အိန္ဒိယနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျ သံတမန်တဦးက အိမ်ဖော် နီပေါအမျိုးသမီးသားအမိကို အကြိမ်ကြိမ် အဓမ္မ ပြုကျင့်သည်ဆိုသည့်အတွက် အိန္ဒိယရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း အိန္ဒိယအခြေစိုက် The Indian Express သတင်းတွင် ဖော်ပြထားသည်။
နယူးဒေလီမြို့အနီး စီးပွားရေး အချက်အချာကျသည့် Gurgaonမြို့တွင် နေထိုင်သော ဆော်ဒီ သံတမန်က နေအိမ်အလုပ်ခိုင်းစေရန် အသက် ၄၄နှစ်အရွယ် မိခင်နှင့် အသက် ၂၀ အရွယ်သမီးကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ သံတမန် ၎င်းနိုင်ငံသို့ ၁၅ရက်ခန့်ပြန်ရာ၌ နီပေါ သား အမိကို ခေါ်ဆောင်သွား သော်လည်း အကြမ်း ဖက်ခြင်း၊ ကိုင်တွယ်ထိတွေ့ခြင်းများ မလုပ်ခဲ့ကြောင်း၊ သို့သော် အိန္ဒိယ နိုင်ငံသို့ ပြန်လာ သောအခါ သံတမန်နှင့် သူ၏ သူငယ်ချင်းတို့က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက် အရသိရသည်။
တခါတလေတွင် ဆော်ဒီအာရေဗျမှ လာသည့် လူ ၇ဦး၊ ၈ဦးခန့်ပင် ပါဝင်ကြောင်း၊ အကယ်၍ ခုခံခဲ့ရင် သတ်ပစ် ကာ မိလ္လာတွင်းထဲထည့်ပစ်မည်ဟု အဆိုပါသံတမန်က ခြိမ်းခြောက်ကြောင်း မိခင်ဖြစ်သူ နီပေါ အမျိုးသမီးက The Indian Express ကိုပြောကြောင်းသိရသည်။
အဆိုပါ ခြိမ်းခြောက် အဓမ္မပြုကျင့်နေမှုနှင့် ပတ်သက်၍ ဆော်ဒီသံတမန်၏ ဇနီးနှင့် မိသားစုက တားဆီးခြင်းမရှိ ပဲ၊ သူတို့ပင် အားပေးအားမြှောက်ပြုကာ ၎င်းတို့ကို အိမ်ထဲတွင်သာ ပိတ်လှောင်ကာအပြင်သို့သွားခွင့်မပြုပဲ ထားကြောင်း ဖော်ပြထားသည်။
ဤ အဖြစ်အပျက်နှင့် ပတ်သက်၍ ၎င်းသံတမန်အိမ်တွင် အလုပ်လုပ်ခဲ့ဖူးသည့် အမျိုးသမီးတဦးက နီပေါ- အိန္ဒိယ NGO အဖွဲ့ဖြစ်သည့် Maiti သို့ အကြောင်းကြားလာသည့်အတွက် နီပေါ သံရုံး၊ Gurgaon ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာကို အကြောင်းကြားက ကယ်ထုတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နီပေါသားအမိကို ရဲက ဆေးရုံ၌ ဆေးစစ်ချက်ယူခဲ့ရာ အဓမ္မပြုကျင့်သည့်ထားသည်ကို တွေ့ရကြောင်း အကြီးတန်းရဲအရာရှိ Rajesh Kumar Chechi က အတည်ပြုပြောကြောင်း The Indian Express ကဆိုသည်။
ထိုအတွက် ဆော်ဒီသံတမန်ကို အဓမ္မပြုကျင့်မှု ၊ ဓမ္မတာကိုဆန့်ကျင်ကာ ကာမဆက်ဆံမှု၊ တရားမဝင်ချုပ်နှောင် ထားရှိမှုတို့ဖြင့် အမှုဖွင့်ထားသည်။