ဆည်တော်ရွာအထက် ၂၃ မိုင် အကွာရှိ ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် အကျယ် ပေ ၃၀၀၀ ခန့်ရှိသော “မြေပြိုမှုကြောင့် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် ရေကန် “Landslide Dam ဟုယူဆရသော နေရာတခုကို ဘေးအန္တရာယ်ရှိ၊ မရှိ စိုးရိမ်မှုနှင့် အတူ စစ်ဆေးကြည့်ရှုရန် ဒေသခံပြည်သူများက ဆန္ဒ ရှိနေကြသည်။
ယခုလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် တောင်ပြိုမှုများ ဖြစ်ပွားရာမှ စီးဆင်း မျောပါလာ သော ရွှံ့ညွှန်မြေကြီးများသည် တောင်ကျ ရေစီးကြောင်းများကို ပိတ်ဆို့ပြီး ရေကန်ပုံစံနှင့် ရေကာတာသဖွယ် ဖြစ်ပေါ် လာရသည်။
အဆိုပါ ယာယီပိတ်ဆို့ လျက်ရှိသော သဘာဝမြေသားရေကန်များ ရုတ်တရက် ပြိုကျခဲ့လျှင် အရှိန်အဟုန်ပြင်းသည့် ရေးစီးနှင့် အတူ ရေစီးကြောင်း အောက်ဘက်ရှိ ကျေးရွာများမှာ ဒေသခံများ အတွက် ဘေးအန္တရာယ်များ ရှိနိုင်မည်ကို ဒေသခံ ပြည်သူများက စိုးရိမ်ပူပန်လျက် ရှိနေကြသည်။
ထိုကဲ့သို့ သဘာ၀ မြေသားရေကန် ကျိုးပေါက်မှုကို သြဂုတ် ၂၈ ရက်ကချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးခိန်ဇန် ကျေးရွာခေါ် ဟားခါးလေး ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မြေပြိုမှုနှင့် အတူ ရွှံ့ညွန်များ ပါဝင်သော တောင်ကျချောင်းရေ များစီးဆင်း ဖုံးလွှမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည်။
ဒေသခံ တောလိုက်မုဆိုးများက တွီးခိန်ဇန်ရွာ အထက်ပိုင်းရှိ တောင်ပေါ်နေရာများတွင် မြေပြိုပြီး ရေကန်ကြီးဖြစ် ပေါ်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ၎င်းမုဆိုးများမှ တဆင့် ကြားသိရသူများက ခရိုင်ရေဘးကွပ်ကဲမှုရုံးကို ပြောကြား ခဲ့သော်လည်း မယုံကြည်ကြကြောင်း စသည်ဖြင့် ချင်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော အခြေအနေများကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့ရှိနေရသည်။
အဆိုပါ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်သည့်နေရာကို စစ်ဆေးသင့်ကြောင်း၊ ခြေကျင်သွားရောက်လျှင် ခက်ခဲနိုင်သည့် အတွက် ရိက္ခာပို့ ရဟတ်ယာဉ်များဖြင့် စစ်ဆေးကြည့်ရှု့သင့်ကြောင်း၊ ယခုထက်ကြီးမားသည့် ရေကန်တခုလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်အနီးတွင် ရှိနေသေးကြောင်း၊ မြလင်းအနီးမှ မြွေတောင်နှင့် ဖားတောင်နေရာအချို့ တွင်လည်း မြေပြိုမှုများ ဖြစ်ပွားနေကြောင်း စသည်ဖြင့် ဒေသခံ ပြည်သူများ အကြား ပြောဆိုနေကြပြီး စိုးရိမ်မှုများ တိုးပွားလျက် ရှိကြောင်း သိရသည်။
မိုးရာသီတွင် ပုံမှန် စီးဆင်းလေ့ရှိသော ဆည်တော်ရွာ အနီးရှိ မြောင်းချောင်းသည်လည်း ယခုအခါ ရေစီးမှု မရှိတော့ သည်မှာ နှစ်ပတ်ခန့် ကြာပြီ ဖြစ်ကြောင်း ဒေသခံများနှင့် ဆက်သွယ် သိရှိရသည်။ ၎င်းချောင်း အထက်ပိုင်းတွင် မြေပြိုမှု များစွာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။ ယခုပုံတွင် ပြထားသော စစ်ဆေးရန် လိုအပ်သည့် နေရာမှာ မဏိပူရမြစ်၏ လက်တက်ဖြစ်သော Pao va ချောင်းရှိ ယခင် ချောင်းရေအိုင်ကဲ့သို့သော ရေပြင်ကျယ်နေရာမှ Landslide Dam အသွင် ပြောင်းနေသည်ဟု ရေဒါဓာတ်ပုံတွင် ယူဆရသော နေရာဖြစ်သည်။
ထို့ကြောင့်လည်း ဒေသခံများက သွားရောက် ကြည့်ရှု့စစ်ဆေးရန် စီစဉ်နေကြကြောင်း၊ ၎င်းနေရာသည် ဆည်တော်ရွာ နှင့် အလှမ်းဝေးသော်လည်း မြေပြိုခဲ့လျှင် ရေများ အရှိန်အဟုန်ဖြင့် ကျဆင်းလာနိုင်ပြီး ၎င်းတို့ရွာမှာ ရေဘေးအန္တရာယ် ကြုံတွေ့နိုင်ခြင်းကြောင့် စိုးရိမ်နေကြခြင်း ဖြစ်သည်။
သဘာ၀ မြေပြိုမှုများကြောင့် ကျဉ်းမြောင်းသော ချောင်းမြောင်းများ ပိတ်ဆို့ကာ ဆည်ကဲ့သို့ ရေများစုဝေးနေရာမှ ရေ မထိန်းနိုင်သည့် နောက်ဆုံး အခြေအနေတွင် မြေပြိုကျကာ ယာယီသိုလှောင်ခဲ့သော ရေများသည် ရွှံ့ညွှန်များ၊ အမှိုက်သရိုက်များ၊ ဒိုက်များနှင့် အတူ တဟုန်ထိုး စီးဆင်းမှုကြောင့် ရေစီးကြောင်း အောက်တလျှောက်ရှိ ကျေးရွာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ တောင်းတန်းဒေသများတွင် ရေခဲအိုင်များ ကျိုးပျက်ခြင်းဖြင့် တောင်ကျရေကြောင့် အန္တရာယ် ဖြစ်ပွားသကဲ့သို့ အန္တရာယ်ကြီးမားကြောင်း နှိုင်းယှဉ် သိရှိရသည်။
ထို့ကြောင့် အဆိုပါနေရာအား တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ရန် ဒေသခံများက လိုလားလျက် ရှိသကဲ့သို့ လေ့လာတွေ့ရှိရသည့် အချက်အလက်များကို ဒေသခံ ပြည်သူများ အတွက် အချိန်နှင့် တပြေးညီ ထုတ်ပြန် ပေးရန်လည်း လိုအပ်ကြောင်း သုံးသပ်မိသည်။
ကြိုတင်ကာကွယ်မှုသည် အကောင်းဆုံးဖြစ်၍ အကြောင်းရင်းမျိုးစုံဖြင့် ရေကန်များ ဖြစ်ပေါ်နေသည် ဆိုပါက ရေများစွာ မစုမဝေးမီ၊ ကျိုးပေါက်မှု မရှိချိန်၌ ကြိုတင်ဖောက်ထုတ်ခြင်း မျိုးဖြင့် စနစ်တကျ စီမံဆောင်ရွက်ကြရ ပေမည်။
တောင်ကျချောင်းများ တလျှောက်ရှိ ကျေးရွာများအနေဖြင့်လည်း ထူးခြားမှုများကို သတိပြုမှုနှင့် အတူ နိုးကြားသော အသိရှိမှုဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပါကြောင်း။ ။
(သြဂုတ် ၃၁ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖော်ပြထားသည့် မောင်မောင်သန်း၏ ချင်းပြည်နယ် ဟားခါးမြို့နယ်က စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်လာတဲ့ သဘာဝတောင်ပေါ် ရေကန် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။)