ဆွီဒင်နိုင်ငံသား စာရေးဆရာနှင့် စာနယ်ဇင်းသမားတဦး ဖြစ်သည့် ဘာတေးလ် လင့်တနာ (Bertil Lintner) က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မရေမတွက်နိုင်သော ဆောင်းပါးများနှင့် စာအုပ် အမြောက်အများ ရေးသားခဲ့သူဖြစ်သည်။ Far Eastern Economic Review မဂ္ဂဇင်း၏ သတင်းထောက်ဟောင်းတဦး ဖြစ်ပြီး ယခုအခါ ဧရာဝတီ အပါအဝင် သတင်းဌာန မျိုးမျိုးတွင် ပါဝင်ရေးသားလျက်ရှိသည်။ ယခု တွေ့ဆုံမေးမြန်းမှုသည် ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အလားအလာများ၊ နိုင်ငံတကာ၏ စိတ်ဝင်စားမှုနှင့် ကြားခံအဖွဲ့အစည်းတို့၏ အခန်းကဏ္ဍနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ ကိစ္စများအပေါ် သူ၏ အမြင်များကို ဘာတေးလ် လင့်တနာ က ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နှင့် ဆွေးနွေးခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
မေး။ ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် နောက်ထပ်ဆွေးနွေးပွဲတခုက စက်တင်ဘာလ ၉ ရက် (ယနေ့) မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်။ မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မယ့် ပုံလည်း ရှိတယ်။ ခင်ဗျားရဲ့ အမြင်ကို ဝေမျှပေးနိုင်မလား။
ဖြေ။ ။ ကောင်းပါပြီ။ ဆောင်းပါးရှင်တွေက တခါတလေ ဒါကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ ရည်ညွှန်းတတ်ကြပါတယ်။ ဒီစကားလုံး သုံးတာ မှားပါတယ်။ သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးနေတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးနေကြတာပါ။ ပုံမှန်အားဖြင့် အပစ်အခတ် ရပ်စဲရေးဆိုတာ ကြေညာလိုက်လို့ ရပါတယ်။ သူတို့တွေ တဘက်နဲ့ တဘက် ပစ်ခတ်နေတာကို ရပ်လိုက်မယ်၊ သူတို့ထိုင်မယ်၊ ဆွေးနွေးမယ်၊ အားလုံးသဘောတူညီမှု ရရင် နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တခုကို လက်မှတ်ထိုးကြမယ်။ ဒီမှာကတော့ သူတို့က မြင်းမရှိသေးဘဲနဲ့ လှည်းကို အရင်ပြင်နေကြတယ်။ နိုင်ငံရေးကိစ္စတခုမှ မဆွေးနွေးရသေးဘဲနဲ့တောင် သူတို့က သဘောတူညီချက်အတွက် ပြောချင်ကြတယ်။ ဒါက အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
မေး။ ။ ဒီတော့ အစကတည်းက မှားနေတယ်ပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ သဘောတရား တခုလုံးကိုက မှားနေတာ။ သူတို့ သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ပြီ ဆိုပါတော့။ အမှန်တကယ် အပစ်အခတ်ရပ်စဲမှုဆီ ရောက်သွားမှာလား။ အရေးကြီးတဲ့ အချက်က အပစ်အခတ်ရပ်စဲရေးကို ဘယ်လို အကောင်အထည်ဖော်သင့်သလဲ၊ လက်မှတ်ထိုးပြီးတဲ့နောက်မှာ ဆွေးနွေးရမယ့် လက်တွေ့အခြေအနေကို ဘယ်လို စောင့်ကြည့်ရမလဲ ဆိုတာတွေရဲ့ အသေးစိတ်ကို သူတို့ ကြိုတင်မျှော်လင့်ထားရမယ်။ ဒါကြောင့် အခုဟာက ပဋိပက္ခတွေ ပိုများလာစေဖို့ ဖြစ်သွားနိုင်ရုံ သက်သက်ပဲ။ ဘယ်လိုနည်းနဲ့ ငြိမ်းချမ်းရေး ကြာရှည်ခိုင်မြဲစေနိုင်မယ်ဆိုတာ ကျနော် တွေးကြည့်လို့ မရဘူး။
မေး။ ။ ပဋိပက္ခတွေ ပိုများလာနိုင်တယ်လို့ ခင်ဗျားပြောခဲ့တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးပြီးတဲ့ နောက်မှာ ဘာတွေဖြစ်လာမယ်လို့ ထင်သလဲ။ တချို့က အရင်လိုပဲ အလားတူ ပြန်ဖြစ်မှာ စိုးရိမ်နေကြတယ်။ တချို့ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်လို့ ယူဆနေကြတယ်။
ဖြေ။ ။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေပို ဖြစ်လာနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုခု အတွင်းမှာလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ သူတွေနဲ့ ဆန့်ကျင်သူတွေ ကြားမှာ ပြင်းထန်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။ ခေါင်းဆောင် တချို့က အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးချင်ပြီး တခြားအဖွဲ့ဝင်တွေက ဆန့်ကျင်နေကြတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ဥပမာကြည့်ပါ။ ဒါ ကြောင့် သဘောထားကွဲပြားမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာလည်း ပဋိပက္ခတွေ ရှိလာပါလိမ့်မယ်။
ရုပ်သံ ကြည့်ရှုရန် |
---|
မေး။ ။ အပစ်အခတ်ရပ်စဲရေးမှာ အားလုံးပါဝင်တယ်လို့ လူတွေကပြောနေကြတယ်။ ဒါပေမယ့် အဲဒါက သံသယ ရှိစရာအသွင် ဖြစ်နေတယ်။
ဖြေ။ ။ သူတို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လို့ ပြောတယ်။ ဒါပေမယ့် ဒါက တနိုင်ငံလုံးကို ကိုယ်စားမပြုပါဘူး။ ဥပမာ လုပ်ငန်းစဉ်တခုလုံးမှာ ရှမ်းပြည်နယ်က အဖွဲ့တချို့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးတယ်ပဲ ထားလိုက်ပါတော့။ အဲဒါက ဘယ်လိုသဘောလဲဆိုတော့ “ကောင်းပြီ၊ ကျနော်တို့ နောက်ထပ် ၁၀ နှစ်လောက်၊ အနှစ် ၂၀ လောက် ကိုယ့်ဖာသာနေပါရစေ။ ကျနော်တို့ ကိုယ့်ဖာသာ စီမံ ခန့်ခွဲနိုင်ပါတယ်” ဆိုတာမျိုးပါပဲ။ အဓိပ္ပါယ် မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေး စိတ်ကူးတခုလုံးက အသစ်အဆန်း မဟုတ်ဘူး ဆိုတာကို ကျနော်တို့ သတိရ နေရမှာဖြစ်ပါတယ်။ ၁၉၈၀ နှောင်းပိုင်း နှစ်တွေနဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ လောက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့တယ်။ အခု အဲဒီစိတ်ကူးမျိုး ပြန်ဖြစ်လာခဲ့ပြီ။ ကွဲပြားတဲ့ တခုတည်းသော အချက်က သူတို့က ဒီသဘောတူညီချက်မှာ လူတိုင်း လက်မှတ် ရေးထိုးစေချင်တာပဲ။ ထပ်ပြောရမယ်ဆိုရင် ဒီလုပ်ငန်းစဉ်တခုလုံးမှာ နိုင်ငံခြားက ငြိမ်းချမ်းရေး ဖော်ဆောင် သူတွေရဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်နေတယ်။ ကျနော်ကတော့ အဲဒါကို ငြိမ်းချမ်းရေး လုပ်ငန်း အလုပ်ရုံ (Peace industrial complex) လို့ ခေါ်တယ်။
မေး။ ။ ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်ဖို့ အလွန် စိတ်အားထက်သန်နေတာကို တွေ့ရတာက ထူးဆန်းနေပါတယ်။ ကျနော့် အတွက်ကတော့ ဒါက အဆောင်အယောင်တခုနဲ့ ပိုတူနေပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေ အပါအဝင် နိုင်ငံတကာ သံရုံးတွေနဲ့ အလှူရှင်နိုင်ငံတွေကလည်း စိတ်လှုပ်ရှားစွာနဲ့ အကောင်းမြင်နေကြပါတယ်။ ဘာဖြစ်လို့ပါလဲ။
ဖြေ။ ။ အစိုးရက ဒါကိုရွေးကောက်ပွဲမတိုင်မီ အပြီးသတ်နိုင်ချင်လိမ့်မယ်လို့ ယူဆလို့ရပါတယ်။ ဒါမှ တိုင်းပြည် ငြိမ်းချမ်းရေးကို တည်ဆောက်နေပါတယ်ဆိုတဲ့ နာမည်တခု ကျန်ခဲ့မယ်လေ။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တခုကို ရွေးကောက်ပွဲမတိုင်မီ ရနိုင်ခဲ့ရင် ရွေးကောက်ပွဲမှာ အခြေအနေကောင်းလိမ့်မယ်လို့ သူတို့ ယုံကြည်ထားတယ်လို့လည်း ကျနော်ထင်ပါတယ်။ ပြည်သူတွေဆီက ထောက်ခံမှု အမြောက်အများရလိမ့်မယ်လို့ သူတို့က ယူဆထားတယ်။
နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းကလည်း ဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ် ဖိအားတွေ အများကြီးပေးနေတယ်။ အဲဒါက လုံးဝကို ရှက်စရာကောင်းတယ်လို့ ကျနော် ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ပြောရင် ဒီလုပ်ငန်းစဉ်မှာ သူတို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပါဘူး။ သူတို့ အလုပ် မဟုတ်ပါဘူး။ နောက်ပြီးတော့ လက်တွေ့အခြေအနေနဲ့ ရှုပ်ထွေးမှုကို သူတို့ နားလည်တယ်လို့ ကျနော်ကတော့ မထင်ပါဘူး။
မေး။ ။ ကုလသမဂ္ဂ၊ နော်ဝေနိုင်ငံနဲ့ တခြား အလှူရှင် နိုင်ငံတွေကရော ဘယ်လိုလဲ။ သူတို့က အစိုးရနဲ့ Myanmar Peace Center (MPC) တို့ဘက်က ရပ်တည်နေတဲ့ ပုံမျိုးဖြစ်နေတယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ သူတို့ အဲဒီလိုလုပ်နေတယ်။ ခင်ဗျား သိတဲ့အတိုင်းပဲ ဥရောပ သမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ နော်ဝေ နိုင်ငံက MPC ကို အဓိက ငွေကြေးထောက်ပံ့နေတယ်။ ပြီးတော့ သူတို့ ဘာတွေရပြီးပြီလဲ။ ဘာမှ မရခဲ့ဘူး။
ကျနော် နော်ဝေနိုင်ငံကို ဥပမာ ပြပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒါက နော်ဝေနိုင်ငံအတွက် အာရှတိုက်က လူမျိုးစု ပဋိပက္ခ တခုမှာ ပထမဆုံးပါဝင်တာ မဟုတ်ပါဘူး။ သီရိလင်္ကာနိုင်ငံက ကိစ္စမှာလည်း သူတို့ ပါဝင်ခဲ့ကြဖူးပါတယ်။ နောက်ဆုံးမှာ သွေးချောင်းစီးတာနဲ့ အဆုံးသတ်ခဲ့ရတယ်။ ဒီနေ့အချိန်မှာ နော်ဝေနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေ သီရိလင်္ကာကို ရောက်ရင် သူတို့ နော်ဝေက လာပါတယ်လို့ ပြောလို့ မရဘူး၊ မျက်နှာကို ဆွဲထိုးတာ ခံရနိုင်တယ်လို့ အော်စလိုက မိတ်ဆွေ ၂ယောက် ကျနော့်ကို ပြောပါတယ်။ ဒါကြောင့် သူတို့က ဆွီဒင်နိုင်ငံကပါလို့ ပြောကြလိမ့်မယ်။ သီရိလင်္ကာမှာ နော်ဝေက နာမည်ကောင်း မရဘူး။ ဒါကြောင့် လာမယ့်နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဒီလို အလားတူဖြစ်လာခဲ့ရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။
မေး။ ။ နော်ဝေက ဒီ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ဘာကြောင့် စိတ်အားထက်သန်စွာ ပါဝင်နေရတာလဲ။ စီးပွားရေး အကျိုးအမြတ်နဲ့ သက်ဆိုင်မလား။
ဖြေ။ ။ စီးပွားရေး အကျိုးအမြတ် အတွက်ပါ။ နော်ဝေ ရေနံကုမ္ပဏီတွေက မြန်မာနိုင်ငံကို သွားပြီးတော့ ရင်းနှီးမြှုပ်နှံချင် ကြတာမျိုး ရှိတယ်။ အဲဒီအပြင် အဲဒါက နိုဗဲလ်ငြိမ်းချမ်းရေးဆုရဲ့ အမွေအနှစ်တမျိုးလည်း ဖြစ်ပါတယ်။ နော်ဝေနိုင်ငံက သူ့ကိုယ်သူ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ နိုင်ငံလို့ ယုံကြည်ထားတယ်။ ဒါကြောင့် နေရာတိုင်းကို သွားနိုင်တယ်၊ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်ပေါ့။ ဒါပေမယ့် ကျနော် သိသလောက်တော့ အခုအချိန်အထိ ကမ္ဘာပေါ်က ဘယ်ပဋိပက္ခကိုမှ သူတို့ မဖြေရှင်းပေးနိုင်သေးဘူး။
မေး။ ။ အမေရိကန်နဲ့ တရုတ် နိုင်ငံကလည်း ဒီငြိမ်းချမ်းရေး ကိစ္စမှာ ကြီးကြီးမားမား ပါဝင်နေကြတယ်။ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ညီလာခံတွေကို ကြည့်လိုက်မယ်ဆိုရင် ၂ နိုင်ငံလုံးက သံအမတ်ကြီးတွေ တက်ရောက်ပြီးတော့ ၂ ဘက်လုံးနဲ့ ဆွေးနွေးတာကို တွေ့ခဲ့ရတယ်။
ဖြေ။ ။ ကောင်းပါပြီ ကမ္ဘာ့အသိုင်းအဝိုင်း တခုလုံးက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါဝင်နေတာ ဒါက ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီကိစ္စ တခုလုံးမှာ စိတ်ဝင်စားမှုအရှိဆုံးက တရုတ်နိုင်ငံပါ။ အမှန်တကယ်တော့ သူတို့က တခြား နိုင်ငံတွေထက် ပိုကောက်ကျစ်ပါတယ်။ သူတို့ ဘာလိုချင်သလိုဆိုတာ သူတို့သိတယ်။ တချိန်ထဲမှာပဲ ကွဲပြားခြားနားတဲ့ ကစားပွဲ အမြောက်အများကို ကစားနေပါတယ်။ သူတို့က နော်ဝေနိုင်ငံလို ကျင့်ဝတ်သိက္ခာအရ မြင့်မားတဲ့ နေရာကို ယူမထားဘူး။ ကုလသမဂ္ဂလိုပဲ ဘာမှလုပ်မနေဘူး။ တခြားတဘက်မှာတော့ သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားပေးနေတယ်။ တချိန်တည်းမှာပဲ “ဝ” နဲ့ ပတ်သက်လို့ ဘယ်လိုရှိသလဲ။ သူတို့ဆီမှာ တရုတ်ဆီက ရထားတဲ့ တကယ့် အကောင်းစား လက်နက်တွေ ရှိနေတယ်။ အဲဒါတွေက ခိုးယူလို့ရတဲ့ အမျိုး အစားတွေ မဟုတ်ဘူး။
မေး။ ။ တရုတ်နိုင်ငံက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ကစားမယ့် ပုံမျိုးရှိနေတယ်။ တဘက်မှာလည်း တရုတ်နိုင်ငံက သူ့ရဲ့ နယ်စပ်တလျှောက်မှာ တည်ငြိမ်မှုကို လိုချင်တယ်။
ဖြေ။ ။ ဟုတ်ပါတယ်။ သူတို့က တည်ငြိမ်မှုကို လိုချင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အနောက်အုပ်စုဘက်ကို ရောက်သွားပြီး အမေရိကန်နဲ့ မဟာမိတ် ဖြစ်သွားတာကိုလည်း သူတို့ မမြင်ချင်ဘူး။ ပြီးတော့ ဒီကိစ္စကို အများကြီး ပိုကျယ်ပြန့်တဲ့ အမြင်က ကြည့်မယ်ဆိုရင် ဒီကိစ္စက တရုတ်နိုင်ငံက ဘာကြောင့် ကစားပွဲ ၂ ခုကို ဆုပေး ဒဏ်ပေး စနစ်နဲ့ ကစားနေရသလဲ ဆိုတာရဲ့ အကြောင်းပြချက်တခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားမှုတွေကိုလည်း ကျနော်တို့ မေ့မထားသင့်ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအတွက် အရေးအကြီးဆုံး လမ်းညွှန် ဥပဒေသတွေလို့ ကျနော်တို့ ယုံရမှာလား။ ကျနော်ကတော့ ယုံတယ်လို့ မပြောနိုင်ဘူး။ ဒီမှာ တရုတ်နိုင်ငံရဲ့ အနေအထားက နည်းနည်းပိုပြီး အရေးပါတယ်လို့ ထင်တယ်။ တကယ်တော့ ဦးသိန်းစိန်က တရုတ်နိုင်ငံနဲ့ခွာဖို့ လုပ်ဆောင်လာပြီးတော့ အမေရိကန်ကို တံခါးဖွင့်ပေးခဲ့တဲ့အတွက် အမေရိကန် အစိုးရက ဒီပွဲထဲကို ရောက်လာတာပါ။ ဒါကြောင့်လည်း အမေရိကန် အစိုးရက အရမ်းသတိထားတယ်။ မြန်မာအစိုးရ ဘာပဲလုပ်လုပ် သူတို့က မဝေဖန်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို တရုတ်ဘက် ရောက်သွားအောင် ပြန်တွန်းပို့ ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ထင်ကြလို့ပဲ။
မေး။ ။ ဒီ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူတွေက လက်တွေ့အခြေအနေရဲ့ ရှုပ်ထွေးမှုကို မသိကြဘူးလို့ ယုံကြည်ပါသလား။
ဖြေ။ ။ သူတို့က လုံး၀ လမ်းလွဲနေသူတွေပါ။ အခြေအနေကို ပိုပြီးရှုပ်ထွေးလာအောင်၊ ဖြေရှင်းဖို့ ပိုပြီး ခက်ခဲလာအောင် သက်သက်ပဲ ဖြစ်ခဲ့တာ ဝမ်းနည်းစရာပါ။ တကယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ပါဝင် ဆောင်ရွက်ပေးချင်တယ်ဆိုရင် သူတို့ နားမလည်တဲ့ အကြောင်းအရာတွေကို ပြောနေတဲ့သူတွေကို မစေလွှတ်သင့်ပါဘူး။ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံးရဲ့ အားနည်းချက်က အစိုးရဘက်မှာပဲ ရှိတာ မဟုတ်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေဘက်မှာလည်း ရှိပါတယ်။ သူတို့က ဖက်ဒရယ်စနစ်ကို လိုချင်တယ်လို့ ပြောကြတယ်။ ဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးရင် စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တခုလို့ ပြောတယ်။ ဒါပေမယ့် အဲဒါက တကယ့်အဖြေမှန်မှ မဟုတ်တာ။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တိုးတက်အောင်မြင်ရေးမှာ ပါဝင် ဆောင်ရွက်ပေးချင်တယ် ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အတူထိုင်ပြီး ဆွေးနွေးရမယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်နဲ့ ဆီလျော်တဲ့ ဖက်ဒရယ် စနစ်တခုအတွက် သတ်မှတ်ချက်ဘောင်တွေ ပေါ်ထွက်လာအောင် လုပ်ရမယ်။
မေး။ ။ ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေဆီကို ပြန်သွားချင်ပါတယ်။ သူတို့ ငွေကြေး အထောက်အပံ့ ကောင်းကောင်း ရကြတယ်။ သူတို့ကို ငွေထုတ်ပေးသူတွေမှာလည်း ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်လို့ ကျနော်တို့ ယူဆပါ တယ်။ အဲဒီလို ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေဟာ ကြားနေတဲ့သူတွေ၊ ဘက်မလိုက်တဲ့သူတွေ ဖြစ်နိုင်ပါသလား။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ဆောင်ရွက်နေသူတွေကတော့ ကြားနေတဲ့သူတွေ၊ ဘက်မလိုက်တဲ့သူတွေ မဟုတ်ဘူး။ သူတို့က အစိုးရဘက်မှာပဲ ရပ်တည်ကြတယ်။ သဘောတူညီချက် လက်မှတ်ထိုးဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကိုလည်း ဖိအားတွေပေးနေကြတယ်။ တကယ်တော့ တိုင်းရင်းသား အဖွဲ့အစည်းတွေက လက်မှတ် မထိုးချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အပစ်အခတ် ရပ်စဲရေးတခုကိုပဲ မြင်ချင်ကြတာ မဟုတ်ဘူး။ သူတို့က တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဆွေးနွေးချင်ကြတာ။ သူတို့နေတဲ့ တိုင်းပြည်ဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်သလဲ။ တပြည်ထောင်စနစ်နဲ့ နိုင်ငံ ဖြစ်သင့်သလား၊ ဒါမှမဟုတ် ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ်သင့်သလား ဆိုတာမျိုးတွေပါ။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စည်းလုံးမှု အားနည်းတယ်၊ လက်ရှိ ပဋိပက္ခမှာ စီးပွားရေး အကျိုးအမြတ်တွေ ပါဝင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ဆက်တိုက် ထွက်ပေါ်နေတယ်။
ဖြေ။ ။ ပထမဆုံး အနေနဲ့ ကျနော်တို့ မှတ်ထားရမှာက မြန်မာနိုင်ငံက လူမျိုးစု ပဋိပက္ခဟာ လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေ တဘက်၊ ကျန်တဲ့ တိုင်းရင်းသားတွေ အားလုံးက တဘက် ဖြစ်နေတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးစု အသီးသီးကြားမှာလည်း ရှိနေပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ရှိလာနိုင်မလား။ ပြီးတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိပါသလဲ။ တိုင်းရင်းသား အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေ အပေါ်မှာ အလွန်ရောထွေးတဲ့ အရိပ်အယောင် သင်္ကေတတွေ ပေးနေသလိုပဲ။
ဖြေ။ ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဖက်ဒရယ်စနစ်ဆိုတဲ့ စကားလုံးကို သုံးလိုက်တဲ့ အချိန်မှာ တကယ်ကို စိတ်အားထက်သန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး အလွန်အကျွံ စိတ်မလှုပ်ရှားသင့်ပါဘူး။ ဒီစနစ်ကို ဖျက်သိမ်းခံလိုက်ရတဲ့ ၁၉၆၂ ခုနှစ် ကတည်းက ပြည်သူတွေ ဖက်ဒရယ်စနစ် အကြောင်းကို ပြောနေခဲ့ကြပါတယ်။ အသစ်အဆန်းတခု မဟုတ်ပါဘူး။ သူဒီလိုပြောလိုက်တာက နိုင်ငံတကာ အသိုင်းအဝိုင်းကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဖက်ဒရယ်ဆိုတာက စစ်တပ် အသိုင်းအဝိုင်းမှာ မပြောအပ်တဲ့ စကားလုံးအဖြစ် အမြဲတမ်းရှိနေခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ဦးအောင်မင်းက အခုလို ပြောခဲ့တဲ့အတွက် စစ်တပ် အသိုင်းအဝိုင်းက စိတ်ပျက်ခဲ့တယ်လို့ ကျနော်ကြားရပါတယ်။ စစ်တပ်က ဖက်ဒရယ်စနစ်ဆိုတာ တိုင်းပြည်ပြိုကွဲခြင်းရဲ့ ပထမအဆင့်လို့ မြင်ပါတယ်။ ဘာကြောင့် သူတို့ အဲဒီလို ထင်ရတာလဲလို့ မေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပြည်ထောင်စနစ်က အလုပ်မဖြစ်ခဲ့တာ ထင်ရှားနေပါတယ်။ ဒါကြောင့် တခြားတခုကို ကြိုးစားကြည့်ရပါတော့မယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသား လူမျိုးစုတွေ အားလုံး အခွင့်အရေး ရရှိပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို လေးစားမှုရှိတဲ့ ဖွဲ့စည်း တည်ဆောက်မှုမျိုး အပြင် ကျနော် တခြားနည်းလမ်း မမြင်ပါဘူး။ အဲဒါက ဖက်ဒရယ် စနစ်မျိုးမှာပဲ ဖြစ်ပါလိမ့်မယ်။
Bertil Lintner: ‘They Don’t Just Want a Ceasefire, They Want to Talk About the Future of the Country’
AUNG ZAW / THE IRRAWADDY