ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိသူ၏ DNA ကိုစစ်ဆေးရာ ဘန်ကောက်ဗုံးကွဲမှုတွင် သံသယရှိသည့် အဝါရောင် တီရှပ် ဝတ်ဆင်ထားသူ မဟုတ်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ကြောင်း Bangkok Post သတင်းတွင်ဖော်ပြထား သည်။သို့သော် သူသည်လည်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်နေသူများတွင် တဦး အပါအဝင်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိ ဖမ်းဆီးထားသည့် အသက် ၂၅နှစ်အရွယ် ယူဆွပ်ဖ် မိုင်ရိုင်လီ ထံမှ ရယူထားသည့် DNA နှင့် ဗုံးကွဲမှု သံသယတရားခံ အဝါရောင်တီရှပ်ဝတ်သူမှ တက္ကစီဒရိုင်ဘာအား ပေးသည့် ပိုက်ဆံပေါ်တွင် ကျန်ခဲ့သည့် DNA၊ ဗုံးထည့်လာသည်ဟု ယူဆရသည့် အညိုရောင်အိတ်ပေါ်တွင် ကျန်ခဲ့သည့် DNA တို့ကို တိုက်ဆိုင်စစ်ဆေးရာ မတူညီကြောင်း ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Prawut Thavornsiriက ပြောဆိုလိုက်ခြင်းဖြစ်သည်။
သို့သော် မိုင်ရိုင်လီ၏ လက်ဗွေသည် မင်ဘူရီအရပ်ရှိ Maimuna Garden အိမ်ရာမှ သိမ်းဆည်းရမိသည့် လက်သည်းညှပ်၊ နောင်ကျောက်ခရိုင်ရှိ လူနေအိမ်ခန်းမှ တွေ့ရသည့် ဖောက်ခွဲရေးပစ္စည်းများပေါ်တွင် ထင်ကျန် ခဲ့သည့် အရာများနှင့် တူညီနေသည့်အတွက် သူသည်လည်း ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်နေသူဟု ယူဆ ကြောင်းရေးသားထားသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပထမဆုံး စတင်အဖမ်းခံရသူ တူရကီနိုင်ငံကူး လက်မှတ်ကိုဆောင်သူ အသက် ၂၈နှစ်အရွယ် အဒမ် ကရာဒက်ချ် ဆိုသူအား စစ်တပ်မှ စစ်ဆေးနေရာ ယခုအခါ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ် လိုက်ပြီး ယနေ့မှာ မင်ဘူရီခရိုင်အကျဉ်းထောင်သို့ ပိုဆောင်မည်ဟု သိရသည်။