တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)ချုပ်ဆိုပြီးပါက အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား စစ်ရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ပူးတွဲ ကော်မတီ နှစ်ရပ် ဖွဲ့၍ ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
NCA ကို အားလုံးညှိနှိုင်းပြီးသွားပြီ ဖြစ်၍ သမ္မတ က စက်တင်ဘာလ ၂၉ ရက်တွင် လက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကို ဖိတ်ခေါ်ထားပြီး တိုင်းရင်းသားများက အောက်တိုဘာလ ပထမပတ်တွင်ပြန်လည် ညှိနှိုင်းကြမည်ဟု ပြောဆိုထားသည်။
သမ္မတက စက်တင်ဘာလ ၂၉ ရက် သို့မဟုတ် အောက်တိုဘာလ ပထမပတ်တွင် လက်မှတ်ရေးထိုးရန် လက်ခံသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များနှင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး လက်မှတ်ထိုးပြီး ၁၄ ရက်အကြာတွင် အစိုးရ ကိုယ်စားလှယ်များ၊ လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် ပါဝင်သင့်သူများ ပါဝင်ပြီး အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(Joint Implementation Coordination –JMC) ကို ပြုလုပ်မည်ဖြစ်သည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ဒေါက်တာ မင်းဇော်ဦးက“အဲ့ဒီအစည်းအဝေးကနေ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Monitoring Committee – JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲ ကော်မတီ (Union Peace Dialogue Joint Committee –UPDJC) ကို ဖွဲ့ပေးရမှာ ဖြစ်ပါတယ်”ဟု ယနေ့ ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပသော ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
JMC မှာ စစ်ဘက်နှင့်ဆိုင်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး UPDJC မှာ နိုင်ငံရေးနှင့်ဆိုင်သည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု သိရသည်။
JMC နှင့် UPDJC တို့နှင့် အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ပါဝင်သင့်သူများ ထည့်သွင်းကာ ဖွဲ့စည်းသွားမည်ဖြစ်ပြီး စစ်ဘက်နှင့်နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမည့် ကိစ္စရပ်များ၊ အစည်းအဝေးများကို JMC နှင့် UPDJC တို့မှ အချိန် ဇယားများ ချမှတ်သွားမည်ဟုလည်း ဒေါက်တာ မင်းဇော်ဦးက ပြောသည် ။
JMC မှ NCA ချုပ်ဆိုပြီး ရက်ပေါင်း ၃၀ အတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ရေးဆွဲခြင်းများ ပြုလုပ်သွားမည်ဟုလည်း ဆို သည်။
ထို ရေးဆွဲမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များသည် အသစ်များ မဟုတ်ဘဲ NCA စာချုပ်၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များပါ အချက်များကို ပြည်သူ နားလည်စေမည့် စကားလုံးများဖြင့် ပြန်လည် ရေးဆွဲသွားမည်ဟု သိရသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည် မဖြစ်ပွားစေရန် စစ်ဘက်ဆိုင်ရာကျင့် ဝတ်များ လိုက်နာစေခြင်းဖြင့် ထိန်းချုပ်မည့်အပြင် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသဆိုင်ရာအဆင့် ဟူသည့် စောင့်ကြည့်ရေး ကော်မတီ ၃ ရပ်ကိုလည်း ထားရှိကာ ကွပ်ကွဲသွားမည်ဟု UPWC မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။
NCA တွင် လက်မှတ်ထိုးပြီးပါက ၂၄ နာရီအတွင်း အောက်ခြေမှ တပ်မှူးများကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ကြောင်း အကြောင်းကြားပြီး ၅ ရက်အတွင်း NCA ပါ အချက်အလက်များကို အသေးစိတ် ရှင်းပြရမည်ဟုလည်း စာချုပ်တွင် ပါရှိသည်။
UPDJC တွင်လည်း NCA ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး ကိစ္စရပ်များ၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်သွားမည်ဟု သိရသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရာတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ရေး ကိစ္စရပ်များကို UPDJC မှ အစည်းအဝေးများ ကျင်းပ၍ ဆုံးဖြတ်သွားမည်ဟုလည်း ဆိုသည်။
ဒေါက်တာ မင်းဇော်ဦးက“ဒီအချိန်ဇယားတွေက နှစ်ဖက် သဘောတူပြီးသားဖြစ်ပါတယ်၊ ဒီအချိန်ဇယား တွေကိုတင်ပြတာကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဖြစ်တယ်၊ သံသယတွေရှိနေတယ်၊ NCA ထိုးပြီးရင် အစိုးရက နိုင်ငံရေးဆွေးနွေးပွဲ တကယ်လုပ်ပါ့မလားဆိုပြီး စိုးရိမ်လို့ တိုင်းရင်းသားတွေ သတ်မှတ်တာ ဖြစ်တယ်”ဟု ပြောသည်။
NCA မှာ စက်တင်ဘာလ ၂၉ ရက် (သို့) အောက်တိုဘာလ ပထမ ပတ်တွင် လက်မှတ်ရေးထိုးရန် သမ္မတက ဖိတ်ခေါ်ထားသော် လည်း တိုင်းရင်းသားများဘက်ကမူ လက်မှတ်ထိုးရန် မဆုံးဖြတ်ရသေးဟု ဧရာဝတီကို ပြောဆိုထားသည်။