မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေလျှံ၍ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း ရေဘေး အန္တရာယ် နှင့် ပြန်လည် ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ ဖြစ်သည့် ဟုမ္မလင်းမြို့နယ်အတွင်း အိမ်ခြေ ၈၀၀၀ ကျော်နှင့် မော်လိုက်မြို့နယ် အတွင်း အိမ်ခြေ ၅၀၀၀ ကျော် ရေလွှမ်းမိုးမှုကို ခံနေကြရကြောင်း၊ ဒေသခံများအတွက် ရေဘေး ကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ပေး ကာ ကူညီဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြား ရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီကို ပြောပြသည်။
“ရေကတော့ အနည်းငယ် ပြန်ကျပါပြီ။ လောလောဆယ်တော့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက် နေပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီး ကိုယ်တိုင်ဆင်းပြီး လိုအပ်တာတွေ ကူညီနေပါတယ်”ဟု ဦးစဝီလီဖရန့် က ဆိုသည်။
လတ်တလော၌ မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်တလျှောက်တွင် မြစ်ရေများ စိုးရိမ်အမှတ်ထက် ကျော်နေသဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက် ဘက်တွင် ရေကြီးမှုများ ဆက်ဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဋ္ဌာန မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
“ခန့်မှန်းခြေ နောက် ၂ရက်၊ ၃ရက် အထိ မိုးတွေ ဆက်တိုက်ရွာသွန်းပြီး ရေတွေကြီးနိုင်ပါတယ်”ဟု ဦးကျော်မိုးဦးက ဆိုသည်။
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်အတွင်း ရေများပြန်ကျသွား သော်လည်း ဟုမ္မလင်းမြို့နယ်အတွင်း နှင့် မော်လိုက် မြို့နယ်တွင် ရေကြီးမှု များစတင်ခဲ့ကြောင်း၊ ရေဘေး ကြုံတွေ့နေကြသည့် ပြည်သူများသည် အဓိက အနေဖြင့် သောက်သုံးရေသန့်များ လိုအပ်နေကြောင်း၊ ရေဘေး ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ကူညီဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း မော်လိုက်မြို့နယ်မှ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကိုကိုဦးက ဧရာဝတီသို့ ပြောသည်။
“လက်ရှိ မော်လိုက်က စိုးရိမ်အမှတ် ၈ ပေ အထက်မှာရှိတယ်။ ကယ်ဆယ်ရေးစခန်း ၄၀ ကျော် ပြုလုပ်ထားပါတယ်။ တအိမ်ထောင် ကို ဆန် ၃ပြည်နဲ့ ရေသန့်တွေ ထောက်ပံ့ထားပါတယ်။ လူ အသေအပျောက်တော့ မရှိပါဘူး”ဟုလည်း ဦးကိုကိုဦးက ဆိုသည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး နောက်နှစ်ရက်အထိ စိုးရိမ်ရေအမှတ် အထက်တွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း၊ ဟုမ္မလင်းမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်ကြရန် အကြံပြုထားကြောင်း စက်တင်ဘာ ၇ ရက် ကြေးမုံ သတင်းစာတွင် သတိပေးချက် ထုတ်ပြန်ထားသည်။
နိုင်ငံတဝန်းတွင် ၂၀၁၅ ခုနစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းဒေသ ကြီး ၆ ခု နှင့် ပြည်နယ် ၆ ခုတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၂၂ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန် ခဲ့သည်။