မြန်မာနိုင်ငံ တဝှမ်း ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးလို့ လှူဒါန်းမှုတွေ၊ ကယ်ဆယ်ရေး ကူညီရေးတွေ တတ်အားသရွေ့ လုပ်ဆောင်ခဲ့ကြပြီးတဲ့ နောက် အခုအခါမှာ ပြန်လည်ထူထောင်ရေး အပိုင်းကို စတင်နေကြပြီ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေး ကိစ္စက တခါတည်းနဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးပြီး ပြီးဆုံးသွားမှာ မဟုတ်သလို၊ လူအား ငွေအား အပြင်၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာများ ကိုပါ ပြန်လည်မြှင့်တင်ပေးဖို့၊ စနစ်တကျနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ပြန်လည် ထူထောင်ရေး ကိစ္စတွေ စတင် ဆောင်ရွက်ဖို့ ပြင်ဆင်နေစဉ်မှာပဲ ချင်းပြည်နယ် အတွင်း မိုးကြီး၊ မြေပြို၊ နွံနစ်မှုတွေ ထပ်မံ ဖြစ်ပေါ်လာတဲ့ အတွက် ကူညီ၊ ကယ်ဆယ်သူတွေ အနေနဲ့ မအားလပ်ရအောင် ဖြစ်နေခဲ့ရပါတယ်။ ရေဘေးသင့် ပြည်သူတွေ အတွက် ကူညီမှုတွေမှာ သာမန် ပြည်သူတွေသာမကဘဲ အနုပညာရှင်တွေလည်း အစ ကတည်းက တတပ်တအား ပါဝင်နေကြတာ လုံးဝ မအားလပ်ကြရတာ အများအမြင် ဖြစ်ပါတယ်။
ဒါကြောင့် ရေဘေးကယ်ဆယ်ရေး အလှူတွေကို တတ်နိုင်သလောက် ပါဝင် ဆောင်ရွက်နေပြီး ပြန်လည်ထူထောင်ရေး ကာလမှာလည်း ပြည်သူလူထုကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှု အပိုင်းက အစ ဘယ်လိုပါဝင်ပြီး လုပ်ဆောင် သွားမလဲ ဆိုတာ သိရှိဖို့အတွက် ဧရာဝတီသတင်းထောက် ယုမွန်ကျော်က သရုပ်ဆောင်ပြေတီဦးကို တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
မေး။ ။ ကိုပြေတီဦးတို့ ရေဘေး အတွက် ကယ်ဆယ်ရေး လှူဒါန်းမှုတွေ သွားရောက်ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံ တွေကို အရင်ဆုံးမျှဝေပါဦး။
ဖြေ။ ။ အတွေ့အကြုံကတော့ ကျနော်တို့ သွားခဲ့တဲ့ နေရာတိုင်းက အကုန်လုံး ရေတွေက မြုပ်နေတာလေ။ နေရာတွေ ကလည်း တကယ်ကို ဝေးလံခေါင်သီတဲ့ နေရာတွေဆိုတော့ အကူအညီလိုတဲ့ သူတွေကလည်း တအားကို လိုတာပေါ့ လေ။ ကိုယ့်မိသားစုဝင်တွေ ဒုက္ခရောက် နေသလိုပဲ ခံစားရပါတယ်။ စိတ်လည်း မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ရောက်သွားတဲ့ အခါကျတော့လည်း သူတို့မှာ ဘယ်လောက်ပဲ စိတ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နေပါစေ အပြင်မှာကျတော့ ကျနော်တို့်နဲ့ ဆုံဖို့က သူတို့ အတွက်က မလွယ်ဘူးလေ။
ဒီလို သွားတဲ့အခါ ရုတ်တရက် သူတို့ မြင်လိုက်ရတော့ သူတို့ ပျော်တဲ့ အပျော်က တော်တော်လေးကို ပျော်ကြရှာတာ။ တချို့တွေ ဆိုရင် သူတို့က လှေနဲ့ သွားရတာကိုး။ အဲဒါကို လှမ်းမြင်လိုက်တော့ ရွာထဲကနေ လှေတွေနဲ့ ပြေးပြီးထွက် လာကြတာ။ ကုန်းပေါ်မှာ ဆိုဗျာ အလွယ်တကူ ပြေးလာလို့ ရတယ်။ အခုလည်း ရေတွေ ကြီးနေတာကို လှေတွေနဲ့ကို ပြေးလာ ကြတာ။ အဲဒီလိုပေါ့ နော်၊ သူတို့အရမ်းကို ဝမ်းသာကြတာ။ သူတို့ စိတ်ဓာတ်ပိုင်းမှာ နည်းနည်းလေးလောက်ပဲ ဖြစ်ဖြစ် ပျော်သွားအောင် လုပ်ပေးနိုင်တယ် ဆိုရင်ပဲ ကျနော်တို့ အနေနဲ့ တော်တော်လေးကို စိတ်ချမ်းသာတယ်။ ဆိုတော့ အကူအညီလိုအပ်နေတဲ့ နေရာတွေကတော့ အများကြီး ရှိနေပါသေးတယ်။
မေး။ ။ အခုချိန် အထိရော သူတို့ အတွက် ဘာတွေ လိုအပ်နေသေးတယ် လို့ မြင်မိလဲ။
ဖြေ။ ။ အခုလက်ရှိ အခြေအနေမှာတော့ အဓိက လိုအပ်ချက်ကတော့ အစားအစာပဲ ပေါ့။ လောလောဆယ်မှာ တော့ သူတို့ အတွက် အစားအစာ ပြတ်မသွားဖို့ပဲ အရေးကြီးတာ ပေါ့။ ဒီကာလလေးကို ဖြတ်ကျော်သွားပြီး ရေတွေ လည်း ကျပြီ၊ ပြန်လည်းနေလို့ ရပြီ ဆိုရင်တော့ သူတို့ အတွက် ပြန်လည်ထူထောင်ရေး ကာလတွေ လာတော့မယ်ပေါ့။ အဲဒီလို အချိန်ကျရင်တော့ လိုအပ်ချက်တွေက နောက်တမျိုးတွေ ဖြစ်လာတော့မယ် ပေါ့။ လောလောဆယ်မှာတော့ အစားအစာ၊ ရေ၊ ဆေးဝါး မပြတ်လပ်အောင်ပဲ အဓိက လိုအပ်နေတာပါ။
မေး။ ။ ပြန်လည်ထူထောင်ရေး အပိုင်းကလည်း တခါတည်းနဲ့ မပြီးတဲ့အခါကျတော့ အဲဒီအပိုင်းကိုရော နောက်ထပ် ဘယ်လို ပါဝင်လုပ်ဆောင်ပေးဖို့ လိုတယ်လို့ မြင်မိပါလဲ။
ဖြေ။ ။ လက်ရှိမှာတော့ စဖြစ်ကတည်းက တနိုင်ငံလုံး အင်တိုက် အားတိုက် ပါဝင်နေကြတာ လေ။ ဆိုတော့ ပြန်လည် ထူထောင်ရေးက နောက်ထပ် နှစ်လ သုံးလောက်ဆိုရင် ထဲထဲဝင်ဝင် ရောက်လာတော့မယ် လေ။ အဲဒီအခါ ကျရင် ဖြစ်နိုင်တာက ကူညီပေးနေတဲ့ သူတွေကလည်း လက်ပန်းက ကျချင်နေပြီ၊ မောလာကြပြီ၊ အဲဒီအချိန်မှာမှ အဓိက အချိန်ကလည်း ရောက်လာမယ်။ သူတို့ အတွက်ကလည်း ပိုပြီးတော့ အရေးကြီးလာပြီ။ ဒီတော့ အဲဒီပြဿနာ လေးတော့ နည်းနည်း ရှိနိုင်မယ် လို့ ထင်တယ်။ ဒါပေမယ့်လည်း တချို့ သေသေချာချာ လုပ်နေတဲ့ အဖွဲ့အစည်း လေးတွေလည်း ရှိပါတယ်။ ပြန်လည်ထူထောင်ရေး အတွက် အင်တိုက်အားတိုက်နဲ့ အခုကတည်းက ပိုက်ဆံတွေ ကြိုပြီး စုဆောင်းထားရင်းနဲ့ ဘာတွေ လုပ်ကြမလဲ ဆိုတာကို တိုင်ပင်နေကြတဲ့ အဖွဲ့အစည်း လေးတွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို အဖွဲ့အစည်း မျိုးတွေနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ပူးပေါင်းပါဝင်ဖို့ စကားတွေ ပြောထားတာ ရှိတယ်။
ဥပမာ ကျနော်တို့ ပြန်လည် ထူထောင်ရေးကို သွားကြတဲ့အခါ Celebrity တွေလည်း ပါမယ်၊ တခြား လူတွေလည်း ပါမယ်။ အဲဒီလို သွားမယ့် လူတွေက ဒီအတိုင်း သွားပြီးတော့၊ ရမ်းသန်းပြီးတော့ လုပ်နေကိုင်နေ တာနဲ့ စာရင် ဆိုက်ကို လောဂျစ်တို့၊ စိတ်နဲ့ ပတ်သတ်တဲ့ အားပေးမှုတွေကို ထူထောင်ရေး အပိုင်းမှာ တကယ် နားလည်တဲ့ ဆရာတွေဆီမှာ ကျနော်တို့က သင်တန်းတွေ တက်မယ်။ တပတ်လောက် တက်မယ်၊ ဆယ်ရက်လောက် တက်မယ်။ တက်ပြီးတဲ့ အခါမှာ ဒီနေရာမှာတော့ ဒီလိုစကားမျိုး ပြောသင့်တယ်၊ ဒီလို အလုပ်မျိုးကို လုပ်သင့်တယ် စသဖြင့် ပေါ့။ ဒီ သင်တန်း လေးကနေ သင်ပေးလိုက်တဲ့အခါမှာ ကျနော်တို့တွေ တကယ့်နေရာတွေကို ရောက်တဲ့ အခါမှာ စနစ်တကျလေး ဖြစ်သွားမယ်။ အဲဒါမျိုးလေးတွေက အစ စဉ်းစားထားတာတွေ ရှိပါတယ်။ စိတ်ပိုင်း ဆိုင်ရာ လည်း ပါမယ်၊ လိုအပ်တဲ့ ပစ္စည်းပိုင်းဆိုင်ရာတွေ ပံ့ပိုးပေးတာလည်း ပါမယ်။ အကုန်လုံးပါမှာ ပေါ့။
မေး။ ။ ကယ်ဆယ်ရေး အပိုင်းနဲ့ ပတ်သက်ရင်ရော ဘယ်လိုလူတွေ သွားသင့်တယ် လို့ မြင်လဲ။ ကယ်ဆယ်ရေးနဲ့ ပတ်သတ်ပြီး သင်တန်း မတက်ထားတဲ့သူ၊ မတတ်ကျွမ်းတဲ့သူတွေ မသွားသင့်ဘူး ပြောကြတယ်။ အဲဒီအပိုင်းနဲ့ ပတ်သတ်ပြီး ကိုပြေတီဦးရဲ့ အမြင်ကိုလည်းသိချင်ပါတယ်။
ဖြေ။ ။ ဒါကလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့်လည်း ခက်တာက ဘယ်လိုပြောမလဲ ဆိုတော့ အဲဒီ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေ အကုန်လုံးက အကူအညီ လိုအပ်နေတဲ့လူတွေ အကုန်လုံးနဲ့ ယှဉ်ရင် တအား နည်းနေ သေးတယ်။ အဲဒီလို စနစ်တကျနဲ့ တတ်ကျွမ်းထားတဲ့ ကယ်ဆယ်ရေးတွေက မလုံလောက်ဘူး။ ဆိုတဲ့ အခါကျတော့ အပြင်လူတွေ အနေနဲ့လည်း ပါသင့်သလောက်တော့ ပါရမှာပဲ။ ဒါပေမယ့် ခုနက ပြောသလိုပေါ့ နော်။ နည်းနည်းပါးပါး တတ်သိနားလည် ပြီးတော့ အားကောင်းမောင်းသန်နဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။
ဥပမာ ကယ်ဆယ်ရေး သွားမယ့်သူက အရမ်း အသက်အရွယ် ငယ်ရွယ်တာမျိုး၊ တခုခုဆိုရင် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်တာမျိုး၊ အဲဒါမျိုး လူငယ်ဆိုရင် တော့လည်း မသွားသင့်ဘူး ပေါ့။ လူတွေ အများကြီးထက်လည်း လိုအပ်သလောက်ပဲ သွားတာ ကောင်းတယ်။ ဥပမာ ရွာတရွာကို ဆန်အိတ်တွေ သွားပို့မယ်၊ အဲဒီအခါ နှစ်ယောက် သုံးယောက် သွားလို့ ရတဲ့ နေရာမှာ အယောက် ၂၀ လောက်ကြီး သွားမယ် ဆိုရင်လည်း မလိုအပ်ဘူးပေါ့။ အဲဒီတော့ သွားတော့ သွားရမှာပဲ။ ဒါပေမယ့် လိုအပ်ရင် လိုအပ်သလောက်လေး ချင့်ချိန်ပြီးတော့ လုပ်တာ ပိုကောင်းတယ်။
မေး။ ။ ကိုပြေတီဦးရဲ့ ဖောင်ဒေးရှင်းကရော ပညာရေး အတွက် သီးသန့်ပဲလား။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ် တွေ ကြုံလာတဲ့အခါမှာ ဒီဖောင်ဒေးရှင်းအနေနဲ့ ပါဝင်လှူဒါန်းဖို့ အစီအစဉ်ရော ရှိပါလား။
ဖြေ။ ။ ကျနော့် ဖောင်ဒေးရှင်းအနေနဲ့တော့ လောလောဆယ်မှာ ကျနော်လုပ်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး။ ကျနော့်ရဲ့ Personal ၊ ကျနော့် Individual အရတော့ လုပ်နေမှာပဲ၊ ဆိုလိုတာက ဖောင်ဒေးရှင်းမှာက ဒီလို အများကြီး လုပ်ဖို့ ဝန်ထမ်းကလည်း အစကတည်းက များများစားစား မရှိဘူးလေ။ သူက ပညာရေး အတွက်ပဲ လုပ်ထားတာကိုး။ ဦးတည်ချက်လည်း မတူတဲ့ အခါကျတော့ ဖောင်ဒေးရှင်း အနေနဲ့တော့ မလုပ်ဖြစ်ဘူး။ ပြေတီဦးဆိုတဲ့ လူတယောက် အနေနဲ့ပဲ လုပ်ဖြစ်တယ်။ ဒါပေမယ့် ပြန်လည်ထူထောင်ရေး ကာလမှာ ပညာရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်လေးတွေ ရှိလာခဲ့ရင် ဖောင်ဒေးရှင်းအနေနဲ့ ဝင်ပါရမှာမျိုးတွေတော့ ရှိရင်ရှိမယ်။
မေး။ ။ ပရဟိတ လုပ်ရင်း အကြောင်း အမျိုးမျိုးကြောင့် အသက် သေဆုံးသွားကြတဲ့ သူတွေအပေါ်မှာရော ဘယ်လိုများ ဂရုဏာ သက်မိပါလဲ။
ဖြေ။ ။ ခုနက ပြောသလိုပေါ့။ လုပ်သင့် လုပ်ထိုက်တဲ့ အတိုင်းအတာလေးကို ချင့်ချိန်ပြီးတော့ လုပ်သင့်လုပ်ထိုက် သလောက် လုပ်တာ အကောင်းဆုံးပါပဲ။ ခုနက ပြောသလိုပဲ၊ သုံးယောက်လောက် လိုတဲ့ နေရာမှာ အယောက် ၂၀ လောက် ဆိုရင် စုစည်းရတာ၊ ထိန်းသိမ်းရတာ၊ ပိုပြီး ခက်ခဲလာမယ့် အပိုင်းတွေ ရှိတယ်။ တခုခု အန္တရာယ်ဖြစ်ရင် လည်း လူတွေ အများကြီး ဖြစ်တယ် ပေါ့။ ဘာမဆို စနစ်တကျလေးနဲ့ သေသေချာချာလေး ထိန်းထိန်းသိမ်းသိမ်း လေးနဲ့ လုပ်သွားမယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။
မေး။ ။ အနုပညာရှင်တွေ ဆိုရင်လည်း အလှူခံတဲ့သူက အလှူခံပေးတယ်၊ သွားရောက် လှူဒါန်းကြတဲ့ သူတွေကလည်း လှူဒါန်းကြတယ်။ ဒီလို အားလုံးနီးပါး ပါဝင်လာကြတဲ့ အပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ ဒါက အရမ်းကို ဝမ်းသာဖို့ ကောင်းပါတယ်။ ကျနော်တို့ အခုဟာကလည်း အနုပညာသမားမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ သူတွေ အားလုံးက ပူးပေါင်းပြီး ပါဝင်နေကြတဲ့ အခါကျတော့ ဒါဟာ တခုခု အရေးအကြောင်း ကြုံပြီ ဆိုတာနဲ့ ကျနော်တို့ လူမျိုးတွေဟာ တယောက်ကို တယောက် ချစ်ခင်မှု ရှိတယ်၊ စည်းလုံးမှုရှိတယ်၊ အချိန်မရွေး အသင့်ဖြစ်နေတယ် ဆိုတာကို ပြထားပြီးသား ဖြစ်တယ် ပေါ့။ ဒီဟာက အဆိုးထဲက အကောင်းပဲပေါ့။ အရမ်းဝမ်းသာ စရာ ကောင်းတဲ့ အနေအထားတခုပါ။
မေး။ ။ ပြန်လည်ထူထောင်ရေး အပိုင်းမှာပဲ ဖြစ်ဖြစ်၊ အခုလက်ရှိ ရေဘေးသင့် ပြည်သူတွေနဲ့ ပတ်သတ်ပြီး ကိုပြေတီဦးက ပြည်သူကို ပြောပြချင်တာ တခုခုရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ တနိုင်ငံလုံးက လူတွေကလည်း ကျနော် ခံယူထားသလိုပဲ ခံယူထားကြမှာ ပါပဲ။ ဒါတွေ အကုန်လုံးက ကျနော်တို့ရဲ့ မိသားစုတွေပဲလေ။ ကိုယ့်ရဲ့ မိသားစုတွေ ဖြစ်နေသလိုပဲ အားလုံးလည်း ခံစားကြရတာပါပဲ။ ဒါကြောင့်မို့ လို့လည်း ဒီလောက်အထိ တက်တက်ကြွကြွနဲ့ လှုပ်ရှားပြီး ပါဝင်လာကြတာ ပေါ့။ ဒီတော့ စည်းလုံး ညီညွတ်မှုလေးကို ကျနော်တို့တွေက ပျောက်ပျက် မသွားအောင် အမြဲတမ်း ရှိနေသင့်တဲ့ အရာပဲ ပေါ့။ စည်းလုံးညီညွတ်မှု၊ တယောက်ကို တယောက် အပြစ်မမြင်ဘဲနဲ့ ချစ်ခင်မှု၊ တယောက်ကို တယောက် ပံ့ပိုးရင်း၊ ကူညီရင်းနဲ့ လိုချင်တဲ့ အနေအထားတခု ရောက်အောင် ဖြတ်သန်းကြတဲ့ အလေ့အထလေး တခုပေါ့။ ဒါလေးက အရမ်းကို တန်ဖိုး ရှိပါတယ်။
ဒီရေဘေး ကယ်ဆယ်ရေး တခုတည်းပဲ မဟုတ်ဘဲနဲ့ ကျနော်တို့ တိုင်းပြည်ကို ထူထောင်ကြတဲ့ နေရာ မှာလည်း ဒီလိုစိတ်ဓာတ်မျိုး နဲ့ပဲ ကျနော်တို့ တတွေ ကိုယ့်တာဝန်လေးတွေ တပိုင်တနိုင် ယူပြီး ထူထောင်ကြမယ်၊ တယောက်ကို တယောက် အပြစ်တွေ မပြောကြဘဲနဲ့ တယောက်ကိုတယောက် ထိန်းထိန်း သိမ်းသိမ်း ဖေးဖေးမမ လေးနဲ့ သွားကြမယ် ဆိုရင် ကျနော်တို့ နိုင်ငံလည်း တခြားနိုင်ငံတွေလိုပဲ အမြန်ဆုံး ထူထောင်လို့ ရနိုင်တာပေါ့နော်။
မေး။ ။ အခုလက်ရှိ အနုပညာနဲ့ ပတ်သက်ပြီးတော့ရော ကိုပြေတီဦး ဘာတွေများ လုပ်နေပါသလဲ။
ဖြေ။ ။ အခု လောလောဆယ်တော့ ကျနော် ကားရိုက်တွေ အကုန်လုံး ဖြတ်ထားတာ။ ကားရိုက်တွေ ဖြတ်ပြီး လုပ်နေတာ။ အခုထက်ထိကို ပြန် မရိုက်ရသေးဘူး။ နောက်ထပ် ဆယ်ရက်လောက်နေမှပဲ ဇာတ်ကား တကား နှစ်ကားလောက် ရိုက်ဖြစ်ချင် ရိုက်ဖြစ်မယ်။ ရိုက်ဖြစ်ရင်လည်း လောလောဆယ်တော့ ဗီဒီယိုကားတွေပဲ ရိုက်ဖြစ်မှာပါ။ ။