မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ထိန်းသိမ်းရေးစခန်း တခုတွင် ခန္ဓာကိုယ် ဖောယောင်သည့်ရောဂါ လက္ခဏာ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံးကြောင်း သိရသည်။
သေဆုံးသွားသူ ၆ ဦးစလုံးသည် ကွာလာလမ်ပူမြို့ရှိ (KLIA) ထိန်းသိမ်းရေး စခန်းတခုမှ ဖြစ်ပြီး ၎င်းတို့ရောဂါ ဖြစ်ပွားနေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်း၊ ထိုကာလအတွင်း သေဆုံးခဲ့သူများသည် ခန္ဓာကိုယ်ဖောယောင်မှု ဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ ဒုတိယ အတွင်းဝန် ဦးသီဟဟိန်းက ဧရာဝတီသို့ ပြောသည်။
ဦးသီဟဟိန်းက“ကျနော်တို့ သွားကြည့်တော့ ခန္ဓာကိုယ် ဖောယောင်တဲ့ လက္ခဏာတွေ ဖြစ်တာတွေ့ရတယ်။ အဲဒါ ဘာရောဂါလဲလို့ စခန်းတာဝန်ရှိသူတွေကို ကျနော်တို့မေးပေမယ့် သူတို့လည်းပဲ ဘာရောဂါဆိုတာ သေချာမပြောနိုင်သေးဘူး ဖြစ်နေတယ်။ မြန်မာ လို ဆိုရင်တော့ ပုလိပ်ရောဂါလိုမျိုးလို့ ကျနော်တို့ သုံးသပ် ထားပါတယ်”ဟုလည်း ပြောဆိုသည်။
သေဆုံးသူများသည် တပြိုင်တည်း သေဆုံးကြခြင်း မဟုတ်ကြောင်း၊ သံရုံးအနေဖြင့်လည်း စခန်းအာဏာပိုင်များနှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံသားများအတွက် အကူအညီပေးနေကြောင်း မြန်မာသံရုံးက ပြောသည်။
ရောဂါကူးစက် ပြန့်ပွားခြင်းမရှိစေရေးအတွက် စခန်းအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ စခန်း အာဏာပိုင်များမှ တဆင့်လည်း ဆေးဝါးထောက်ပံ့မှုများ ပေးနေကြောင်း၊ ယခု သေဆုံးသွားသူများတွင် မြန်မာ နိုင်ငံသို့ ပြန်ခွင့်ရရှိထားသူတဦးလည်း ပါဝင်ကြောင်း သံရုံး ဒုတိယ အတွင်းဝန်က ပြောသည်။
ယခု သေဆုံးသူများထဲတွင် မြန်မာနိုင်ငံသား ၆ ဦး အပြင် တခြားနိုင်ငံသားတချို့လည်း ပါဝင်ကြောင်း၊ မလေးရှား၌ ၂၀၀၇ ခုနှစ် က လည်း ယခုကဲ့သို့ ဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူတချို့ ရှိခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိ KLIA စခန်း အပါအဝင် စခန်းတချို့၌ ကူးစက်ရောဂါဖြစ်ပွား၍ သေဆုံးမှုများ ရှိကြောင်း၊ ထိန်းသိမ်းရေးစခန်းများ၌ လူနေထူထပ်ပြီး နေထိုင် စားသောက်မှု အခက်အခဲများ ရှိသည့်အပြင် သန့်ရှင်းမှု အားနည်းခြင်း၊ အိမ်သာ လုံလောက်မှု မရှိခြင်း စသည့် အခြေအနေများကြောင့် တီဘီ၊ HIV စသည့် ကူးစက်ရောဂါများ ဖြစ်ပွားနေကြကြောင်း ကပုန်း ၇ ရက် သားသမီး နာရေး ကူညီမှု အသင်း(မလေးရှား) ဥက္ကဋ္ဌ ဦးဆန်းဝင်းက ဧရာဝတီသို့ ပြောသည်။
ဦးဆန်းဝင်းက“စခန်းတွေထဲမှာ လူများပြီး ပြွတ်သိပ်နေရတော့ အဝတ်အစားတောင် မလဲနိုင်တဲ့ အနေအထားတွေပါ။ သန့်ရှင်းမှုက မရှိ၊ ခြင်တွေကလည်း တအားများတော့ ကူးစက်ရောဂါ ဖြစ်သူတွေ များတယ်။ ကျနော်တို့ အများဆုံး သင်္ဂြိုဟ် ပေးခဲ့ရသူတွေ အထဲ မှာတော့ လင်းခေးစခန်းနဲ့ ကာချန်း ဒေသစခန်းက လူတွေများပါတယ်”ဟုလည်း ဆိုသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၂ ခု၌ ထိန်းသိမ်းခံထားရသည့် မြန်မာများအနက် နိုင်ငံသားအဖြစ် စိစစ်ပြီးသူ ၂၀၀၀ ဝန်းကျင် ရှိကြောင်း မြန်မာသံရုံးက ပြောသည်။
ထိုထိန်းသိမ်းရေးစခန်းများ၌ မြန်မာနိုင်ငံသားများအပြင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ထိုင်းစသည့် နိုင်ငံသားများလည်းရှိသည် ဟု ဆိုသည်။
မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာနိုင်ငံသား ၁ သိန်း ၅ သောင်းဝန်းကျင် ရှိပြီး တရားမဝင် အလုပ်သမား သိန်းချီရှိကြောင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံသားများလည်း ရှိကြောင်း ၂၀၁၄ ခုနှစ် သတင်း မှတ်တမ်းများအရ သိရသည်။