တိုင်ဖွန်း Etau ကြောင့် ဂျပန် ဖူကူရှီးမာ နြူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ ရေဂါလံ ရာပေါင်းများစွာ ယို စိမ့်ကာ ပစ္စဖိတ်သမုဒ္ဒရာထဲသို့ စီးဆင်းသွားကြောင်း ဖူကူရှီးမားဒေသရှိ တိုကျို လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo Electric Power Company – TEPCO)က ပြောကြားလိုက်သည်။
အဆက်မပြတ်ရွာသွန်းသည့် မိုးက စက်ရုံ၏ ရေထုတ်စနစ်ကို ဖျက်ဆီးခဲ့သည့်အတွက် မသန့်ရှင်း သည့် ရေဂါလံများစွာ ပစ္စဖိတ်သမုဒ္ဒရာထဲသို့ စီးဆင်းခဲ့ကြောင်း TEPCOက ဆိုသည်။
ဝင်ရောက်လာမည့် တိုင်ဖွန်း Etau သည် ဖူကူရှီးမား နြူကလီးယား စက်ရုံကို ထိခိုက်နိုင်သည့်အတွက် ကြို တင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ယခုလ စောစောပိုင်းကတည်းက TEPCOက ထုတ်ပြန်ထားပြီးဖြစ်သည်။
ဂျပန် မိုးလေဝသ အေဂျင်စီက ဖူကူရှီးမားနယ် အပါအဝင် အရှေ့မြောက်ဒေသတွင် မိုးအကြီးအကျယ်ရွာသွန်း နိုင်ကြောင်းသတိပေးထားပြီးဖြစ်သည်။
အဆိုပါ တိုင်ဖွန်း Etau ကြောင့် ယခုအခါ အနည်းဆုံး လူ ၂ဦးသေဆုံးကာ လူပေါင်းများပျောက်ဆုံးနေပြီး၊ လူ ၉သောင်းကျော်ကို ရွေ့ပြောင်းပေးခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်တနိုင်ငံလုံး (အထူးသဖြင့် အရှေ့၊ မြောက်နှင့် အရှေ့မြောက်ခြမ်း) ကို တုန်ခါသွားစေသည့် ပြင်းအား မဂ္ဂနီကျု ၉ ရှိသော တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ်အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး ဖူကူရှီးမားဒေသရှိ တိုကျို လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo Electric Power Company – TEPCO) ပိုင် နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ အမှတ် (၁) မီးလောင်ပျက်စီးကာ ရေဒီယို သတ္တိကြွရောင်ခြည်များ ထုတ်လွှင့်လာသည့် အန္တရာယ်ကြီး ဖြစ်ခဲ့သေးသည်။