ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် မိမိကျူးလွန်ခြင်း မရှိကြောင်း စွပ်စွဲ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအနက် ဇော်လင်းက တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
လူသတ်တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားသည့် မြန်မာလူငယ်နှစ်ဦးအနက် ဇော်လင်းကို စက်တင်ဘာ ၂ ရက်က ထိုင်းနိုင်ငံ ကော့စမွေတရားရုံး၌ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက စတင်စစ်ဆေးရာ ဇော်လင်းက ပြစ်မှုကျုးလွန်ခြင်း မရှိခဲ့ကြောင်း၊ ထိုင်းရဲနှင့် စကားပြန်တို့က နှိပ်စက်ညှင်းပမ်းပြီး အတင်းအကျပ် ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။
“နှိပ်စက်ညှင်းပမ်းလို့ ဝန်ခံတယ်ဆိုတာ ပေါ်လွင်နေတာပဲ။ နှစ်အချက်က DNA ယူတဲ့အခါ မျက်နှာကို ပုဝါစည်းထားပြီး ပါးစပ်ထဲကို တံတွေးယူတဲ့ DNA ဟာ ဘယ်လိုလုပ် တရားဝင်မလဲ။ ဘာကြောင့်ယူတယ် ဆိုတာလည်း မပြောဘူး။ မလိမ့်တပတ်လုပ်တဲ့ သဘောမျိုးပေါ့။ ဇော်လင်း ထွက်ဆိုချက်အရ DNA ကိစ္စရော၊ ဝန်ခံတဲ့ကိစ္စက ရှင်းနေတာပဲ” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။
ထိုင်းရဲများ ဖမ်းဆီးခဲ့စဉ်က ဇော်လင်း၏ ဦးခေါင်းကို ပလတ်စတစ်အိပ်ဖြင့် အထပ်ထပ်စွပ်၍ ဝန်ခံခိုင်းခဲ့ကြောင်း၊ မကျူးလွန်ကြောင်း ပြောဆိုရာ၌ ရင်ဘတ်ကို အကြိမ်များစွာ ကန်ကျောက်ခဲ့ပြီး ကျူးလွန်ကြောင်း ဝန်ခံမည်ဆိုပါက ထောင် ၄ နှစ်၊ ၅ နှစ်သာ ကျမည်ဖြစ်ကြောင်းနှင့် ထိုသို့ မထွက်ဆိုလျှင် သွားများကို ပလာယာဖြင့်နှုတ်ပြီး ခန္ဓာကိုယ်အား အင်္ဂတေလောင်းကာ ပင်လယ်ထဲ ပစ်ချမည်ဟု ခြိမ်းခြောက် ဝန်ခံခိုင်းခဲ့ကြောင်း ဇော်လင်းက တရားခွင်၌ ထွက်ဆိုခဲ့သည်ဟု သိရသည်။
ဇော်လင်း၏ တရားခွင်၌ ထွက်ဆိုချက်အရ DNA (မျိုးရိုးဗီဇ) ယူခြင်း၊ လူသတ်မှု ကျူးလွန်ကြောင်း ထွက်ဆိုခိုင်းရာတွင် အတင်းအကျပ် ခြိမ်းခြောက်နှိပ်စက်၍ ထွက်ဆိုခိုင်းခြင်းတို့သည် တရားဝင်ခြင်း မရှိသဖြင့် ဥပဒေ အကြောင်းအရ ပျက်ပြယ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။
တရားလိုသက်သေ နောက်ဆုံး တယောက်အဖြစ် စက်တင်ဘာ ၁ ရက်က ကော့ဖငန်းကျွန်း ရဲစခန်းက ဒု ရဲမှူးအား စစ်ဆေးရာတွင် မှုခင်းဆရာဝန်၏ ဆေးစာအား အမှုစစ်ရဲတဦးက ပြင်ဆင်ထားသည့် အချက်အပါအဝင် ကွဲလွဲချက်များစွာ တွေ့ရှိရသည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။
လာမည့် စက်တင်ဘာ ၁၁ ရက် ရုံးချိန်း၌ DNA ၊ လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံ၌ မျိုးရိုးဗီဇ စစ်ဆေးမှုတွင် ကျွမ်းကျင်သည့် ဒေါက်တာ ဖွန်ထစ် ကိုယ်တိုင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ ဖွန်ထစ်သည် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ DNA ရယူခြင်းနှင့် ဆောင်ရွက်ချက်များအပေါ် ဝေဖန်ခဲ့သူလည်း ဖြစ်သည်။
မြန်မာနိုင်ငံသား ရခိုင်လူငယ် နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းတွင် အလုပ် လုပ်ကိုင် နေသူများဖြစ်ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှနိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူများ ဖြစ်သည်။