စတန်းဖို့ဒ် (Stanford) တက္ကသိုလ်မှ ဒီမိုကရေစီရေးရာ ပညာရှင် ပါမောက္ခ Larry Diamond နှင့် ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်တို့ တွေ့ဆုံမေးမြန်းခြင်း နောက်ဆုံးအပိုင်းတွင် သူက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု နည်းလမ်းနှင့် ပတ်သက်၍ ဝေဖန်စောဒက တက်နေကြခြင်းများ အကြောင်း၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အရှိန်အဟုန် ကောင်းလာခြင်းနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး အားထုတ်မှုများ အကြောင်းကို ဆွေးနွေးထားပါသည်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု နမူနာတွေနဲ့ အားနည်းချက်တွေကို ကျနော်တို့ တွေ့ခဲ့ရတယ်။ အထူးသဖြင့် လတ်တလောဖြစ်သွားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကိစ္စမှာပေါ့။
ဖြေ။ ။ NLD ပါတီထဲကရော အရပ်ဘက် အဖွဲ့အစည်းဘက်ကပါ ဒီမိုကရက် အများအပြားနဲ့ ကျနော်သိပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု ပုံစံက လုံလောက်တဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိမှာ၊ ပွင့်လင်းမြင်သာမှု မရှိမှာ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မရှိမှာ စိုးရိမ်နေကြပါတယ်။ အရမ်းကို သီးသန့်ဆန်တဲ့ ခေါင်းဆောင်မှုတခု ရှိတယ်။ ပါတီ စီမံခန့်ခွဲရေးပိုင်းကလည်း အားလုံး ပါဝင်နိုင်မှု နည်းတယ်။ ဆန့်ကျင်ကွဲလွဲမှုတွေကို ရောစပ်ထားတဲ့ပုံစံ ဖြစ်လာနေတယ်။ လူတော်တော်များများက ဒါကို စိုးရိမ်နေတာ ကျနော်သိပါတယ်။ အမှန်တကယ်တော့ ဒီလို စိုးရိမ်မှုတွေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာပြီး သူ့ရဲ့ပါတီကို ပြန်လည် စုစည်းမှုတွေ စတင်ခဲ့ပြီး မကြာခင်ကတည်းက ပေါ်ထွက်လာခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတွေ ပြီးဆုံးသွားလိမ့်မယ်။ ကွဲပြားခြားနားတဲ့ ခေါင်းဆောင်မှု ပုံစံတခု ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဒီစိုးရိမ်မှုတွေကို ကျနော်ဆက်ပြီး ကြားနေခဲ့ရပါတယ်။
ဝေဖန် ဆုံးဖြတ်တာကတော့ ကျနော်နဲ့ မဆိုင်ပါဘူး။ ကျနော်က အကြောင်းအချက်တွေကို မှတ်သားရုံသက်သက်ပါ။ မြန်မာ နိုင်ငံက ကျနော် လေးစားရတဲ့သူတွေ (အရပ်ဘက် အဖွဲ့အစည်းတွေကပဲ မဟုတ်ပါဘူး၊ ၈၈ မျိုးဆက်ကျောင်းသားတွေကိုပဲ ပြောတာ မဟုတ်ပါဘူး၊ NLD ပါတီကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားတဲ့သူတွေ အပါအဝင်) က စိုးရိမ်နေကြတယ်။ ပထမဆုံး အနေနဲ့ အဲဒါက လုံး၀ ဒီမိုကရေစီ မဆန်တာ၊ ဒုတိယ ကတော့ NLD က ပါတီတခု အနေနဲ့ အားနည်းလာစေတာတွေက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ နဲ့ လွှတ်တော်မှာ လူများစုပါတီဖြစ်လာရင် ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ခေတ်မီပါတီ အဖွဲ့အစည်းတခုအဖြစ် တိုးတက်လာရေးကို တားဆီးနေပါတယ်။ ဒါကြောင့် ဘာဖြစ်လာမလဲဆိုတာ ကျနော်တို့ ကြည့်ရပါမယ်။ ဒါက ကြာဦးမယ်ဆိုတာ ကျနော် သိပါတယ်။ ရွေးကောက်ပွဲ မဲဆွယ် လှုပ်ရှားမှု ကာလအတွင်းမှာ ဒါမှမဟုတ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ကွဲပြားတဲ့ ပုံစံတခု ပေါ်ကောင်း ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် လူတော်တော်များများဆီက ကျနော်ကြားရတဲ့ စိုးရိမ်မှုကလည်း အဲဒါပဲ ဖြစ်နေပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် NLD ပါတီ ဘာဖြစ်မလဲဆိုတာကို လူတွေက အရမ်းစိတ်ပူနေကြတယ်။
ဖြေ။ ။ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း ၅ နှစ်နီးပါး ကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးထဲကို ပထမဆုံး ပြန်ဝင်ပြီးတော့ သူ့ရဲ့ ပါဝင်ပတ်သက်မှုက ကျယ်ပြန့်လာခဲ့ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရတယ်။ လွှတ်တော်ထဲမှာ အလွန်ထင်ရှားတဲ့ ပုံရိပ်တခု ဖြစ်လာခဲ့ပါတယ်။ သူက တိုင်းပြည်ကို အုပ်ချုပ်ဖို့ တာဝန် မရှိခဲ့ပါဘူး။ သူက ထင်ရှားပြီးတော့ အရေးပါတဲ့သူ တယောက်ပါ။ ဒါပေမယ့် တိုင်းပြည်ကို အုပ်ချုပ်ဖို့ တာဝန်မယူခဲ့ရဘူး။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိပြီးတော့ NLD ကလည်း လွှတ်တော်ထဲမှာ နေရာအများစု အနိုင်ရရှိခဲ့ ပြီးတော့ ကျနော် ထင်ထားတဲ့ အကောင်းဆုံး ဖြစ်နိုင်ခြေဖြစ်တဲ့ ညွန့်ပေါင်းအစိုးရတခု ဖွဲ့စည်းခဲ့ရင် အခြေခံအားဖြင့် NLD ရဲ့ ခေါင်းဆောင်အနေနဲ့ သူက အုပ်ချုပ်ဖို့ တာဝန်ရှိလာပါလိမ့်မယ်။ သမ္မတ မဟုတ်ဘူးဆိုရင်တောင် သူက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ ရှိပါတယ်။ ဒီလို မဟုတ်ရင်လည်း အုပ်ချုပ်ရေးမှာ အလွန်အရေးပါတဲ့ တာဝန်ကိုယူရတဲ့ အဓိကနေရာမျိုးမှာ ရှိနေပါလိမ့်မယ်။ အဲဒီလို အခြေအနေမှာတော့ ပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ ဒါလိုမှ မဟုတ်ရင် NLD ပါတီ အနေနဲ့ လူထုထောက်ခံမှု အမြောက်အများ ဆုံးရှုံးကောင်း ဆုံးရှုံးရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ တိုင်းပြည်ရဲ့ အနာဂါတ် နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်တဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေက ဘာတွေပါပဲ။ သူတို့က အနာဂတ်ကို ဘယ်လို ပုံဖော်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ သူတို့ နေရာပေါင်းစုံက ပါဝင်ကြမယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ထဲက တချို့က လွှတ်တော်ထဲကို ဝင်ကောင်းဝင်ကြမယ်။ တချို့က NLD ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာတောင် ပါနေပြီ။ မဇင်မာအောင်လိုပေါ့။ သူ့ရဲ့ မဲဆန္ဒနယ်မှာ အနိုင်ရဖို့ အခွင့်အရေးကောင်းတခု ရှိတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ထဲက တချို့က NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ချင်ခဲ့ကြပေမယ့် အဲဒီအခွင့် အရေးမရခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ အချိန် အတိအကျ မပြောနိုင်ပေမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိလာပါလိမ့်မယ်။ သူတို့တောက်ပလာဖို့ အခွင့်အရေးတွေ ရှိပါလိမ့်ဦးမယ်။ ဒါက ဖြစ်နိုင်ခြေတွေထဲက တခုပါ။ နောက်ထပ် ဖြစ်နိုင်ခြေတခုက မြန်မာနိုင်ငံက ပြည်သူတွေ တွေ့မြင် ပေါ်ပေါက် လာစေတဲ့ ဒီမိုကရေစီကို တည်ဆောက်ရေးမှာ ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ တခြားသော တက်ကြွ လှုပ်ရှားသူတွေအတွက် ကြီးမားတဲ့ အခန်းကဏ္ဍ ရှိပါတယ်။
နိုင်ငံသားတွေရဲ့ ပညာရေး၊ လွှတ်တော်နဲ့ အစိုးရကို စောင့်ကြည့်ရေးတွေ အတွက် ကြီးမားတဲ့ အားထုတ်မှုတခုရှိဖို့ လိုလာပါလိမ့်မယ်။ ဒီမိုကရေစီ အတိုက်အခံအတွက် သူတို့ရဲ့ လွှတ်တော်ကိုယ်စားတွေကို အကြံပေးဖို့၊ အကူအညီပေးဖို့၊ အစိုးရကို ယှဉ်ပြိုင်မှု ရှိရှိ စနစ်တကျနဲ့ အစီအစဉ်အတိုင်းသွားနိုင်အောင် တွန်းအားပေးဖို့ မူဝါဒဆိုင်ရာ ပညာရှင် အဖွဲ့အစည်းလိုမျိုး တည်ဆောက်ဖို့ လိုလာပါလိမ့်မယ်။ ကျနော်ထင်ပါတယ်၊ အတိုက်အခံ အဖွဲ့အစည်းတွေထဲက၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တခြား တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့သူတွေထဲက လွှတ်တော်အတွင်းကို ရောက်သွားသူတွေ၊ အစိုးရအဖွဲ့ထဲကို ရောက်သွားသူတွေ ရှိလာပါလိမ့်မယ်။ ကိုမင်းကိုနိုင်က သူတို့ကိုယ်သူတို့ မကြာခင် အစိုးရအဖွဲ့ထဲမှာ ပါတော့မယ့်သူတွေလို့ မမြင်တဲ့၊ သူတို့ကိုယ်သူတို့ ကွဲပြားခြားနားတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ယူဆကြတဲ့ သူတွေထဲက တယောက်လို့ ကျနော်ထင်ပါတယ်။ သူတို့ဟာ လူ့အဖွဲ့အစည်း အတွင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်၊ အတွေးအခေါ်ခေါင်းဆောင်နဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေပါ။
အရပ်ဘက် လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေမယ့် တခြားသူတွေလည်း ရှိပါတယ်။ သူတို့ဟာ နောက်ဆုံးမှာ လွှတ်တော်နဲ့ အစိုးရထဲကို ကွဲပြားခြားနားတဲ့ လမ်းကြောင်းတခုနဲ့ ဝင်လာကောင်း ဝင်လာနိုင်ပါတယ်။ ဖြစ်နိုင်စရာတခုကတော့ စနစ်ပြောင်းလဲ လာတာနဲ့အမျှ NLD ထဲကို လူတွေ တဖြည်းဖြည်း ပိုပြီးရောက်လာပါလိမ့်မယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တခုကတော့ တကယ်လို့ NLD က ခေတ်မီလာအောင် အားလုံးပိုပြီး ပါဝင်လာနိုင်အောင် မလုပ်ဘူးဆိုရင် (လုပ်မယ်လို့တော့ ကျနော် ထင်ပါတယ်၊ ဒါပေမယ့် မလုပ်ခဲ့ရင်) သူတို့တွေက နောက်ထပ် အတိုက်အခံ ပါတီတခု ဖွဲ့စည်းလာနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သူတို့ရဲ့ အခွင့်အရေးကို ယူပါလိမ့်မယ်။
နိုင်ငံရေး ဆင့်ကဲဖြစ်စဉ် တခုလည်း မလွဲမသွေ ရှိလာပါလိမ့်မယ်။ ဘယ်လို ပုံစံမျိုး ဖြစ်လိမ့်မယ် ဆိုတာကိုပဲ ကျနော်တို့ မသိတာပါ။ ရွေးကောက်ပုံ စနစ်ပြောင်းလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ မဲအများဆုံးရတဲ့သူက အနိုင်ရတဲ့ (first-past-the-post – FPTP သို့မဟုတ် Single member district pluralities – SMDP) စနစ်တွေက မြန်မာနိုင်ငံအတွက် သိပ်မကောင်းဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါက အကျပ်အတည်းတွေအများကြီး ဖန်တီးပေးလိမ့်မယ်။ မဲ ပြန့်သွားမှာကို အများကြီး စိုးရိမ်ရနိုင်တယ်။ အာဏာရပါတီက မဲစုစုပေါင်း ၂၀ ရာခိုင်နှုန်းပဲရပြီး လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၃ ရာ ခိုင်နှုန်းပဲရခဲ့တဲ့ ၁၉၉၀ ခုနှစ်က အခြေအနေမျိုး ခင်ဗျား လိုချင်မှာ မဟုတ်ပါဘူး။ ဒါက ဒီမိုကရေစီအတွက် အခြေအနေ ကောင်းတခု မဟုတ်တာ အမှန်ပါ။ ဒါက ဒီမိုကရေစီ ကစားပွဲမှာ ဝင်ကစားဖို့အတွက် သူတို့ (အာဏာရပါတီ) အတွက် မက်လုံးတခု မပေးနိုင်ဘူးလေ။
တကယ်လို့ ရွေးကောက်ပွဲတွေကလည်း ရိုးသားဖြောင့်မတ်မယ်၊ ဒီမိုကရေစီ အင်အားစုတွေကလည်း ကောင်းကောင်း လုပ်မယ်ဆိုရင်တောင် စစ်တပ်မှာက အင်အားကြီးတဲ့ ဗီတိုအာဏာ ရှိနေတုန်းပဲ။ NLD က ရွေးကောက်ပွဲစနစ်ကို အချိုးညီညီ ပြောင်းလဲဖို့ သဘောတူပေးတာမျိုးကို လာမယ့် လွှတ်တော်မှာ ကျနော်တို့ မြင်ရနိုင်ပါတယ်။ အပြန်အလှန် အနေနဲ့ စစ်တပ်ကလည်း သူတို့ယူထားတဲ့ နေရာ ၂၅ ရာခိုင်နှုန်းကို လျှော့ချဖို့၊ ပယ်ဖျက်ဖို့ ဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်း သဘောတူပါ လိမ့်မယ်။ ဒါက ဆိုးရွားတဲ့ အလျှော့အတင်း အပေးအယူတခု မဖြစ်နိုင်ပါဘူး။
မေး။ ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်က ၂၀၁၆ ခုနှစ်မှာ အာဏာရှိသူတွေ ဖြစ်လာပြီး ဦးရွှေမန်းကလည်း မရှိတော့ဘူးဆိုရင် သူတို့ ညှိနှိုင်းဆွေးနွေးရတော့မယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော် ပြောနိုင်တာကတော့ ဒါက ရှည်လျားတဲ့ ကစားပွဲတခုပါ။ ဦးရွှေမန်း ဖယ်ထုတ်ခံလိုက်ရခြင်းနဲ့ အတူ အလွန်စိတ်လှုပ်ရှားစရာတွေ၊ စိုးရိမ်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ရှည်လျားတဲ့ ကစားပွဲထဲက အဖြစ်အပျက်တခုပါပဲ။ နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေက အခုအခြေ အနေနဲ့စာရင် အလွန် ကွဲပြားခြားနားမယ့်ပုံ ရှိပါတယ်။ ပိုကောင်းတဲ့ပုံစံ ရှိချင်လည်းရှိမယ်၊ ပိုဆိုးချင်လည်း ဆိုးသွားနိုင်ပါတယ်။ ရွေးကောက်ခံ အစိုးရ အာဏာရရှိပြီး အုပ်ချုပ်ရေး စတင်တဲ့ ခုချိန်ကစပြီး နောက် တနှစ်လောက် အကြာမှာရှိမယ့် အခြေအနေက ထပ်ပြီးတော့ ကွဲပြားသွားမယ့် ပုံမျိုးရှိပါတယ်။ အနေအထားပြောင်းသွားတဲ့ အတွက်လူတွေလည်း တယောက်နဲ့ တယောက် ဆက်ဆံဖို့ လေ့လာကြရမယ်။ ဒါကြောင့် နောက်ထပ်လာမယ့် အချိန်တွေမှာ ဒီကိစ္စက ဘယ်လို ပေါ်ထွက်လာမယ်ဆိုတာကို မှန်းဆဖို့ လိုအပ်ပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲ တွေကနေ ဒီမိုကရေစီ အပြည့်အ၀ ရလာမှာ မဟုတ်ဘူး ဆိုတာကတော့ အလွန်ရှင်းပါတယ်။ ကာလရှည်တခုအတွင်းမှာ ကျန်ရှိနေမယ့် အတားအဆီး အနှောက်အယှက်တွေ အများကြီး ကျန်နေပါသေးတယ်။ ရင်ဆိုင်ရမယ့် အတားအဆီး အရှုပ်အထွေးတွေကြားမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို တွန်းအားပေးနိုင်ဖို့ အတွက် အလွန်ကောင်းမွန်တဲ့ ဗျူဟာတခုနဲ့ ကြိုးစားမှုတွေ၊ သိမ်မွေ့မှုတွေ၊ သတ္တိနဲ့ စုစည်းဖို့ ဆန္ဒတွေရှိဖို့လည်း လိုလာပါလိမ့်မယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက မဲအများစုနဲ့ အနိုင်ရရှိခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မကြာမီမှာ ပေါ်ပေါက်လာခဲ့တဲ့ မဘသအဖွဲ့နဲ့ ၉၆၉ လှုပ်ရှားမှု မြင့်တက်လာတဲ့အကြောင်း ပြောပါရစေ။ မဘသအဖွဲ့ကို သတိထားသင့်တယ်လို့ လူအများအပြားက ပြောနေကြတယ်။ အဲဒီအဖွဲ့က ရွေးကောက်ပွဲအပေါ်ကို သက်ရောက်မှု ရှိနိုင်မှာလားဆိုတာ စဉ်းစားနေကြတယ်။
ဖြေ။ ။ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတခု အရှိန်အဟုန် မြင့်တက်နေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေ အနေနဲ့ အနိုင်ရရှိရေး လှုပ်ရှားရာမှာ ဒီလို လူမျိုးခြား မုန်းတီးမှုတွေ၊ သည်းမခံနိုင်မှုတွေနဲ့ ကင်းနိုင်သမျှ ကင်းအောင်နေဖို့ ခက်ပါလိမ့်မယ်။ လူတွေဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ စွန့်စားမှုတွေ၊ မရေရာမှုတွေကို ရှောင်တဲ့သူတွေ ဖြစ်လာကြပါတယ်။ ထောက်ခံမှုကို တောင့်တင်း ခိုင်မာစေချင်ကြတယ်။ ရွေးကောက်ပွဲပြီးသွားပြီး လွှတ်တော်အသစ်တခု စတင်ပုံဖော်တဲ့ အချိန်မှာတော့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကနေ ပါဝင်လာကြတာဖြစ်တဲ့ ရွေးကောက်ခံ အာဏာပိုင် အသစ်တွေအတွက် ဒီကိစ္စကို ပိုမိုထိရောက်စွာ ဖြေရှင်းဖို့နဲ့ ဒါဟာ ဗုဒ္ဓဝါဒ မဟုတ်ဘူး ဆိုတာကို ပြောဖို့ တကယ်ကို အရေးကြီးလာပါလိမ့်မယ်။ ဒါက ကြင်နာခြင်းမဟုတ်ပါဘူး။ ကရုဏာတရား မဟုတ်ပါဘူး။ တယူသန်ခြင်းနဲ့ အမုန်းတရား ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဘယ်ဘာသာတရားရဲ့ မူဝါဒမှာမှ ဒီလိုကိစ္စတွေအတွက် နေရာမရှိပါဘူး။
ခရစ်ယာန်၊ ဂျူး၊ အစ္စလာမ် အစရှိတဲ့ တခြားသော ဘာသာအယူဝါဒတွေရဲ့ အခြေခံ သဘောတရားတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ကျနော် သိသလောက်ပြောရမယ် ဆိုရင်လည်း ဒါတွေက ဗုဒ္ဓဘာသာနဲ့ လုံးလုံးကို ဆန့်ကျင်နေပါတယ်။ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူတိုင်းဟာ တူညီတဲ့ တန်ဖိုးနဲ့ လူသား ဂုဏ်သိက္ခာရှိတယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ နိုင်ငံတကာ ဥပဒေအောက်မှာ လူတိုင်းဟာ တူညီတဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို နားလည်လက်ခံကြဖို့ လိုပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြည်သူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် နိုင်ငံရေးကဖြစ်စေ၊ နိုင်ငံရေးစနစ်တခုမှာ ပါဝင်ဖို့ဖြစ်စေ၊ နိုင်ငံသားဖြစ်ခွင့်ကဖြစ်စေ ငြင်းပယ်ခြင်း မပြုရဘူးလို့ ဖော်ပြထားပါတယ်။
မေး။ ။ အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကို တွေ့နေရတာက တုန်လှုပ်စရာ ဖြစ်ပါတယ်။
ဖြေ။ ။ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးတဲ့နောက် အခြေခံဥပဒေအရ အစိုးရဖွဲ့စည်းပြီးတော့ အသွင်ကူးပြောင်းရေးက အဆင့်သစ်တခု ရောက်လာတဲ့အချိန်မှာ အခွင့်အရေးသစ်တခု ရှိလာမယ်လို့ ကျနော် ထင်ပါတယ်။ ထိထိရောက်ရောက် ချဉ်းကပ်မှုတခု လုပ်နိုင်ဖို့ အခွင့်အရေး ရှိလာမယ်လို့ ထင်ပါတယ်။ အသစ် ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော်နဲ့ အစိုးရ တာဝန်ရှိသူတွေက ဒါကို လုပ်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒါဇင်နဲ့ချီရှိနေပြီးတော့ အစိုးရကလည်း သူတို့နဲ့ ထိတွေ့ ဆက်ဆံနိုင်ဖို့ သမိုင်းမှာ ပထမဆုံးအနေနဲ့ ကြိုးပန်းနေခဲ့တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများနဲ့ ရယူနိုင်မယ်လို့လဲ မျှော်လင့်ချက်တခု ရှိနေတယ်။ အလှူရှင်နိုင်ငံ အမြောက်အများနဲ့ အနောက်တိုင်း အစိုးရတွေလည်း ဒီလုပ်ငန်းစဉ်မှာပါဝင်နေကြပါတယ်။ ဒီကိစ္စက ဘယ်လိုပြီးဆုံးသွားမယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံဟာ ကမ္ဘာ့သမိုင်းမှာ ကာလအရှည်လျားဆုံး ပြည်တွင်းစစ်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာခဲ့ရပါတယ်။ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုရေးတရားမျှတမှု အစရှိတာတွေကို တန်ဖိုးထားသူ မှန်သမျှဟာ ကြာရှည် တည်မြဲမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ အမြဲတမ်း ငြိမ်းချမ်းရေးအတွက် တိုင်းပြည်က ညှိနှိုင်းဆွေးနွေးမှု လုပ်နိုင်မယ်လို့ မျှော်လင့်ထားသင့်ပါတယ်။ တကယ်လို့ သမ္မတ ဦးသိန်းစိန်က လုပ်နိုင်မယ်ဆိုရင် သူ့အတွက် ကျနော် ဆုတောင်းပါတယ်။ သူ အောင်မြင်ဖို့ မျှော်လင့်ပါတယ်။ အစိုးရက လုပ်ခဲ့တာတွေ၊ လုပ်နေတာတွေ တချို့ကို ကျနော် ကြိုက်ချင်မှ ကြိုက်ပါမယ်၊ ဒါပေမယ့် သူတို့ တကယ်လုပ်မယ်ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်မှုတခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ တိုင်းပြည်ကို တည်ငြိမ်စေလိမ့်မယ်လို့ သူ (ဦးသိန်းစိန်) က ယူဆလို့ လုပ်နေတယ်ဆိုရင် သူမှန်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့ ယူဆပြီး လုပ်နေတာဆိုရင်တော့ အောင်မြင်မှု ရချင်လည်းရမယ်၊ အောင်မြင်မှု မရဘဲလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် သူ့မှာ ဘယ်လို အကြောင်းပြချက် ရှိသည်ဖြစ်စေ သူအောင်မြင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ တကယ်လို့ အခု အချိန်မှာ ဆွေးနွေးနေတဲ့ အထဲက အလားအလာရှိတဲ့ အဖွဲ့ ၁၆ ဖွဲ့ထဲက ၁၄ ဖွဲ့နဲ့ သဘောတူညီမှုရခဲ့မယ်ဆိုရင် လုံး၀ အလုပ်မဖြစ်တာထက်စာရင် ပိုကောင်းပါတယ်။ ကျနော် ကြားရသလောက်ဆိုရင် ဆွေးနွေးမှုက တော်တော် ခရီးရောက် နေပြီးတော့ လက်မှတ်ထိုးဖို့ အရမ်းနီးကပ်နေပြီ။ မြန်မာနိုင်ငံအတွက် အလွန်ထူးခြားတဲ့ တိုးတက်မှုလို့ ကျနော် ထင်ပါတယ်။ ဒီတိုင်းပြည်မှာ တိုက်ခိုက်မှုတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ လုံလောက်အောင် ရှိခဲ့ပြီးပါပြီ။ အလွန်အရေးပါတဲ့ အခြေခံ သဘောတရားတခုလို့ ကျနော်ယူဆတဲ့ ဖက်ဒရယ်စနစ်အောက်မှာ ပဋိပက္ခတွေ ပြေငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေဖို့ လုပ်နိုင်တဲ့ အရာမှန်သမျှက တိုးတက်လာတော့မှာပါ။
မေး။ ။ စစ်တပ်က မြန်မာနိုင်ငံအတွင်းမှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ခွင့်ပြုပေးလိမ့်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ စစ်တပ်က ဗဟိုကချုပ်ကိုင်တာကို သဘောကျတဲ့ သမိုင်းရှိခဲ့ပါတယ်။ ဒါကြောင့် ဖက်ဒရယ်စနစ်မှာ ဘာတွေ ပါသလဲ။ လက်ရှိစနစ်က ဖက်ဒရယ် ဘယ်လောက်ဆန်သလဲ ဆိုတာတွေအပေါ် ကွဲပြားခြားနားတဲ့ အမြင်တွေရှိနေမှာ သေချာပါတယ်။ ကျနော် ဒါကို နားလည်ပါတယ်။ ဒါပေမယ့် အဓိကအချက်ကတော့ ဒီအငြင်းပွားမှုတွေကို အားလုံး ပျက်စီးသွားတဲ့အထိ ဆက်လုပ်နေမယ့်အစား ဒါမှမဟုတ် စစ်မြေပြင်မှာ တိုက်ပွဲတွေနဲ့ ဆက်လက် ဖြေရှင်းနေမယ့်အစား လွှတ်တော်နဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမယ့် စားပွဲဝိုင်းဆီ ပြောင်းရွှေ့လိုက်တာ ပိုကောင်းပါတယ်။ ဒါကြောင့် ဦးသိန်းစိန် ဒါကို ကောင်းကောင်း လုပ်နိုင်ဖို့ ကျနော် ဆုတောင်းပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းရေးရဖို့ ဆုတောင်းပါတယ်။ သူတို့ အောင်မြင်ဖို့လည်း ကျနော် မျှော်လင့်ပါတယ်။
မေး။ ။ တိုင်းပြည်မှာ အရေးပါတဲ့ နိုင်ငံရေး နောက်ကြောင်းပြန်မှုတွေ ရှိနေတဲ့ အချိန်မှာ အမေရိကန်နိုင်ငံက မြန်မာ အစိုးရကို တရားဝင် လက်ခံလိုက်တာ မြန်လွန်းတယ်လို့ ထင်ပါသလား။
ဖြေ။ ။ နည်းနည်း မြန်သွားကောင်း မြန်သွားနိုင်ပါတယ်။ ဆက်ဆံရေးတံခါး ဖွင့်တာနဲ့ အရေးယူပိတ်ဆို့မှု တချို့ကို ရုပ်သိမ်းလိုက်တာကို ကျနော်က သဘောကျတဲ့သူပါ။ ကျနော်တို့ အနေနဲ့ နည်းနည်း အချိန်ယူ စဉ်းစားသင့်တယ်လို့ အဲဒီအချိန်တုန်းက ကျနော် သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဘူတာရုံမှာ ထွက်ခွာတော့မယ့် ရထားတစင်းရှိနေတယ်၊ ဒီတော့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွေကို တရားဝင်စေဖို့ စိတ်အား ထက်သန်ခဲ့ကြတယ်။ အခု မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး တော်လှန်ရေးတခု ဖြစ်နေပါတယ်။ လူတိုင်း မိုဘိုင်းဖုန်း ရှိကြတယ်။ အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာတယ်။ ဒါက လွပ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ကောင်းတဲ့ အရာတခုပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာဘဲနဲ့တော့ ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ လိုအပ်နေတာက အတိတ်ကို အလွန်အမင်း ပြန်မကြည့်ဖို့နဲ့ ကျနော်တို့ အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားတာ မြန်သလား၊ နှေးသလား ငြင်းခုန်မနေကြဖို့ပါပဲ။ အခုအချိန်က နောက်ထပ် ခြေလှမ်းတွေအတွက် စဉ်းစားရမယ့် အချိန်ပါ။
ကျနော် ပြောနိုင်တာကတော့ အမေရိကန် ကွန်ဂရက်အမတ်တွေရဲ့ စိတ်နှလုံးထဲမှာနဲ့ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေမှာ မြန်မာနိုင်ငံ ရှိနေပါတယ်။ ထူးခြားတဲ့ ဆက်သွယ်မှုတခုပါ။ ၁၉၈၀ နဲ့ ၉၀ နှစ်တွေ အတွင်းက တောင်အာဖရိက နိုင်ငံလိုပါပဲ။ ပြည်သူတွေက ဒါကို ကြီးကျယ်တဲ့ အကြောင်းအရာ တခုအဖြစ် အလေးထားကြပါတယ်။ ကျင့်ဝတ်တခု၊ စိတ်လှုပ်ရှားစရာ တခုလို့ သိကြပါတယ်။ ဒါက အသွင်ကူးပြောင်းရေးရဲ့ သင်္ကေတကို ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ တကယ်လို့ ဒီ အသွင်ကူးပြောင်းရေးက အတုအယောင်တခု ဖြစ်လာခဲ့မယ်၊ မဲဆန္ဒပေးရာမှာ လိမ်လည်မှုတွေရှိမယ်၊ ရွေးကောက်ပွဲ ပျက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုအပေါ် အဆုံးအဖြတ် ပေးတဲ့နေရာမှာ အလေးအနက် ထားစရာ နောက်ဆက်တွဲတွေ ရှိလာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ပြည်သူတွေက ဒါကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံကြမှာ မဟုတ်ပါဘူး။ “ကောင်းပြီ မင်းတို့ကလည်း မင်းတို့ အာဏာဆီပြန်သွား၊ ငါတို့ကလည်း ကိုယ့်နေ့စဉ် လုပ်နေကျ အလုပ်တွေပဲ ဆက်လုပ်တော့မယ်” လို့ ပြောကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲက ပြည်သူတွေရော နိုင်ငံပြင်ပက ပြည်သူတွေပါ စိတ်ပျက်ကြ၊ ဒေါသထွက်ကြပါလိမ့်မယ်။
ဒီမိုကရေစီ အနည်းငယ်လောက်ပဲ ပါတဲ့နည်းလမ်းတွေ ကျင့်သုံးဖို့ သွေးဆောင်ခံနေရသူတချို့ ရှိနေနိုင်တယ် ဆိုတာကို သတိထားမိကောင်း ထားမိကြမယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို သတိထားမိတဲ့အတွက် သူတို့က ဒီမိုကရေစီ လုပ်ငန်း စဉ်အပေါ် လေးစားပြီး ကောင်းတဲ့ဘက်က ကြည့်စေဖို့ ဆွဲဆောင်စည်းရုံး နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကနေ နောက်ကြောင်း ပြန်လှည့်သွားမယ် ဆိုရင်တော့ ၂ နိုင်ငံ ဆက်ဆံရေးမှာ အလွန် အရေးကြီးတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ အဲဒါက ဘားရက် အိုဘားမား အမေရိကန် သမ္မတအဖြစ် ရှိနေချိန်မှာ ဖြစ်တာ မဟုတ်ဘူး ဆိုရင်တော့ နောက်ထပ် တာဝန်ယူမယ့် သမ္မတက အလွန်ကို အလေးအနက် ထားပြီး အရေးယူ ဆောင်ရွက်ဖွယ်ရာ ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။
ဤ အင်တာဗျူး ဒုတိယပိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန်။
အင်တာဗျူး ပထမပိုင်း ဖတ်ရှုရန်။
https://burma.irrawaddy.com/interview/2015/08/28/92863.html
Larry Diamond: ‘Democracy is Not Going to be Achieved Fully in the November Elections’
AUNG ZAW / THE IRRAWADDY