ဆီးရီးယားဒုက္ခသည်အရေး ဥရောပနိုင်ငံများ အကြား အကြပ်အတည်း တွေ့နေချိန် ချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံက ဒုက္ခသည်များကို လက်ခံရန် ငြင်းဆိုလိုက်သည့် အတွက် ကမ္ဘာ့နိုင်ငံများ အကြား မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ ၄နှစ်ကြာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒုက္ခသည် ၄သန်းခန့် ဟာ သူတို့ရဲ့ တိုင်းပြည်ကနေ ထွက်ပြေးနေရပြီး အများစုဟာ အီရတ်ကဲ့သို့ အရှေ့အလယ်ပိုင်းက အိမ်နီး ချင်းတိုင်းပြည်တွေကို သွားရောက်ကြသလို ၊ တချိုဒုက္ခသည်တွေကတော့ ပိုမိုကောင်းမွန်တဲ့ ဘဝရရှိဖို့ မျော်လင့်ချက်နဲ့ ဥရောပနိုင်ငံတွေကို ထွက်ခွာနေကြပါတယ်။
အီရတ်နိုင်ငံတွင် ဒုက္ခသည် ၂သိန်းခွဲခန့်ရောက်ရှိနေသလို ပြီးခဲ့သည့် တပတ်ကပင် ဆီးရီးယား ဒုက္ခသည် ၂သောင်းကျော် ဟန်ဂေရီနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ရထား၊ ကား သို့မဟုတ် ခြေလျင်တဖုံ ဝင်ရောက်နေကြတာပါ။
ဒါပေမယ့် ပထဝီအနေအထား၊ ယဉ်ကျေးမှုအနေအထားအရ နီးစပ်တဲ့ ပင်လယ်ကွေ့နိုင်ငံများကတော့ ကူညီဖို့ ပျက်ကွက်ခဲ့ပါတယ်။
ပြည်တွင်းစစ် ဖြစ်တာ ၄နှစ်သာကြာခဲ့ပေမယ့် ပင်လယ်ကွေ့နိုင်ငံများ (GCC)ကို ရောက်ရှိသွားတဲ့ ဆီးရီးယား ဒုက္ခသည် တယောက်မှမရှိသေးဘူးလို့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။
အဲဒီအတွက် ဆော်ဒီအာရေဗျ နိုင်ငံကတော့ သူတို့အနေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကုလ သမဂ္ဂကို ဒေါ်လာသန်းချီလှူဒါန်းထားတယ်လို့ တုံပြန်ခဲ့ပြီး ဂျာမနီရောက် ညီအကိုတော် ဆီးယားရီး မွတ်ဆလင် ဒုက္ခသည်တွေ ဝတ်ပြုဖို့ ဗလီအလုံး ၂၀၀ တည်ဆောက်ပေးမယ်လို့ လည်း ကမ်းလှမ်းလိုက်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေထဲမှာ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘာရိန်း စတဲ့နိုင်ငံများ ရေနံကြွယ်ဝမှုကို အကြောင်းပြုပြီး ချမ်းသာနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။