ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ မဲပေးရန် အခက်အခဲများ ရှိနေသဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မဲပေးရန် လှုံ့ဆော် အသိပေးမှု အားနည်းခြင်းနှင့် အလုပ်သမားများအနေဖြင့် မဲပေးရန် လုပ်ဆောင် ရမည့် အဆင့်များ နားမလည်ခြင်း စသည့် အခက်အခဲများကြောင့် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးများ ဆောင်ရွက် ပေးနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ဧရာဝတီသို့ ပြောသည်။
MAT အတွင်းရေးမှူး ဦးခိုင်ကြီးက“အဓိက ကတော့ သံရုံးကနေ မဲပေးရမယ့်ကိစ္စကို အလုပ်သမားတွေကြား ပျံ့နှံ့အောင် ဖိဖိစီးစီး ကြေညာတာမျိုးတို့၊ အင်တိုက်အားတိုက် စည်းရုံးတာမျိုးတွေ လုပ်ဆောင်မှု အားနည်းတယ်။ တချို့အလုပ်သမားတွေက မဲပေးချင်ကြ ပေမယ့် ဘယ်လိုပေးရမှန်း မသိကြဘူး ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း၊ မြို့နယ် မဲဆန္ဒနယ်မြေ အတွက် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကြိုတင်မဲဆန္ဒပေးရမည် ဖြစ်ကြောင်း ကြေညာ ထားသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား သန်းနှင့်ချီရှိနေသော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် မဲပေးရန် လျှောက်ထားသူ ၅၀၀ ဝန်းကျင်သာရှိပြီး ထိုသို့ လာရောက် လျှောက်ထားသူများအနက် မြန်မာနိုင်ငံရှိ မိသားစု သန်းခေါင် စာရင်းများနှင့် ပြန်လည်စိစစ်မှု ပြုလုပ်ရာ၌ ၂၂၄ ဦးသာ မဲပေးပိုင်ခွင့် ရှိသည်ဟု သိရသည်။
ကြိုတင်မဲပေးခွင့်ရသူ ၂၂၄ ဦးထဲ၌ အများစုက ထိုင်းနိုင်ငံတွင် ကျောင်းလာတက်နေကြသူများ၊ NGO များနှင့် ဝန်ထမ်းများ ဖြစ်ကြပြီး အများစုက ရွေးကောက်ပွဲချိန်ရောက်မှ မြန်မာနိုင်ငံအတွင်း ပြန်ပြီး မဲပေးကြမည်ဟု ထင်မြင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုအပြင် ထိုင်းနိုင်ငံ ကော့စမွေ ကျွန်းပေါ်တွင် မြန်မာ အလုပ်သမား ၆ သောင်းကျော် အလုပ်လုပ်ကိုင်နေကြပြီး ရွေးကောက်ပွဲ အတွက် သံရုံးမှတဆင့် မဲပေးကြရန် အများစုကို လှုံ့ဆော်တိုက်တွန်းထားသော်လည်း မဲပေးရန် ဆောင်ရွက်ရမည့် အဆင့်များ နားမလည် သဖြင့် အလုပ်သမားများ စိတ်ဝင်စားမှု နည်းသွားရကြောင်း အဆိုပါ ကျွန်းပေါ်ရှိ ရခိုင်သမိုင်း ဖြန့်ချိရေး အဖွဲ့ တာဝန် ရှိသူ ဦးသန်းရွှေက ဧရာဝတီသို့ ပြောသည်။
ဦးသန်းရွှေက“တချို့ကတော့ မဲပေးချိန်မှာ မြန်မာပြည်ထဲ ပြန်ပေးကြမယ် ပြောတယ်။ ဒါပေမယ့် အဲဒါက ရာခိုင်နှုန်းအားဖြင့်ဆို တော် တော် နည်းတယ်။ အလုပ်က နားပြီးသွားရမယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”ဟု ပြောပြသည်။
ဧရာဝတီက ဆက်သွယ်ခဲ့သော မြန်မာအလုပ်သမားများထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲပေးလိုသူများပြားပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများကို မဲပေးလိုသူများလည်း ရှိသည်ဟု သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှား နယ်စပ်အနီးရှိ ဆောင်ခလာခရိုင် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ဦးသန့်ဇင် ကလည်း“မဲတော့ ပေးချင်ပါတယ်။ ဘယ်နေ့ ပေးရမယ်။ ဘယ်လိုပေးရမယ်ဆိုတာ ကျနော်တို့ မသိဘူးလေ။ ကျနော်တို့အနေနဲ့ သံရုံးကို မဲသွားပေးဖို့ ဆိုတာလည်း တော်တော် အလှမ်းဝေးတယ်။ ကျနော်ကြိုက်တဲ့ပါတီကို မဲပေးရင်ရော အဲဒီပါတီကို ရောက်မလား ဆိုတာ သံသယရှိတဲ့အတွက် သွားမပေးတော့ဘူး”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၇ သန်းရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသော်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတဝန်းတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမား စုစုပေါင်း သုံးသန်းကျော်ရှိသည်ဟု ဆိုသည်။