ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်း၏ မဲဆန္ဒနယ် ၂ အတွက် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးရုံးခန်းကိုဖွင့်ပွဲကို စက်တင်ဘာ ၈ ရက်တွင် အမှတ်(၃၂)၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့သည်။ မဲဆန္ဒနယ် ၁ အတွက်ကို စက်တင် ဘာ ၁၀ ရက်တွင် အမှတ်(၈၈)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို လာမည့် စနေ၊ တနင်္ဂနွေလောက်တွင် စတင်ပြုလုပ်သွားမည်ဖြစ်ပြီး တပတ် ၄ရက်ခန့် ပြုလုပ်သွားရန်ရည်ရွယ်ထားကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။ ဒေါက်တာညိုညိုသင်း၏ အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး တက်ရောက်အမှာစကားပြောကြားပေးခဲ့ပြီး ဗဟန်းမြို့နယ်သူမြို့နယ်သားများ၊ ဒေါ်ညိုညိုသင်းကို ထောက်ခံဝန်းရံကြသည့် ဒီမိုကရေစီအင်အားစုများက တက်ရောက်ခဲ့ကြသည်။