ဘန်ကောက်ဗုံးကွဲမှုနှင့် ပတ်သက်၍ နောက်ထပ်သံသယရှိသူ ထိုင်းအမျိုးသမီးတဦးကို အာဏာပိုင်များက ထပ်မံ ရှာဖွေနေပြီး၊ ထိုအမျိုးသမီး၏ အမည်မှာ Misaloh ဟု ခေါ်ကာ မင်ဘူရီအရပ်ရှိ Maimuna Garden အခန်းအမှတ် ၉၁၀၆ တွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်း၏ အခန်းကို ရှာဖွေရာတွင် ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိပြီး၊ သူမအနေဖြင့် ဧရာဝဏ်နတ်ကွန်းနှင့် ဆာထောင် တံတား ဗုံးကွဲမှု၏ နောက် ကွယ်မှ လက်သည်ကို သိရှိမည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း Bangkok Post သတင်းတွင် ရေးသားထားသည်။
ဗုံးခွဲမှုကို နိုင်ငံခြားသားများ ပါဝင်သည့် အဖွဲ့က အဖွဲ့လိုက်လုပ်ဆောင်နေခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် နောက်ထပ်လည်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်နေသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးခဲ့သည့် နိုင်ငံခြားသားများထံမှ ရရှိသည့် သတင်းကို အခြေခံကာ ရဲနှင့်စစ်သား ၄၀ ခန့်က အဆိုပါ အမျိုးသမီး၏ အခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၊ အခန်းတွင်းမှ ယူရီးယား ဓာတ်မြေသြဇာ များ၊ ပေါက်ကွဲစေသည့် ယမ်းမှုန်များ၊ ဝါယာကြိုးများ၊ စားပွဲတင်နာရီ၊ လက်ပတ်နာရီများ၊ သံမူလီများ၊ စနက်တံ ၁၀ခုများ ၊ ဖျူးကြိုးများသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Chakthip Chaijindaကလည်း မသင်္ကာဖွယ်ရာ နေရာ ၅နေရာကို လုံခြုံရေး တွေ ချထားသည်ဟု ဆိုသည်။
လမ်ပန်းခရိုင်တွင်လည်း ထိုင်းလူမျိုး ၂ဦး ငှားရမ်းနေထိုင်သည့် အခန်းကို ဝင်ရောက်စီးနင်းရာ ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာ၊ ပေါက်ကွဲစေတတ်သည့် အမှုန့်များ၊ မိုဘိုင်းလ်ဖုံးအတွင်းမှ ဆားကစ်အပြားများ၊ စားပွဲတင်နာရီနှင့်ဓာတ်ခဲများကို တွေ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။