ဖယ်ဒရယ်စနစ်နှင့် တစ်ပြည်ထောင်စနစ်
အောင်မြင်သော စီမံခန့်ခွဲမှုဆိုသည်မှာ ပဋိပက္ခအားလုံးကို အပြတ်ရှင်းလင်းနိုင်ခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်ချေရှိသည့် အခြေအနေများကို လျှော့ချနိုင်ခြင်းနှင့် အကြမ်းဖက်မှုကို ဖယ်ရှားနိုင်ခြင်းကိုသာ ဆိုလိုပါသည်။ အကယ်၍ ဖယ်ဒရယ်စနစ်၏ အခြေခံဖြစ်သည့် အာဏာခွဲဝေသုံးစွဲခြင်းသည် နယ်နိမိတ်အခြေခံ လူနည်းစုများကို ပိုမိုအကျိုးဖြစ်ထွန်းသည်ဆိုပါက ဖယ်ဒရယ် တိုင်းပြည်တို့တွင် လူနည်းစုများသည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲမှုလျော့နည်းပြီး၊ နိုင်ငံရေးနှင့် စီးပွားရေးအရခွဲခြား ဆက်ဆံခံရမှုနည်းပါးကာ နိုင်ငံငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရ နာကျည်း ခါးသီးမှုလျော့နည်းမည်ဖြစ်သည်။ အထက်ပါ မျှော်မှန်းချက်များကို လေ့လာဆန်းစစ်မှုများတွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ စီမံခန့်ခွဲမှု မျက်နှာစာ ၆ ဖက်စလုံးတွင် ဖယ်ဒရယ်စနစ်က တပြည်ထောင်စနစ်ထက် ပိုမိုသာလွန်သည် ကိုတွေ့ရပါသည်။ (ဇယား (၁) တွက်ကြည့်ရန်)
ဖယ်ဒရယ်စနစ်တွင် အုပ်ချုပ်ရေးဆိုင်ရာ အလွှာအဆင့်ဆင့်ကို ဖန်တီးထားသည့်အလျှောက် ငြိမ်းချမ်းစွာဖြေရှင်း နိုင်သည့် အခင်းအကျင်း အခွင့်အလမ်းလည်း ပိုမိုများပြားသည်ကို တွေ့ရပါသည်။ ထို့အပြင် ဒေသဆိုင်ရာ ခေါင်းဆောင်များကိုလည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းက ၎င်းတို့ပိုမို အကျိုးများသည်ကို ပိုမို လက်ခံလာစေသည်။ ထို့ကြောင့်လည်း ဖယ်ဒရယ်စနစ်တွင် ဒေသခံ ခေါင်းဆောင်များအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလိုမှု ပိုမိုနည်းပါးသည်ကို တွေ့ရသည်။ ပျမ်းမျှခြင်းအားဖြင့် လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲသည့် အရေအတွက်မှာ ဖယ်ဒရယ်တိုင်းပြည်သည် တပြည်ထောင်စနစ် ကျင့်သုံးသည့် တိုင်းပြည်အောက် ထက်ဝက်ကျော်ခန့် နည်းပါးသည်ကို တွေ့ရသည်။ ဖယ်ဒရယ် ပုံသဏ္ဍာန် ကျင့်သုံးသည့် အာဏာရှင်နှင့် တပြည်ထောင်စနစ် အာဏာရှင်ကို နှိုင်းယှဉ်ပါက ဖယ်ဒရယ် အာဏာရှင်က ပိုမိုကောင်းမွန်သည်ကို တွေ့ရသည်။ တပြည်ထောင် အာဏာရှင်နိုင်ငံများတွင် လက်နက်ကိုင် ပုန်ကန်မှုနှုန်းမှ ဖယ်ဒရယ် အာဏာရှင်နိုင်ငံများထက် ၄ ဆခန့် ပိုမိုများသည်ကို တွေ့ရသည်။
ဇယားပါ အချက်အလက်များကို ကြည့်ပါက ဒီမိုကရေစီနိုင်ငံရှိ လူနည်းစုများ၏ အပြုမူမှာ အမျိုးမျိုး ကွဲပြား နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူနည်းစုများ၏ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုမှာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံများတွင် ပိုမိုမြင့်မားနေသည်ကို တွေ့ရလိမ့်မည်။ သို့သော် အသေးစိတ် ကြည့်ရှုပါကမူ အိန္ဒိယနိုင်ငံ၏ ကိန်းဂဏန်းကြောင့် ပိုမိုမြင့်မားသွားရသည် ကိုတွေ့ရပါ လိမ့်မည်။ အကယ်၍ အိန္ဒိယနိုင်ငံ၏ ကိန်းကဏန်းကို ဖယ်ထုတ်လိုက်ပါက ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံများရှိ လက်နက်ကို ပဋိပက္ခမှာ တပြည်ထောင် နိုင်ငံများအောက် ထက်ဝက်ခန့် နည်းပါးသွားသည်ကို တွေ့ရမည်။ အိန္ဒိယနိုင်ငံ၏ ကွဲပြားခြားနားမှုမှာ အထူးအာရုံစိုက်ရမည့် ကိစ္စဖြစ်သော်လည်း အိန္ဒိယ၏ ကိန်းဂဏန်း မပါဝင်ပါက ကွဲပြားခြားနားမှု အလွန်ကြီးမားသည်ကို တွေ့ရပါသည်။ ဖယ်ဒရယ် ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ဖွံ့ဖြိုးနိုင်ငံများ၏ လူနည်းစုများက လက်ကိုင်တော်လှန်ရေး ဆင်နွှဲသည်ကိုမူ မတွေ့ရချေ။
ဖယ်ဒရယ်စနစ် အနေဖြင့် နိုင်ငံရေးခွဲခြားဆက်ဆံမှုကို လျှော့ချနိုင်ပါသလား။ လျှော့ချနိုင်ပါသည်ဟူသော အဖြေဖြေဆိုရန် (အထူးသဖြင့် နယ်နမိတ်တခုတွင် စုစည်းနေသည့် လူနည်းစုများအတွက်) ခိုင်လုံသော အကြောင်းပြချက် အများအပြား ရှိပါသည်။ အဓိကအားဖြင့် ဒေသခံ ကိုယ်စားလှယ်များအနေဖြင့် လူနည်းစုများ၏ အခွင့်အရေးကို အကာကွယ် မပေးထားနိုင်ပါက ၎င်းတို့အနေဖြင့် ထိုအကျိုးဆက်ကို ခံစားရမည်မှာ အသေအချာပင်ဖြစ်သောကြောင့်ပင်။ MAR အစီအရင်ခံစာ အရ နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှုများမှာ ဖယ်ဒရယ်တိုင်းပြည်များတွင် ပို၍နည်းပါးသည်ကို တွေ့ရပါသည်။ (ဇယား -၁ တွင် ရှုရန်) ဤကွာခြားချက်ကို ဒီမိုကရေစီနှင့် အာဏာရှင် စနစ်များတွင်လည်း တွေ့ရပါသည်။
တချို့က စီးပွားရေးနှင့် နိုင်ငံရေး ခွဲခြားဆက်ခံရမှု နည်းလေ နာကျည်းမုန်းတီးမှု နည်းလေဖြစ်သည်ဟု ဆိုကြပါသည်။ ဤအဆိုကိုလည်း တွေ့ရှိရသည့် အချက်အလက်များအရ မှန်ကန်သည်ဟု အတည်ပြုနိုင်ပါသည်။ ဇယား (၁) ၏ အောက်ခြေတွင် ဖော်ပြထားသည့် ကဏ္ဍ (၃) ခုမှ နာကျည်းမုန်းတီးမှုများကို နှိုင်းယဉ်ထားပါသည်။ (၁) နိုင်ငံရေး အခွင့်အရေး၊ (၂) စီးပွားရေးအခွင့်အရေး၊ (၃) ယဉ်ကျေးမှုအခွင့် အရေးတို့ ဖြစ်သည်။ ဖယ်ဒရယ်နိုင်ငံများတွင် နိုင်ငံရေးနှင့် စီးပွားရေးအရ နာကျည်းမုန်းတီးမှုမှာ သိသိသာသာ လျော့နည်းသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုအရ နာကြည်းမှုမှာလည်း ဖယ်ဒရယ်နိုင်ငံများတွင် နည်းပါးသည်ကို တွေ့ရသော်လည်း တပြည်ထောင်နိုင်ငံများနှင့် ကိန်းဂဏန်းများအရ ကွာခြားမှု မကြီးမားသည်ကို တွေ့ရသည်။
အာဏာရှင်စနစ်တွင် လူအများအနေဖြင့် ပြစ်ဒဏ်ခတ်ခြင်းရန်မှ ကင်းလွတ်ရန် မိမိတို့၏ စိတ်ခံစားမှုများကို ဖော်ထုတ်လေ့ မရှိသဖြင့် ၎င်းတို့၏ မကျေနပ်မှုများနှင့် နာကျည်းမှုများကို တိုင်းတာရန် ခက်ခဲသော်လည်း ဒီမိုကရေစီတွင်မူ လေ့လာတိုင်းတာရန် မခက်ခဲလှချေ။ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ရှိ လူနည်းစုအုပ်စုများသည် အခြေခံအားဖြင့် နိုင်ငံရေးနှင့် စီးပွားရေးအရ မကျေနပ်မှုနှင့် နာကျည်းမှုတွင် တပြည်ထောင်စုရှိ လူနည်းစုများထက် လျော့ပါးသည်ကို တွေ့ရပါသည်။ သို့သော် ယဉ်ကျေးမှုနှင့် လူမှုအခွင့်ရေးများနှင့် ပတ်သက်လျှင် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံများတွင် ပို၍ မြင့်မားသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့် ပို၍မြင့်မားရခြင်း အကြောင်းအရင်းကိုမူ အတိအကျ မသိရသော်လည်း ကွာခြားချက် အနည်းငယ်သာရှိသဖြင့် မကျေနပ်မှုနှင့် နာကျည်းမှုမှာ တူညီသည်ဟုပင် ဆိုရပေမည်။ မည်သို့ပင်ဖြစ်စေ ဖယ်ဒရယ်ဒီမိုကရေစီ တိုင်းပြည်များနှင့် ပတ်သက်၍ တခုတည်းသော အားနည်းချက်ပင်ဖြစ်သည်။
ဇယား (၂) အစိုးရ၏ သက်တမ်းနှင့် ဖယ်ဒရယ်နှင့် တပြည်ထောင်စနစ်များအတွင်း လူနည်းစု ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံ
ကိုင်တွယ် ဖြေရှင်းသည့် နည်းလမ်း
၂၅ နှစ် နှင့် အထက်
၂၅ နှစ်အောက်
၁၅ နှစ်အောက်
ဖယ်ဒရယ်
တပြည်ထောင်
ဖယ်ဒရယ်
တပြည်ထောင်
ဖယ်ဒရယ်
တပြည်ထောင်
လက်နက်ကိုင် သူပုန်
ဝ.၇၆
၁.၂၈
၁.၆၉
၄.၀၅
၃.၃၈
၄.၂၅
နိုင်ငံရေးအရ ခွဲခြား ဆက်ဆံမှု
၁.၂၆
၂.၀၇
၁.၈၈
၁.၉၃
၁.၅၀
၁.၇၆
စီးပွားရေးအရ ခွဲခြားဆက်ဆံမှု
၁.၁၄
၂.၀၀
၁.၇၅
၁.၈၄
၁.၂၅
၁.၈၀
နိုင်ငံရေးအရ မကျေနပ်မှု
၁.၄၆
၃.၁၉
၁.၆၃
၂.၉၉
၁.၇၅
၃.၀၂
စီးပွားရေးအရ မကျေနပ်မှု
၁.၇၈
၂.၇၈
၂.၄၄
၂.၄၄
၁.၃၈
၂.၄၆
ယဉ်ကျေးမှု အရ မကျေနပ်မှု
၁.၈၂
၂.၆၉
၁.၆၃
၂.၀၃
၁.၅၀
၂.၁၃
လေ့လာမှု အကြိမ်ရေ
၈
၉
၄
၂၀
၂
၁၅
အရင်းအမြစ်။ ။ဇယား (၁)
မှတ်ချက်။ ၁၉၈၀ ပြည့်နှစ်များအတွင်း အစိုးရအပြောင်းအလဲ လုပ်ဆောင်ခဲ့သော နိုင်ငံများကို လေ့လာဆန်းစစ်မှုတွင် ထည့်သွင်းမထားပါ။ အစိုးရသက်တမ်းကို (အာဏာရှင်နိုင်ငံများအတွက်) နောက်ဆုံး လုပ်ဆောင်ခဲ့သော နိုင်ငံတော်အာဏာသိမ်းမှုနှင့် ၁၉၈၀ ခုနှစ်ကြား နှစ်ကာလအဖြစ် ရေတွက်ပြီး (ဒီမိုကရေစီနိုင်ငံများအတွက်) ဒီမိုကရေစီစတင်ထူထောင်သော ခုနှစ်နှင့် ၁၉၈၀ ကြား နှစ်ကာလများကို ရေတွက်ပါသည်။
အထက်ပါ အချက်အလက်များသည် ဖယ်ဒရယ်နှင့် တပြည်ထောင်စနစ် နှစ်ခုကို စနစ်တကျ နှိုင်းယဉ်ထားသည့် ပထမဆုံး လေ့လာဆန်းစစ်ချက် ဖြစ်သော်လည်း အချက်အလက်များက ဖယ်ဒရယ်စနစ်သည် လူနည်းစုများကို စီမံခန့်ခွဲရာတွင် တပြည်ထောင်စနစ်ထက် ပို၍ အဆင်ပြေချောမွေ့သည်ကို ညွှန်ပြနေပါသည်။ MAR လေ့လာဆန်းစစ်ချက် ရလဒ်များက လူနည်းစုများနှင့် ပတ်သက်၍ ဖယ်ဒရယ်စနစ်က ပိုမိုကောင်းမွန်သည်ဆိုသည့် သုံးသပ်ချက်များကို ထောက်ခံနေရုံသာမက တခြားသော သီးခြား ရှုထောင့် နှစ်ခုကလည်း အထက်ပါ သုံးသပ်ချက်ကို ထပ်မံ ထောက်ခံအတည်ပြုနေသည်ကို တွေ့ရပါသည်။
ဖယ်ဒရယ်နှင့် ပတ်သက်၍ အခြားသောရှင်းလင်းချက်များ
ကျမတို့အနေဖြင့် တခြားသော အကြောင်းတရားတွေရဲ့ အကျိုးဆက်တွေကို ဖယ်ဒရယ်ကြောင့် ဖြစ်သည့် အကျိုးဆက်အဖြစ် မှားယွင်းစွာ မှတ်ယူနေခြင်းလား။ ဤမေးခွန်းကို ဖြေဆိုရန်မှာ သုတေသနပေါင်း မြောက်များစွာ လိုအပ်ပါသည်။ အနုမာန မှန်းဆချက် (၂) ခုက ထိုမေးခွန်းကို ဖြေဆိုနိုင်လိမ့်မည်ဟု ထင်ပါသည်။ ပထမ အယူအဆမှာ တည်ငြိမ်မှုနှင့် သက်ဆိုင်ပါသည်။ ဆိုလိုချင်သည်မှာ တည်ငြိမ်သော အစိုးရသည် မတည်ငြိမ်သော အစိုးရများထက် လူနည်းစုများကို ပိုမို၍ကောင်းစွာ စီမံခန့်ခွဲနိုင်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ဖယ်ဒရယ်တိုင်းပြည်များသည် တပြည်ထောင်နိုင်ငံများထက် ပိုမိုတည်ငြိမ်သည်ဟု ဆိုပါက ကျမတို့အနေဖြင့် ဖယ်ဒရယ်စနစ်ကြောင့် ဖြစ်ပေါ်သည့် အကျိူးထက်စာလျှင် တည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
အမှန်တကယ်အားဖြင့် MAR က ကောက်ခံရရှိသော အချက်အလက်များအရ ဖယ်ဒရယ် နိုင်ငံများသည် တပြည်ထောင် နိုင်ငံများထက်ပို၍ တည်ငြိမ်သည်ဆိုသည့် အချက်ကို ညွှန်ပြနေပါသည်။ ၁၉၈၀ ခုနှစ် MAR စီမံကိန်း စတင်သည့် အချိန်တွင် ဖယ်ဒရယ်နိုင်ငံများ၏ ပျမ်းမျှသက်တမ်းမှာ ၂၀ ဒသမ ၅ ဖြစ်ပြီး တပြည်ထောင်နိုင်ငံများ၏ သက်တမ်းမှာ ၁၄ ဒသမ ၄ နှစ်သာရှိသည်။ အစိုးရ၏တည်ငြိမ်မှုနှင့် သက်တမ်းက အရေးပါသော အခြေအနေ တရပ်ဟုဆိုစေကာမူ ဖယ်ဒရယ်စနစ်၏ အခန်းကဏ္ဍမှာ အဓိကကျနေသေးသည်ဟု ဆိုရပေလိမ့်မည်။ အချက်အလက်များအရ တည်ငြိမ်မှုက လူနည်းစုများကို လက်ခံနိုင်ခြင်းအတွက် အဓိကမကျဘဲ ဖယ်ဒရယ်စနစ်ကသာ အဓိကကျသော အချက်ဖြစ်သည်ဟု ဆိုပါသည်။ ထို့အပြင် ဖယ်ဒရယ်စနစ်က အစိုးရ၏ တည်ငြိမ်မှုကို ပိုမိုအားပေးနေသည်ဟုပင် ဆိုရပေလိမ့်မည်။ အဘယ်အကြောင့်ဆိုသော် ဖယ်ဒရယ် နိုင်ငံများရှိ လူနည်းစုများက လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲမှု ပို၍နည်းသည် ဆိုသည့် အချက်များကြောင့်ပင် ဖြစ်သည်။
ဖယ်ဒရယ်စနစ်၏ အကျိုးဆက်က နို်င်ငံ၏အုပ်ချုပ်ရေး တည်ငြိမ်မှုနှင့် မပတ်သက်ဘဲ သီးခြားဖြစ်သည်ဟုဆိုပါက ကြွယ်ဝချမ်းသာမှုနှင့် ပတ်သက်မှု ရှိပါသလားဟု မေးရပါလိမ့်မည်။ ယေဘုယျအားဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံများသည် အရင်းအမြစ်များ ပိုမိုများပြားသည့်အလျောက် လူနည်းစုများကို ပိုမို လက်ခံ အားပေးနိုင်ကြသည် ဆိုရပေမည်။ ထို့အပြင် ဖယ်ဒရယ်နိုင်ငံများနှင့် တပြည်ထောင်နိုင်ငံများ၏ ဂျီဒီပီကို နှိုင်းယှဉ်ပါက ဖယ်ဒရယ်နိုင်ငံများက ပို၍ချမ်းသာ ကြွယ်ဝကြသည်ကိုလည်း တွေ့ရသည်။ ၁၉၈၀ ခုနှစ်များတွင် တကမ္ဘာလုံးတွင် ဖယ်ဒရယ်နိုင်ငံ ၁၈ နိုင်ငံရှိပြီး နယ်နမိတ်အခြေခံ လူနည်းစုများရှိသော ဖယ်ဒရယ်နိုင်ငံ ၁၄ နိုင်ငံ၏ အချက်အလက်များအရ ထို ၁၄ နိုင်ငံမှာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများတွင် ပါဝင်နေသည်ကို တွေ့ရသည်။ ထိုနိုင်ငံများ၏ ပျမ်းမျှတဦးချင်းဝင်ငွေမှာ တပြည်ထောင် နိုင်ငံများထက် အမေရိကန်ဒေါ်လာ ၃၀၀၀ ခန့် ပိုများသည်ကို တွေ့ရသည်။
ဇယား (၃) တဦးချင်း ပြည်တွင်းထုတ်ကုန်ပမာဏ၊ ဖယ်ဒရယ်နှင့် တပြည်ထောင်စနစ်များအတွင်း လူနည်းစုပြဿနာကို ကိုင်တွယ်ဖြေရှင်းပုံ
ဖြေရှင်းသည့်နည်းလမ်း
အမေရိကန်ဒေါ်လာ
၆၀၀၀ ကျော်
အမေရိကန်ဒေါ်လာ
၆၀၀၀ အောက်
အမေရိကန်ဒေါ်လာ
၃၀၀၀ အောက်
ဖယ်ဒရယ်
တပြည်ထောင်
ဖယ်ဒရယ်
တပြည်ထေင်
ဖယ်ဒရယ်
တပြည်ထောင်
လက်နက်ကိုင်သူပုန်
ဝ.၇၂
၁.၈၁
၁.၀၇
၃.၂၆
၃.၇၈
၃.၈၀
နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှု
ဝ.၈၄
၁.၅၀
၂.၁၉
၂.၂၂
၂.၂၅
၂။၁၄
စီးပွားရေးအရ ခွဲခြားဆက်ဆံမှု
ဝ.၇၆
၁.၈၃
၂.၂၀
၂.၀၉
၂.၁၇
၁.၈၅
နိုင်ငံရေးအရ မကျေနပ်မှုများ
၁.၁၇
၃.၃၃
၂.၁၅
၃.၁၆
၂.၃၃
၃.၂၅
စီးပွားရေးအရ မကျေနပ်မှုများ
၁.၃၂
၃.၂၂
၃.၄၅
၂.၅၁
၂.၂၉
၂.၅၆
ယဉ်ကျေးမှုအရ မကျေနပ်မှုများ
၁.၇၈
၂.၅၃
၁.၉၂
၂.၂၁
၁.၉၂
၂.၂၆
လေ့လာမှုအကြိမ်ရေ
၆
၆
၈
၂၇
၂
၁၈
အရင်းအမြစ်။ ။ဇယား (၁)
မှတ်ချက်။ GDP ကို ၁၉၈၀ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်း ကိန်းဂဏန်းများအပေါ် ပျှမ်းမျှတွက်ယူထားခြင်းဖြစ်ပြီး ဝယ်ယူသုံးစွဲနိုင်စွမ်း ညီမျှခြင်း Purchasing Power Parity (PPP) ဖြင့် တိုင်းတာသည်။ အချက်အလက်များကို Penn World Tables ဖြင့် ပြသထားသော နှစ်များအတွက် ပျှမ်းမျှ တွက်ယူထားခြင်း ဖြစ်သည်။
ကြွယ်ဝချမ်းသာမှုကို အပိုင်း ၃ ပိုင်းခွဲကာ လေ့လာခြင်းဖြင့် ဖယ်ဒရယ်စနစ်၏ သက်ရောက်မှု ပိုမိုထင်ရှားစေပါသည်။ (ဇယား ၃ ကို ကြည့်ရန်)။ ဝင်ငွေ အမေရိကန်ဒေါလာ ၆၀၀၀ နှင့် ၎င်းအထက် ရှိသော နိုင်ငံများမှာ လူနည်းစုများကို လက်ခံနိုင်မှု ပိုမိုမြင့်မားသည်ကို တွေ့ရသည်။ ဝင်ငွေ ၆၀၀၀ အောက် နိုင်ငံများတွင် ဖယ်ဒရယ်စနစ်၏ သက်ရောက်မှုမှာ တသတ်မတ်တည်း မဖြစ်သည်ကို တွေ့ရသည်။ ထိုအခြေအနေမျိုးတွင် တပြည်ထောင်စနစ်က ဖယ်ဒရယ်စနစ်ထက် စီးပွားရေး ခွဲခြားဆက်ဆံမှုနှင့် စီးပွားရေးအရ မကျေနပ်မှုများကို ပိုမိုသက်သာစေသည်ကို တွေ့ရသည်။ ဝင်ငွေ ၃၀၀၀ အောက် နိုင်ငံများတွင် ဖယ်ဒရယ် နိုင်ငံများက တပြည်ထောင်နိုင်ငံများထက် စီးပွားရေးနှင့် နိုင်ငံရေး ခွဲခြားဆက်ဆံမှု ပိုများသည်ကို တွေ့ရသည်။ သို့ဖြစ်ပါ၍ အတိုင်းအတာ တခုအထိ ကြွယ်ဝချမ်းသာသော နိုင်ငံများတွင် ဖယ်ဒရယ်စနစ်၏ ကောင်းကျိုးကို တွေ့ရပြီး ထိုအခြေအနေအောက်ရှိ နိုင်ငံများတွင် ဖယ်ဒရယ်နှင့် တပြည်ထောင်နိုင်ငံများ၏ ကွာခြားချက်မှာ တသတ်မတ်တည်း မရှိသည်ကို တွေ့ရသည်။
ဆင်းရဲသောနိုင်ငံများနှင့် ပတ်သက်သည့် အချက်အလက်များမှာ မေးခွန်းထုတ်စရာ အငြင်းပွားစရာ ရှိသော်လည်း၊ သေချာသည်မှာ ဖယ်ဒရယ်စနစ်သည် ချမ်းသာကြွယ်ဝသော အခြေအနေတွင် သက်ရောက်မှု ပိုမိုမြင့်မားသည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် သီးခြားဖြစ်သော အခြေအနေ အမျိုးမျိုးတွင် အင်စတီကျုးရှင်းတခု အနေဖြင့် တသတ်မတ်တည်း အကျိုးသက်ရောက်မှု ဖြစ်ရန်မှာ မဖြစ်နိုင်ချေ။ အထူးသဖြင့် ဖယ်ဒရယ်စနစ်အနေဖြင့် အင်စတီကျူးရှင်း အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားပြီး ဆုံးဖြတ်ချက် ချမှတ်ရာတွင် လူအများစု၏ ဆန္ဒအတိုင်း (သို့မဟုတ်) လူအားလုံးက သဘောတူလက်ခံသည့်နည်း စသည့်ဖြင့် နည်းအမျိုးမျိုးကို အသုံးပြုမည်ဖြစ်သည့်အလျောက် ၎င်း၏သက်ရောက်မှုမှာ တနေရာနှင့် တနေရာ ကွဲပြားနေမည်ဖြစ်သည်။
သို့သော် ဖယ်ဒရယ်စနစ်သည် ဆင်းရဲသော နိုင်ငံများထက် ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ပိုမို အလုပ်ဖြစ်သည်ဟု ဆိုခြင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ နယ်နမိတ်အခြေခံ လူမျိုးစုပြဿနာများကို ဖြေရှင်းရန်အတွက် ဖယ်ဒရယ်စနစ်မှာ သင့်တော်သော နည်းလမ်းမဟုတ် မဆိုလိုချေ။ တခြားသော နည်းနာများမှာ ပို၍ ထိရောက်ကြောင်း အဆိုပြုလိုပါက ထိုအခြားနည်းနာများကို ပထမဦးစွာ ရှင်းလင်းရမည်ဖြစ်သည်။ နယ်နိမိတ် ကွဲပြားခြားနားမှုကြောင့် ဖြစ်ပွားသည့် ပဋိပက္ခများကို အခြားနည်းနာများဖြင့် မည်သို့ဖြေရှင်း နိုင်မည်နည်း ဆိုသည်ကို ဖော်ထုတ်ရန်လိုအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
နန်စီ ဘာမီရို (Nancy Bermeo) သည် ပရင့်စတန်တက္ကသိုလ်မှ နိုင်ငံရေး ပါမောက္ခတဦးဖြစ်ပြီး နိုင်ငံရေးအုပ်စိုးမှု အပြောင်းအလဲနှင့် ပတ်သက်၍ လေ့လာရေးလျှက်ရှိသည်။ ယခုစာတမ်းသည် နန်စီ ဘာမီရိုနှင့် အူဂို အမ်မိုရက်တီ (Ugo Amoretti) တို့ တည်းဖြတ်သော Federalism and Territorial Cleavages (Johns Hopkins University Press) စာအုပ် နိဂုံးအပိုင်းမှ ကောက်နုတ်ချက်များဖြစ်ပြီး Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။