မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားခဲ့သည့် အချိန်နောက်ပိုင်းတွင် ပထမဆုံး ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုများ တရားဝင် စတင်ခဲ့သည့် အချိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ၏ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် သမ္မတဦးသိန်းစိန်၏ လူရင်းများထဲမှ တဦးနှင့် စတင် ရင်ဆိုင်မည်ဖြစ်သည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်မှ သူ့ကို ထောက်ခံသူများနှင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးများ၏ ဗိသုကာတဦး ဖြစ်၍ သြဇာကြီးမားသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာဖြစ်သည်။
ကယားပြည်နယ်သို့ သွားရောက်ခြင်းက သမ္မတ၏ အနီးကပ်လူရင်းများနှင့် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အနိုင်ယူရန် ဒေါ်အောင်ဆန်းစုကြည်က စိတ်ပိုင်းဖြတ်ထားကြောင်း အရိပ်အယောင် ပြသနေခြင်း ဖြစ်သည်။
ရာစုနှစ်ဝက်ခန့်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီးနောက် စစ်အစိုးရခေတ်တွင် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားခြင်းခံခဲ့ရသော ဒီမိုကရေစီရေး လှုပ်ရှားသူများကို နေရာရရှိစေနိုင်မည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အဓိက အပြောင်းအလဲတရပ်အဖြစ် ယူဆထားကြသည့် ယခုနှစ် ရွေးကောက်ပွဲတွင် နိုင်လိမ့်မည်ဟု NLD က မျှော်လင့်ထားသည်။
စစ်အုပ်ချုပ်ရေးပြီးဆုံးသွားချိန်မှ စ၍ အရပ်သားတပိုင်း အစိုးရက ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ခဲ့သည်။ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံခြာ ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ပေးခဲ့သည်။
“ရွေးကောက်ပွဲတွေက ၁၉၅၀ နှစ်တွေနောက်ပိုင်းမှာ ယုံကြည်စိတ်ချနိုင်စရာ အရှိဆုံး ဖြစ်ဖို့မျှော်လင့်ပါတယ်။ ဒါက အရေး ကြီးပါတယ်” ဟု လွတ်လပ်သော နိုင်ငံရေး လေ့လာဆန်းစစ်သူ တဦးဖြစ်သော ရစ်ချတ်ဟိုဆေးက ပြောသည်။ သူက မြန်မာနိုင်ငံတွင် ILO အရာရှိတဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
“တကယ်လို့ မျှော်လင့်ထားခဲ့တဲ့ အတိုင်း NLD က အကြီးဆုံး အနိုင်ရပါတီ ဖြစ်လာမယ်ဆိုရင် တခြားပါတီတွေက လိုက်မီဖို့ ခက်ခဲမယ်လို့ မျှော်လင့်မှုတွေ အကြီးအကျယ် ရှိလာပါလိမ့်မယ်” ဟု သူက ပြောသည်။
သမ္မတရာထူးနေရာအတွက် ဦးသိန်းစိန်၏ အဓိကပြိုင်ဘက်ဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အာဏာရ ပါတီ ခေါင်းဆောင်နေရာမှ ဖယ်ရှားလိုက်သည့် စိတ်ဝင်စားစရာ အဖြစ်တခုကြောင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် လှုပ်ခါသွားခဲ့ရသည့် လွန်ခဲ့သော တလ နီးပါးခန့် အချိန်ကထဲက ရွေးကောက်ပွဲ အနိုင်ရရှိရေး လှုပ်ရှားမှုများ စတင်ခဲ့သည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ နီးကပ်သော ဆက်ဆံရေးကို စစ်ဘက်က သံသယဝင်ခဲ့ပြီး အတိုက်အခံ NLD ပါတီက အနိုင်ရရှိခဲ့လျှင် ၎င်းတို့၏ သြဇာအာဏာကို မစွန့်လွှတ်ရရေး စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ရှေးရိုးစွဲ မဟာမိတ်များက မည်သည့်ခုခံမှုမျိုးမဆို လုပ်ဆောင်ကြမည်ဟု သတိပေးချက်တခုလို ဖြစ်ခဲ့ပုံရသည်။
ပါတီများက အစိုးရပိုင် မီဒီယာများတွင် မဲဆွယ်ဟောပြောမှုများပြုလုပ်ရာ၌ စစ်တပ်နှင့် စစ်အစိုးရက ရေးဆွဲထားသည့် အခြေခံဥပဒေကို ဝေဖန်ပြောဆိုမှုများ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
ရွေးကောက်ပွဲက ပြည်ထောင်စုအဆင့် လွှတ်တော် ၂ ရပ်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်များအတွက် ၅ နှစ်သက်တမ်းရှိ ကိုယ်စားလှယ်များ ကို ရွေးချယ်ဆုံး ဖြတ်ပေးမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သမ္မတလောင်း ၁ ဦးစီ အဆိုပြုပေးရမည် ဖြစ်သည့်အတွက် ပါတီများ အနေဖြင့် ကိုယ်စားလှယ်နေရာ အများစု ရရှိထားရန် လိုအပ်နေသည်။ စစ်အစိုးရက ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်းနေရာယူထားသည့် စစ်ဘက်ကိုယ်စားလှယ်များက တတိယမြောက် သမ္မတလောင်းကို အဆိုပြုရမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က အဆိုပါ သမ္မတလောင်း ၃ ဦး အနက်မှ ၁ ဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည် ဖြစ်ပြီး ထိုသမ္မတက အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။
“လွှတ်တော်ထဲမှာ အင်အားအကြီးဆုံးဆိုတာထက် သမ္မတနဲ့ သမ္မတရဲ့ အုပ်ချုပ်ရေးက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို အမှန်တကယ် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်” ဟု ရစ်ချတ်ဟိုဆေးက ပြောသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေက NLD မဲအများစု အနိုင်ရရှိလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသည်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း စစ်တပ်ကို ဗီတိုအာဏာ ပေးထားသည်။
ပြိုင်ပွဲကြီး
လွှတ်တော်အတွင်းမှ NLD ၏ အရှိန်အဝါက ၎င်းတို့၏ ကိုယ်ပိုင် သမ္မတလောင်းတဦးကို အမည်တင်သွင်းနိုင်ရန် လုံလောက်သည့် ကိုယ်စားလှယ်နေရာ ရမရ ပေါ်တွင် မူတည်နေသည်။ ဆင်းရဲနွမ်းပါးသည့် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသည့် သဘောထား စစ်တမ်း ကောက်ယူနိုင်မှုကလည်း နည်းပါးသည့်အတွက် ထိုအချက်က ရေရာစွာ မသိရပါ။
NLD ပါတီက သင့်တော်သူတဦးကို သမ္မတလောင်း အဖြစ် အမည်စာရင်းတင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ အသေးစိတ်ကိုမူ ပြောပြရန် ငြင်းဆန်ခဲ့သည်။
စစ်တပ်နှင့် အရပ်ဘက်မှ အငြိမ်းစား အရာရှိများက ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က NLD အတွက် အကြီးဆုံး ပြိုင်ဘက် ဖြစ်သည်။
နောက်ဆုံးကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲမှာ စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်က ဖြစ်ပြီး စစ်အစိုးရ အဖွဲ့ဝင် ဟောင်းများနှင့် ၎င်းတို့၏ စီးပွားရေး မဟာမိတ်များ ပါဝင်နေသည့် USDP က မဲမသမာမှုများ ရှိခဲ့သည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ဖြင့် ရှိနေပြီး NLD ပါတီကလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း နောက်ထပ် ၆ ရက်ကြာသည့်အခါ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခဲ့သည်။ NLD က အရပ်သားတပိုင်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်တွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တောင်ဘက်ရှိ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
“ကျနော်တို့က လက်ရှိ အာဏာရပါတီ ထိပ်သီး ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို အဓိကထား ဖိဖိစီးစီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု NLD ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသည့် ပါတီ အလုပ်အမှုဆောင်တဦး ဖြစ်သည့် ဦးဝင်းထိန်က ပြောသည်။
NLD ပါတီ အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးရယူရေး အပါအဝင် အဓိက ရည်ရွယ်ချက် ၄ ခုကို ဦးတည်သွားမည်ဟုလည်း ဦးဝင်းထိန်က ပြောသည်။
“အကျင့်ပျက်ခြစားမှု မရှိတဲ့ အစိုးရတခုဖွဲ့စည်းနိုင်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်လည်း ကျနော်တို့ လုပ်သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က စစ်တပ်နဲ့ ဆက်ဆံနေရလို့ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဝှိုက်ကတ်ဟု ခေါ်သည့် ယာယီနိုင်ငံသား ကတ်များကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပယ်ဖျက်ခြင်း အပါအဝင် ရွေး ကောက်ပွဲနှင့် ပတ်သက်သည့် အခြားရှုပ်ထွေးအကြောင်းများလည်း အမြောက်အများရှိနေသည်။ ဝှိုက်ကတ်ကိုင်ဆောင် ထားသည့် ရိုဟင်ဂျာ မွတ်ဆလင်များကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံတလွှားတွင် ရှေးရိုးစွဲ ဗုဒ္ဓဘာသာဝင်များ၏ သြဇာလွှမ်းမိုးမှုကျယ်ပြန့်လာခြင်းကို သတိထားသည့် အနေဖြင့် ပါတီ အများအပြားက မွတ်ဆလင်ဘာသာဝင်များကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်း မပြုခဲ့ကြဟု လေ့လာ စောင့်ကြည့်သူများက ပြောကြသည်။