သဘာ၀ ဘေးအန္တရာယ်များဖြစ်သည့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်၌ နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံးမှု လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“မဲဆွယ်ဖို့အတွက် သွားလာရေးက အခက်အခဲ အများကြီး ရှိတယ်။ အခုက ဟားခါးမြို့ထဲမှာတောင်မှ ရပ်ကွက် ၃ ခုက ပျက်စီးနေပြီး အဲဒီရပ်ကွက်တွေကလည်း ကျမမဲဆန္ဒနယ်ထဲမှာ ပါနေတော့ အခက်အခဲကြားထဲက ကြိုးစားရမှာပဲ”ဟု ဟားခါးမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်ဆုန်ဇီးမာန်က ဧရာဝတီကို ပြော သည်။
ချင်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာဖြင့် မဲဆန္ဒနယ် စုစုပေါင်း ၃၉ နေရာ ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒနယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့အပြင် တသီးပုဂ္ဂလနှင့် ဒေသခံ တိုင်းရင်းသားပါတီ ၁၂ ခုတို့မှ ကိုယ်စားလှယ်လောင်း ၂၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး စာရင်းများ၌ ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ်လောင်း ၃၉ ဦးဖြင့် အများဆုံးဖြစ်ပြီး NLD ပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက် တစ် ပါတီတို့က ကိုယ်စားလှယ်လောင်း ၃၈ ဦးစီဖြင့် ဒုတိယ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံ၊ မြေပြိုမှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ မြို့များအချင်းချင်း ဆက်သွယ်ထားသော လမ်း၊ တံတားများစွာ ပျက်စီးခဲ့ပြီး ကျေးရွာချင်းဆက် လမ်းများလည်း ပျက်စီးခဲ့သည်။
လက်ရှိအချိန်၌ ချင်းပြည်နယ်အစိုးရက မြို့ချင်းဆက်လမ်းများအား ပြန်လည်ပြုပြင်လျက်ရှိရာ ပြည်နယ်အတွင်းရှိ မြို့များဆီသို့ သွားလာသည့်လမ်းများ၌ မော်တော်ယာဉ်ငယ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပါတီများ အနေဖြင့် မြို့ပေါ်တွင် စည်းရုံးရေး ဆင်းနိုင်သော်လည်း တောတောင်ထူထပ်၍ လမ်းပန်းခက်ခဲသည့် တောင်ပေါ်ကျေးရွာများသို့ စည်းရုံးရေးဆင်းရန် အခက်အခဲများစွာ ရှိနေသေးကြောင်း ချင်းပြည်နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ကိုကျုံးဗစ်က ဧရာဝတီ ကို ပြောသည်။
“စည်းရုံးရေးက ရွာတိုင်းစေ့ ဆင်းဖို့တော့ မလွယ်ဘူး။ တချို့ရွာတွေက ကားသွားလို့ မရသေးဘူး။ ဆိုင်ကယ်ပဲရတော့ ဆိုင်ကယ်နဲ့ပဲ စည်းရုံးရေး ဆင်းရတာ ရှိတယ်။ ဆိုင်ကယ် လမ်းမပေါက်တဲ့ ရွာတွေဆို ခြေလျင်ပဲ သွားရမှာ။ မြို့ပေါ်တွေကတော့ စည်းရုံးရေးတွေ စလုပ်နေပါပြီ”ဟုလည်း ကိုကျုံးပစ်က ပြောဆိုသည်။
အလားတူ ကလေးခရိုင် အတွင်း၌ သဘာဝဘေးနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်၏ စည်းကမ်းချက်များကြောင့် စည်းရုံးရေးဆင်း ရန် အခက်တွေ့နေရကြောင်း ကလေးခရိုင် NLD ပါတီ ဥက္ကဋ္ဌ ဦးဘမင်းက ပြောသည်။
“ကော်မရှင်ပြောတာက စည်းရုံးရေးဆင်းရာမှာ ဘယ်ရွာကို သွားမယ်။ လူဘယ်လောက် စုမယ်။ ဘယ်သူ ဟောမယ်။ ဘယ်အချိန် ပြန်မယ် ဆိုတာတွေကို အတိအကျ တင်ပြခိုင်းတယ်။ ဒီမှာက သဘာဝဘေးဖြစ်ထားတော့ ရွာတရွာ သွားဖို့တောင် မနည်းလုပ် နေရ တာ။ ဘယ်အချိန်ရောက်လို့ ဘယ်အချိန် ပြန်မလဲဆိုတာ ဘယ်လိုမှ အတိအကျ မပြောနိုင်တော့ အခက်အခဲတွေ ဖြစ်တာပေါ့”ဟု လည်း ဦးဘမင်းက ဆိုသည်။