ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရားမြို့က ရောမခေတ်လက်ရာ ဘဲလ်ဝတ်ကျောင်းတော် လို့ ခေါ်တဲ့ ရှေးဟောင်း ဘုရား ကျောင်းတကျောင်း ကို IS အဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့တွေကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ဒေသတွင်းမှာရှိတဲ့ ဘာရှာမင် ဘုရားကျောင်းကို IS အဖွဲ့တွေကပဲ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါသေးတယ်။ ပါလ်မိုင်ရား ဒေသဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က အသိအမှတ်ပြုထားတဲ့ ရှေးဟောင်းဒေသဖြစ်ပြီး IS အဖွဲ့ သိမ်းပိုက်ပြီးတဲ့ နောက်မှာ အခုလို ရှေးဟောင်းယဉ်ကျေးမှု အမြောက်အမြား ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အလေးချိန် ၁၅တန်၊ အမြင့် ၁၀ပေရှိတဲ့ Al- Lat ရဲ့ ခြင်္သေလို့ လူသိများတဲ့ ရုပ်ထုကြီးကိုလည်း ဖျက်ဆီးခဲ့တယ်၊ ဒီခြင်္သေရုပ်ဟာ ခရစ်တော်မပေါ်မှီ ၁ ရာစုခန့်က ရှားပါးတဲ့ အရုပ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ ပိုလန်ရှေးဟောင်း သုတေသနအဖွဲ့က Al- Lat ဘုရားကျောင်းမှ တူးဖော်ရရှိခဲ့တာပါ။