၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးရေ ၆၇ ဦး အထိရှိပြီး ထိုပမာဏသည် ၂၀၁၀ ရွေးကောက်ပွဲထက် ၉ ဆကျော်ကြောင်း သိရသည်။
“ဧရာဝတီတိုင်းမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း အများဆုံးဝင်ပြိုင်မယ့် ပါတီကတော့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဖြစ်ပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်း အများစုက တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ကြတာ တွေ့ရပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီစုံမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီးဦးရေ ၆၇ ဦးအထိ ရှိလာသည့်အတွက် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်မှုနှင့် စိတ်ပါဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် ၉၂ ခုတွင် တသီးပုဂ္ဂလများနှင့် နိုင်ငံရေးပါတီ ၁၇ ခုတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၃ ဦး ရှိပြီး ၎င်းတို့အနက် အမျိုးသမီးဦးရေ ၆၇ ဦး ပါဝင်လျက်ရှိရာ ကိုယ်စားလှယ် လောင်း အားလုံး၏ ၁၃ ဒသမ ၃၂ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
အရေအတွက်အားဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ တို့ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေ ၁၄ ဦးစီဖြင့် အများဆုံး ဖြစ်နေပြီး တိုင်းရင်းသား စည်း လုံးညီညွတ်ရေး ပါတီ(တစည)နှင့် သမ္မတ၏ အကြံပေး အဖွဲ့ဝင်ဟောင်း ဒေါက်တာ နေဇင်လတ် တည်ထောင်ထားသည့် အမျိုးသား တိုးတက် ရေးပါတီ တို့မှ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေ ၉ ဦးစီဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။
ဒေးဒရဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်ခင်ညိုက “ကျမ ကတော့ မြို့ကတောင်းဆိုလို့ ဝင်ပြိုင်တာပါ။ အမျိုးသမီးတွေမှာလည်း သူ့စွမ်းရည်နဲ့သူ ရှိကြပါတယ်။ တချို့နေရာမှာ ယောက်ျားတွေထက် ပိုဇွဲကောင်းတာတွေ ရှိပါတယ်။ အဲဒီတော့ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းရည် ကို နိုင်ငံရေးဘက်မှာ ပိုပြီးအသုံးချခွင့် ရလာမှာပေါ့”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီမှ ဧရာဝတီတိုင်း ကိုယ်စားပြု အမျိုးသမီး ကိုယ်စားလှယ်များအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ကိုယ်စားပြု အနိုင်ရခဲ့ကြသော အမျိုးသမီး လွှတ်တော်အမတ်များဖြစ်သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ တိုင်း အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ၊ ဒေါက်တာ ဒေါ်ခင်ခင်စီ၊ ဒေါ်ခင်သန်းမြင့်တို့ အပြင် ဒေါ်နန်းဥမ္မာမြ တဦးသာ လူသစ်အနေဖြင့် ပြန်လည်ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး ဝင်ပြိုင်မည့် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်၌ အမျိုးသား တိုးတက်ရေးပါတီမှ ဒေါ်စန္ဒာအောင်က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး သမ္မတရုံး ဝန်ကြီး ဦးသိန်းညွှွန့် ဝင်ရောက်ယှဉ်ပြိုင်မည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်တွင် တစည ပါတီမှ ဒေါ်အေးသီတာကျော်နှင့် ခေတ်သစ်ပြည်သူ့ ပါတီမှ ဒေါ်ခင်တင့်တို့က ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို အရွေးခံမည့် မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်တွင် NLD၊ တစည၊ ကရင်ပြည်သူ့ပါတီနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၄ ဦးက လက်ရှိ ဘဏ္ဍာရေးဝန်ကြီးနှင့် ယှဉ်ပြိုင်အရွေးခံကြမည် ဖြစ်သည်။
ဧရာဝတီတိုင်း အတွင်း၌ တသီးပုဂ္ဂလ အမျိုးသမီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သူ တဦးသာရှိပြီး ၎င်းမှာ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ်(၂) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ခင်ကြည် ဖြစ်သည်။
“အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူညီတဲ့ အတွေးအမြင်တွေ အစွမ်းသတ္တိတွေ ရှိပါတယ်။ အဲဒီတော့ သူတို့ နိုင်ငံရေးမှာ ပါဝင် မှု များလာတာနဲ့အမျှ ကျမတို့ အမျိုးသမီးတွေ အတွက်ရော တိုင်းပြည်အတွက်ရော ပိုကောင်းပြီး ပိုတိုးတက်မယ် ထင်မိပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီးတော့ ကြိုက်တယ်ဆိုရင် မဲပေးမှာပါ”ဟု ပုသိမ်မြို့ခံ တဦးဖြစ်သည့် ဒေါ်သီတာက ပြောသည်။
လာမည့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၆၂ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များ အတွက် ကိုယ်စားလှယ်လောင်း ၂၉၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံး စာရင်း မှတ် တမ်း များအရ သိရသည်။