ကရင်ပြည်နယ်တွင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်း သူများ မဲပေးခွင့်ရရှိရေး စာရင်းကောက်ခံ၍ မဲစာရင်းစတင်ပြုစုနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောသည်။
ကရင်ပြည်နယ်ရှိ ဘားအံခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်ခရိုင်နှင့် မြဝတီခရိုင်တို့ရှိ မသန်စွမ်း မဲပေးခွင့် ရရှိသူ စာရင်းကို စတင် ကောက်ခံလျက်ရှိပြီး မသန်စွမ်းမှု အမျိုးအစားပေါ် မူတည်ကာ အထောက်အကူပြု ပစ္စည်းများ ဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“အခုဆိုရင် မသန်စွမ်းတွေရှိမယ့် မဲရုံစာရင်းနဲ့ မသန်စွမ်းသူတွေ စာရင်းကို မြို့နယ် ကော်မရှင်ခွဲက တဆင့် စာရင်း ကောက်ခိုင်းထားပါတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့ အထောက် အကူပြု ပစ္စည်းတွေ ပံ့ပိုး ပေး သွားမယ်”ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။
မဲပေးခွင့်ရှိသူ မသန်စွမ်း အုပ်စု ၄ အုပ်စုခွဲ၍ စာရင်းကောက်ခံလျက်ရှိပြီး ခြေပြတ် လက်ပြတ်၊ ရိုးရိုး မသန်စွမ်း၊ အမြင်အာရုံနှင့် စွံအနားမကြားအဖြစ် ခွဲခြားကောက်ခံလျက် ရှိကြောင်း သိရသည်။
ထိုသို့ စာရင်းလိုက်လံ ကောက်ခံရာတွင် မြဝတီခရိုင် အနေဖြင့် အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၆၂ ဦး ရှိကာ ကော့ကရိတ်ခရိုင်အတွင်း အမျိုးသား ၁၂၃ ဦးနှင့် အမျိုးသမီး ၁၇၃ ဦး ကောက်ခံရရှိထားကြောင်း၊ ဘားအံ ခရိုင်နှင့် ဖာပွန်ခရိုင်မှာ မသန်စွမ်း စာရင်းအတည် မပြုနိုင်သေးကြောင်း သိရသည်။
ကော့ကရိတ်ခရိုင်မှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးဝေဠုအောင်က“ကျနော်တို့ အနေနဲ့ မသန်စွမ်းသူတွေ အိပ်ရာထဲက မထနိုင်တဲ့အဆင့် ဆိုရင်တော့ ကြိုတင်မဲ ပေးရပါမယ်။ သွားလာနိုင်သူ ဖြစ် နေရင်တော့ မသန်စွမ်းမှု အပေါ် မူတည်ပြီး အိမ်တိုင်ရာရောက် ကြိုပို့ဆောင်ရွက်ပေးသွားမှာပါ”ဟု ပြောသည်။