တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် နေပြည်တော်၌ အစိုးရအဖွဲ့၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့ ယနေ့ ကြိုတင်ပြင်ဆင်သည့် အစည်းအဝေး ပြုလုပ်ချိန် မတိုင်မီ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
နေပြည်တော်၌ စက်တင်ဘာ ၉ ရက်တွင် NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်စေရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံမည်ဖြစ်ကြောင်း၊ တက်ရောက်မည်ဟု ဆိုထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အစ္စရေးနိုင်ငံသို့ ထွက်ခွာသွားသောကြောင့် မတက်တော့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၇ ရက်က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်ပွန်မြို့အနီး၌ RCSS/SSA နှင့် မြန်မာအစိုးရတပ်တို့၊ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲပြန်လည် ဖြစ်ပွားမှုကြောင့် NCA လက်မှတ်ရေးထိုးမှုကို အဟန့်အတား ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားမှုသည် အစိုးရ တပ်မတော်အပေါ် မူတည်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးအခြေစိုက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ဧရာဝတီကို ပြောသည်။
“ကျနော်တို့လည်း နယ်မြေ သတ်မှတ်ပေးထားပြီးသားပါ။ ကျနော်တို့အနေနဲ့ တိုက်ပွဲ မဖြစ်စေချင်ဘူး။ တိုက်ပွဲတွေ ဖြစ်နေရင် NCA လက်မှတ်ထိုးဖို့ အခက်အခဲ ဖြစ်လာနိုင်တယ်” ဟု ဦးစိုင်းဦးက ဆိုသည်။
RCSS/SSA တပ်ဖွဲ့နည်းတူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် အစိုးရတပ်များအကြား တိုက်ပွဲ ဖြစ်ပွားနေကြောင်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုသည်။
TNLA တပ်နှင့် အစိုးရ တပ်မတော် တပ်မ (၇၇) သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်းနှင့် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ဧရာဝတီကို ပြောသည်။
“ဒီနေ့ ကျောက်မဲမြို့နယ်မှာ ၁၀ နာရီကနေ ၁၀ နာရီခွဲ၊ ကွတ်ခိုင်မြို့နယ်မှာ ၁ နာရီ ကနေ ၂နာရီ အထိ တိုက်ပွဲ ဖြစ်တယ်” ဟု သူက ဆိုသည်။ NCA လက်မှတ်ရေးထိုးရေး နောက်ဆုံးအဆင့် အားလုံးပါဝင်ရန် လုပ်ဆောင်နေချိန် တိုက်ပွဲဖြစ်ပွားခြင်းသည် လက်မှတ်ရေးထိုးရန် ခက်ခဲနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အစိုးရတပ် အာဘော် မြဝတီ သတင်းဌာနကမူ TNLA အဖွဲ့ဝင် အင်အား ၁၅ ဦးက ပန်ဝါရွာအနီးတွင် ရဲတဦးကိုဖမ်းဆီးသွားသောကြောင့် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေသည်ဟု ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ကချင်ပြည်နယ် လွတ်လပ်ရေး တပ်မတော် (KIA) နှှင့် အစိုးရတပ်များအကြား ယနေ့နံနက်ပိုင်းက ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း ဗန်းမော်မြို့ ကချင်နှစ်ခြင်း အသင်းတော် အဖွဲ့ချုပ် (KBC) မှ ဦးတူးဂျာက ဧရာဝတီကို ပြောသည်။
ထို့အပြင် အစိုးရတပ်မတော် အင်အား တိုးချဲ့မှုများ၊ လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဖားကန့်အခြေစိုက် KIA တပ်ဖွဲ့မှ ဗိုလ်မှူး တန်ဆိုင်းက ဧရာဝတီကို ပြောသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တိုင်း ဒီလိုပြဿနာတွေက အမြဲတမ်း ကြုံနေရပါတယ်။ တပ်တွေကလည်း အင်အား တိုးချဲ့တာတွေ အမြဲလုပ်နေကြပါ” ဟု ဗိုလ်မှူး တန်ဆိုင်းက ဆိုသည်။
အစိုးရက NCA လက်မှတ် ရေးထိုးရန် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကိုသာ ဖိတ်ခေါ်ထားပြီး ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့၊ ရက္ခိုင့် တပ်မတော်(AA)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) အဖွဲ့ ၆ ဖွဲ့ကို အကြောင်းအမျိုးမျိုးပြ ကန့်သတ်ထားသည်။