တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်ရှိ သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတွင်း လက်မှတ် ရေးထိုးကြရန် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းလိုက်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် သြဂုတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် တွေ့ဆုံစဉ်မှာ ယင်းသို့ တိုက်တွန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ က “ရှင်းရှင်းပြောရရင် ကျနော်တို့ကို လက်ရှိ အစိုးရသက်တမ်းအတွင်းမှာ NCA ကို လက်မှတ်ထိုးဖို့ လာပြီး တိုက်တွန်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစည်းအဝေးကို ယခုနှစ် ပြည်ထောင်စုနေ့က အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ RCSS၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ တက်ရောက်ကြသည်။
ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့လည်း တက်ရောက်ဆွေးနွေးကြသည်။
NCA စာချုပ်ကို အစိုးရလက်ခံထားသည့် အဖွဲ့များအနေဖြင့် ဦးသိန်းစိန် သမ္မတ သက်တမ်းအတွင်း ထိုးစေလိုကြောင်း နောက် အစိုးရသက်တမ်းကို ရွှေ့မည်ဆိုလျှင် မည်သည့် အခြေအနေမျိုး ဖြစ်လာမည် မသိသဖြင့် ၁ ကနေ ပြန်စရသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောသည်ဟုဆိုသည်။
ဝန်ကြီး ဦးအောင်မင်း အနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား အမှတ် (၂) ပန္နက်တင်ပွဲ အခန်းအနား တက်ရောက်ရင်း ထိုခရီးစဉ်အတွင်း နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ကမ်းလှမ်းသဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှမောင်ရွှေ ကပြောသည်။
“ဒုသမ္မတကြီး (ဦးဉာဏ်ထွန်း) နဲ့ ပန္နက်တင် အခမ်းအနားလာတာပါ။ လာတဲ့ အချိန်မှာ တချို့တိုင်းရင်းသားအဖွဲ့တွေက တွေ့ချင်တယ်ဗျာ၊ သူတို့ တွေ့လို့မရဘူးလားဆိုပြီး တိုင်းရင်းသား အဖွဲ့တွေဘက်က စလာတာလေ။ စလာတော့ တွေ့ချင်တဲ့ အဖွဲ့တွေကိုတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတော့ တွေ့ရမှာပေါ့ဗျာ” ဟု ဦးလှမောင်ရွှေ က ဧရာဝတီသို့ ပြောသည်။
မဲဆောက်ဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်းက NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ အစိုးရဘက်က သဘောထားများကို ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်များကလည်း တဖွဲ့ချင်းစီ၏ သဘောထားများကို တင်ပြခဲ့ကြကြောင်း သိရသည်။
“ပြောသွားတဲ့ အထဲမှာ ကျနော်တို့ကလွဲရင် သူတို့က အားလုံးပါဝင်ပြီးတော့ လက်မှတ်ထိုးတာ အကောင်းဆုံးဆိုတဲ့ သဘောနဲ့ ပြောတာကိုလည်း တွေ့ရတယ်။ ထို့အတူ လက်တွေ့ကြတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဆုံးဖြတ်သွားဖို့ KNU ဘက်က ပြောတာကိုလည်း ကျနော်တို့ကြားရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ NCA ကို လက်မှတ်ထိုးဖို့ အသင့်ဖြစ်တယ်ဆိုတဲ့ နဂိုက ဆုံးဖြတ်ချက်ကို တင်ပြဆွေးနွေးပါတယ်” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား လက်ရှိအစိုးရ သက်တမ်းအတွင်း NCA လက်မှတ်ထိုးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ယခုလ ၂၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော် အမတ်များက မေးမြန်းရာတွင် ဖြေကြားခဲ့သည်။
ဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့က အကယ်၍သာ ဒီအစိုးရ လက်ထက်မှာ မချုပ်နိုင်ခဲ့လျှင် ကျနော်တို့လည်း သင်္ခါရ သဘောတရားအရ မမြဲပါဘူး။ နောက်လွှတ်တော် အစိုးရအဖွဲ့ထဲမှာ ပါမယ်လို့လည်း ပြောလို့ မရပါဘူး။ လွှတ်တော်မှာ ပါမယ်လို့လည်း ပြောလို့မရပါဘူး။ ဒါကို အားလုံးက ၁ ကပဲ ပြန်စရမှာပဲ” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ကို NCA သဘောတူစာချုပ် လက်မှတ်ထိုးရန် အခုလ ၁၁ ရက်နေ့ နေ့စွဲဖြင့် စာပို့ကမ်းလှမ်းခဲ့သော်လည်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်မတော် (AA)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ အမျိုးသားဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင်အမျိုးသား ကောင်စီ (ANC) တို့ကို မပါဝင်နိုင်ရန် ကန့်သတ်ထားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) က NCA ၌ အားလုံးပါဝင်ရေး ကြိုးပမ်းနေကြသော်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့နှင့် အခြား အဖွဲ့ငယ်အချို့က လက်မှတ်ထိုးရန် ဆုံးဖြတ်ထား ကြပြီး ဖြစ်ကြောင်း နှစ်ဘက်တာဝန်ရှိသူများ အကြား ပြောနေကြသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အဆင့်မြင့် ညှိနှိုင်းရေးးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များအကြား NCA ၌ အားလုံးပါဝင်ရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းကြရန်ရှိသည်။