၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ပါဝင်မှု နည်းပါးလျက် ရှိသော်လည်း မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှုထက် အနည်းငယ် ပိုများလာသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်ဝေသည် ရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော်မှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဒေါ်မြင့်မြင့်ဝေ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတို့ကို ဧရာဝတီ၏ မွန်ပြည်နယ် သတင်းထောက် ဟေမာနွန်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ အန်တီ အနေနဲ့ လာမယ့် မဲဆွယ်စည်းရုံးရေး ကာလအတွက် ဘာတွေပြင် ဆင်ထားပြီးပြီးလဲ။
ဖြေ ။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်လွှာ တင်တာတို့နောက် လက်ကမ်းစာစောင်၊ ဗီနိုင်းတွေ လုပ်ဖို့ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေတယ်။ ကမ်းပိန်းကာလက ၈ ရက်နေ့ နောက်ပိုင်းမှ လုပ်လို့ရတယ် ဆိုတော့လေ အခုရက်ပိုင်း လုပ်နိုင်တာ ဒါတွေပဲ ရှိပါတယ်။ ကမ်းပိန်းထဲမှာက ဆောင်ပုဒ်တွေပါမယ်။ ကိုယ်စားလှယ်လောင်း ကိုယ်ရေး အကျဉ်းတွေ၊ ပါတီရဲ့နိုင်ငံရေးသဘောထားတွေ ပါမယ်။
မေး ။ ။ အန်တီရဲ့ မဲဆန္ဒနယ်မှာ တခြား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ပြိုင်ဖို့ ရှိနေတယ်။ ဘယ်လောက်အထိ နိုင်မယ်လို့ မျှော်မှန်းထားလဲ။
ဖြေ ။ ။ အန်တီဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာတင် ၁၀ ဦးတိတိ ရှိတယ်။ ၁၀ ပါတီပေါ့နော်။ အမျိုးသားက ၅ ဦး၊ အမျိုးသမီး ၅ ဦး ပါတယ်။ ယှဉ်ပြိုင်တဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မဲတွေ ကွဲကုန်မှာပေါ့လေ။ အကြိတ်အနယ် ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရမှာပေါ့နော်။ ၂၀၁၅ မှာ အခက်အခဲဆုံး အကျပ်တည်းဆုံးလို့ မြင်တယ်။ ၁၀ ပါတီတောင် ရှိတာကို ရွေးမှာက တဦးတည်းပေါ့နော်။ သူတို့အပေါ်မှာ ဘယ်လို သဘောထားလဲဆိုတော့ ယှဉ်ပြိုင်တယ်ဆိုကတည်းက နိုင်ချင်မှာပဲလေ။ နိုင်အောင်တော့ ကြိုးစားရမှာပေါ့နော်။ မဲဆွယ်ကာလကလည်း ၂ လပဲ ပေးထားတယ် ဆိုတော့လေ။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေကို အခေါက်ခေါက် အခါအခါ သွားဖို့ စည်းရုံးဖို့ ဆိုတာ မလွယ်ဘူး။ တချို့ကျတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းတယ်။ မိန်းမသားတယောက် အနေနဲ့လည်း ကိုယ့်ရဲ့လုံခြုံရေး အဓိကပေါ့နော်။ မိန်းကလေး ဖြစ်နေတဲ့အတွက် စိန်ခေါ်မှုတွေက အများကြီးပေါ့နော်။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ဖြစ်ခဲ့ရင်တော့ ကိုယ်ရှုံးခဲ့လည်း ဝမ်းမနည်းပါဘူး။ အကယ်၍ တရားမျှတမှုလည်း မရှိဘူး၊ ပွင့်လင်း မြင်သာမှုလည်း မရှိဘူး။ ဒါမျိုးနဲ့ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်တော့ စိတ်မကောင်းဘူးပေါ့နော်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။
မေး ။ ။ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ခဲ့ရင်ရော ဘာတွေ လုပ်သွားပေးမှာလဲ။
ဖြေ ။ ။ အန်တီက ဥပဒေဘွဲ့ ရထားပါတယ်။ လက်ရှိလည်း တရားလွှတ်တော်ရှေ့နေလည်း ဖြစ်တာပေါ့နော်။ အဲဒီတော့ နိုင်သွားခဲ့မယ်ဆိုရင် လေ့လာတွေ့ရှိခဲ့ရသမျှတွေမှာ ကိုယ့်ပြည်နယ်၊ လူမျိုးတွေအတွက် ဘာတွေ လိုအပ်နေသလဲ။ ဖြည့်ဆည်းချက်တွေ၊ လိုအပ်ချက်တွေ၊ သူတို့အသံတွေ နားထောင်ပြီးတော့ အစွမ်းကုန် ဖြည့်ဆည်းပေးမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ မွန်ပြည်နယ် မွန်လူမျိုးအတွက် သာမက ကိုယ့်နိုင်ငံ အတွက်ပါ။ ဆောင်ရွက်သွားမှာပါ။ ကိုယ်တတ်ကျွမ်းတဲ့ ဥပဒေပညာနဲ့ ပြုပြင်သင့်တဲ့ ဥပဒေတွေ၊ တရား စီရင်ရေး မဏ္ဍိုင်တွေ၊ အကျင့်ပျက်ခြစားမှုတွေကို လွှတ်တော်ထဲကနေပြီးတော့ တိုက်ဖျက်သွားမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ ပြည်နယ်၊ လူမျိုးတွေမှာ လမ်းပြင်ရုံ၊ တံတားဖောက်ရုံနဲ့တင် မပြီးဘူး။ အန်တီတို့ လူမျိုးတွေမှာ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ချက်တွေကို တောင်းဆိုပေးဖို့ အများကြီး ရှိနေတယ်။ တခြားပါတီက ကိုယ်စားလှယ်တွေနဲ့လည်း လက်တွဲပြီးတော့ ကြိုးစားသွားမှာပါ။
မေး ။ ။ အန်တီ အသက်နဲ့ အလုပ်အကိုင် ပြောပေးပါဦး။
ဖြေ ။ ။ အန်တီအသက် ၅၅ နှစ်ပါ။ ၈၂ နှစ်က ရန်ကုန်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့တယ်။ အခု လက်ရှိ တရားလွှတ်တော် ရှေ့နေတဦး ဖြစ်ပါတယ်။ နေထိုင်တာက ရန်ကုန်မှာပေါ့နော်။ ဇာတိက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကျုံဝမ်း ကျေးရွာပါ။
မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အန်တီအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲသင့်တဲ့ အပိုင်းတွေ အများကြီး ရှိတာပေါ့နော်။ ဥပဒေကို ပြဌာန်းလိုက်တဲ့အချိန်က သူတို့က ၉၉ ရာခိုင်နှုန်း ထောက်ခံတယ် ပြောပေမယ့် တချို့ဥပဒေပညာရှင်တွေ ကိုယ်တိုင် ဒီဖွဲ့စည်းပုံကို ဂဃဏန မသိတဲ့သူတွေ အများကြီး ရှိနေတယ်။ ပွင့်လင်းမြင်သာလာတဲ့ ၂၀၁၀ နောက်ပိုင်းမှာမှ ဒီဖွဲ့စည်းပုံကို ထဲထဲဝင်ဝင် ဥပဒေပညာရှင်တွေ သိလာကြတာပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာကြည့်တော့ အားနည်း ချက်တွေ၊ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေ အများကြီးရှှိတာပေါ့နော်။ ဒါပေမယ့် အခုလွှတ်တော်မှာ ပြုပြင် နေတာပဲ ပြောင်းလဲနေတာပဲ။ အန်တီအနေနဲ့ အတိုင်းအတာတခုအထိ စံနှုန်းမမီသေးဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အန်တီအနေနဲ့ ပြုပြင် ပြောင်းလဲချင်တဲ့ အရာတွေက အများကြီးပဲ။ ပြောင်းလဲနေတာ နည်းနည်းပဲ ရှိသေးတာဆိုတော့ အားမရသေးဘူးပေါ့နော်။
မေး ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေအနေကိိုရော ဘယ်လိုသဘောထားလဲ။
ဖြေ ။ ။ အန်တီအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ အမျိုးသမီး တယောက် အနေနဲ့ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတနိုင်ငံက မငြိမ်းချမ်းဘူးဆိုရင် ဒီနိုင်ငံမှာနေတဲ့ နိုင်ငံသူနိုင်ငံသားတွေက လုံခြုံမှုမရှိဘူး။ သူတို့ ကို သူတို့လည်း စိတ်မချနိုင်ဘူး။ အသက်အန္တရာယ်နဲ့နီးတယ်။ စစ်ဖြစ်ပွားနေမယ်၊ ပဋိပက္ခဖြစ်ပွားနေမယ်ဆိုရင် ပျော်ရွှင်မှုလည်း မရှိဘူး။ အဲဒီလိုဆိုရင် ဒီနိုင်ငံဟာ ဘယ်လိုမှ မတိုးတက်ဘူး။ ငြိမ်းချမ်းရေးက အမျိုးသမီးတွေအတွက် သိပ်လိုအပ်တယ်။ မငြိမ်းချမ်းဘူးဆိုရင် အမျိုးသမီးတွေနဲ့ တိုက်ရိုက် ထိခိုက်တယ်။ ကလေးတွေလည်း ပါတယ်။ မငြိမ်းချမ်းတဲ့ဒေသမှာ အမျိုးသမီးတွေကို ကြည့်လိုက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေ အပြင်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုှုတွေကို ခံနေရတယ်။ အမျိုးသမီး ဖြစ်တဲ့အတွက် ပိုပြီးတော့ ခံစားနေရတယ်။ ငြိမ်းချမ်းရေးက အမျိုးသမီးတွေအတွက် အရေးကြီးတယ်၊ ဒါကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်သင့်တယ်၊ ထည့်သွင်းသင့်တယ်။ နှစ်ဖက်စလုံးကပေါ့နော်၊ နိုင်ငံတော် အစိုးရ ဘက်မှာရော တိုင်းရင်းသားဘက်ကရောပေါ့နော်။ အမြန်ဆုံး အပစ်ခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းစေချင်ပါတယ်။
မေး ။ ။ မဲဆွယ်စည်းရုံးရေးအတွက် ကုန်ကျစရိတ်ကရော။
ဖြေ ။ ။ အန်တီတို့ပါတီအနေနဲ့ ကိုယ့်စရိတ်ကိုယ်ခံပဲ။ ကိုယ်စားလှယ်လောင်း ပေးရမယ့်ငွေ ၃ သိန်းလည်း အန်တီတို့ပဲ ကုန်ကျခံရတယ်။ နောက် ဒီစည်းရုံးရေးကာလမှာ သွားလာရေးတို့ကို ကိုယ့်စရိတ်နဲ့ကိုယ်ပဲ။ ကိုယ့်မဲဆန္ဒနယ်မှာ ပါတီတူ ကိုယ်စားလှယ်လောင်း ၄ ဦး ရှိတယ်ဆိုရင် အညီအမျှ ကျခံရမယ်။ အဲဒီလောက်ပဲ သိထားတာပေါ့နော်။
မေး ။ ။ အန်တီမှာ အိမ်ထောင်ရှိပါသလား။ မိသားစုကနေ ပံ့ပိုးပေးနေတဲ့အပိုင်းကရော။
ဖြေ ။ ။ အိမ်ထောင်ရှိပါတယ်။ သားတယောက်ရှိပါတယ်။ ဒါပေမယ့် သားက စင်ကာပူမှာ တက္ကသိုလ် တက်နေတယ်၊ သားအနေနဲ့ အားပေးပါတယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေတော့ စိတ်ဓာတ် ခွန်အားပေးပါတယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ကိုယ့်သမိုင်းကိုယ်ရေးရတာ ညစ်နွမ်းအောင်မလုပ်ပါနဲ့ သူက ပြောပါတယ်။ သူကိုယ်တိုင်ကလည်း နိုင်ငံရေးကို ဝါသနာပါပါတယ်။
မေး ။ ။ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံရေးမှာ ဘာကြောင့်ဝင်ပါရတာလဲ။ တွန်းအားပေးတဲ့ အကြောင်းအရာတွေက ဘာလဲ။
ဖြေ ။ ။ အန်တီက နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ကိုယ့်ရဲ့ မွန်လူမျိုးသမိုင်းကို ကြည့်မယ်ဆိုရင် ဘုရင်တွေ၊ ဘုရင်မတွေ၊ ရှင်စောပု ဘုရင်မပေါ့နော်။ သူတို့ကိုကြည့်ပြီးတော့ ကိုယ်က အမျိုးသမီးတယောက် အနေနဲ့ဆိုတော့ အမှန်က နိုင်ငံရေးမှာ အမျိုးသားတွေပဲ လုပ်ကိုင်ကြတယ်။ ယဉ်ကျေးမှုအရလည်း ကန့်သတ်ထားတယ်၊ ကြက်ဖ တွန်မှ မိုးလင်းမယ်ဆိုတဲ့ ကန့်သတ်ထားတဲ့ ဘောင်တခုပေါ့နော်။ အဲဒီဘောင်မှာ တောက်လျှောက် နေခဲ့တာပေါ့။ ဟိုတုန်းက ဝါသနာပါခဲ့ ပေမယ့်လည်း နှစ် ၆၀ နီးပါး အစိုးရဝန်ထမ်းဘဝနဲ့ နေခဲ့ရတယ်၊ အကြောက်တရားလည်း ရှိခဲ့တာပေါ့နော်။ အခု ပွင့်လင်းမြင်သာလာပြီး ဒီမိုကရေစီခေတ်ကိုလည်း ရှေးရှုသွားနေကြတယ်။ ရောက်တော့ မရောက်သေးဘူး။ တနေ့တချိန်ချိန်တော့ ရောက်မှာပေါ့။ အဲဒီလို သွားနေတဲ့အချိန်မှာ ဝါသနာအခံလည်းရှိတော့ ကိုယ့်လူမျိုးအကျိုး ပြည်နယ်အကျိုးကို လုပ်ကိုင်ချင်တဲ့စိတ်က ပေါ်လာတယ်။ မွန်လူမျိုးတွေပဲ ဖွဲ့စည်းထားတဲ့ မွန်ပါတီမှာ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့တယ်။ လက်ရှိ ဗဟိုကော်မတီဝင်ပေါ့နော်။ ဒါတွေက တွန်းအားတွေပဲ ဖြစ်တယ်။
မေး ။ ။ ပါတီတွင်းမှာ ခွဲခြားဆက်ဆံခြင်းခံရတာ ရှိလား။
ဖြေ ။ ။ ပါတီတခုထောင်ပြီးဆိုရင် ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတို့ကို အမျိုးသားတွေပဲ များတာပေါ့နော်၊ NLD က လွဲလို့ပေါ့နော်။ အခုဆို အမျိုးသမီးပါတီ (မွန်) တခု ပေါ်လာပြီပေါ့နော်။ တဖြည်းဖြည်းနဲ့တော့ နေရာပေးလာကြပါတယ်။ ဒါပေမယ့် တော်တော်လေး နည်းသေးတယ်၊ ပါတီထောင်ကတည်းက အမျိုးသားတွေက စတည်ထောင်ထားတာပေါ့နော်။ ၂၀၁၅ ရွေးကောက်ပွဲမှာ နည်းနည်းတော့ များလာပြီပေါ့၊ အန်တီတို့ ပါတီအနေနဲ့ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၃၀ လောက်ရှိမယ်။
မေး ။ ။ အန်တီ ဝင်ပြိုင်တဲ့မဲဆန္ဒနယ်မှာ မွန်သာမက တခြား တိုင်းရင်းသားတွေလည်း ပါတယ်။ အဲဒီအတွက် ဘယ်လို မဲဆွယ်သွားဖို့ရှိလဲ။
ဖြေ ။ ။ အန်တီဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ ကရင်၊ မွန်၊ ဗမာ၊ အစ္စလာမ် ဘာသာဝင် တခြား တိုင်းရင်းသား ပေါင်းစုံ ရှိတယ်။ မဲပေးဖို့အတွက် မဲဆွယ်စည်းရုံးရာမှာ ငွေလည်း မပေးနိုင်ဘူး။ လုပ်ဆောင်ပေးနိုင်တာကတော့ လွှတ်တော်ထဲ ရောက်သွားရင် ကိုယ့်ရဲ့မဲဆန္ဒနယ်မှာ မွန်လူမျိုးတခုတည်းနဲ့ ကိုယ်စားပြုတာ မဟုတ်ဘူး။ တခြား တိုင်းရင်းသား ပေါင်းစုံ နေထိုင်တယ်။ သူတို့ရဲ့လိုအပ်ချက်၊ တင်ပြချက်တွေကို လုပ်ဆောင်ပေးရမှာပဲ။ ကိုယ့်မဲဆန္ဒနယ်မှာပဲ ရှိနေလို့လေ။ အန်တီတို့မှာ လူမျိုးမရွေး၊ ဘာသာမရွေး လုပ်ဆောင်ပေးဖို့ တာဝန် အပြည့်အ၀ ရှိပါတယ်။