နိုင်ငံတနိုင်ငံမှာ နိုင်ငံသားတွေရဲ့ ကျေနပ်ပျော်ရွှင်မှုဟာ အဲ့ဒီနိုင်ငံကို အုပ်ချုပ်သူတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အပေါ် မူတည် နေ ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာလည်း နိုင်ငံရေးတည်ငြိမ်မှု နဲ့ဆက်စပ်နေပါတယ်။ ကုန်ထုတ်လုပ်မှု လျော့ကျ၊ ဘတ် ဂျက် လိုငွေပြ၊ ငွေကြေးတန်ဖိုး ကျဆင်းနေရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဝေးနေဦးမှာပါပဲ။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားမှာ နိုင်ငံသားတွေဟာ ကျေနပ်ပျော်ရွှင်မှု နည်းပါးနေသလို ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံလူတန်းစားတွေက ကျောကော့ခံနေရတာပါ။ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆိုတာဟာ ကြားကောင်းရုံ အပြောသက်သက်ပဲဖြစ်နေပါသေးတယ်။ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်မှသာ၊ ပို့ကုန်တွေကနေ ဝင်ငွေများများရမှသာ၊ ငွေလဲနှုန်းတည်ငြိမ်နေမှသာ နိုင်ငံသားတဦးချင်းစီရဲ့ ဘ၀ အဆင်ပြေမှာ ဖြစ်ပါတယ်။
အရပ်သားအစိုးရပါလို့ဆိုတဲ့ လက်ရှိအစိုးရသက်တမ်းအတွင်း စီမံကိန်းအများအပြား အကောင်အထည်ဖော်ဖို့ ကြိုးစားတာတွေ့ရပါတယ်။ ရေအားလျှပ်စစ် စီမံကိန်း၊ မြို့ပတ်ရထားလမ်းမြှင့်တင်ရေး စီမံကိန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း စသဖြင့် စီမံကိန်း အမျိုးအစားလည်း စုံလှပါတယ်။ အဲဒီစီမံကိန်း အမျိုးမျိုးအတွက် ပြည်ပ နိုင်ငံတွေကနေ ချေးငွေတွေ ရယူပါတယ်။
ချေးငွေဆိုတာ တချိန်ချိန်မှာ ပြန်ဆပ်ရမှာပါ၊ နိုင်ငံတကာကနေ ချေးယူရတဲ့ငွေပမာဏာ များလာတာနဲ့အမျှ အဲဒီ ချေးငွေတွေဟာ နိုင်ငံသားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ချေးယူခဲ့တဲ့ချေးငွေတွေကို လေ့လာကြည့်မယ်ဆိုရင် သမဝါယမဝန်ကြီးဌာနနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရး ဝန်ကြီးဌာနတွေက ကမ္ဘာ့ဘဏ်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကနေ ချေးယူ တဲ့ ပမာဏာက မနည်းပါဘူး။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သထုံဓာတ်အားပေးစက်ရုံအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၄၀ ချေးယူခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံဆီက သန်း ၂၉ ဘီလျံ၊ တရုတ်နိုင်ငံဆီက ဒေါ်လာ ၅၇ သန်းကျော်၊ အာရှဖွံ့ဖြိုးရေးဘဏ်ဆီက ဒေါ်လာသန်း ၆၀၊ နောက်ထပ် ၂၉၄.၃၇၈ သန်း ချေးထားပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက် ဒေသ မီးလင်းရေးအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၉၀ ချေးယူဖို့ ပြင်ဆင်နေပါသေးတယ်။
အဲ့ဒီလောက် ပမာဏာအထိ များပြားတဲ့ငွေတွေ ချေးယူတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးတဲ့ အခါ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကလွဲပြီး ကျန်တဲ့ ကိုယ်စားလှယ် အများစုက ထောက်ခံဆွေးနွေးခဲ့တာကလည်း အံ့သြ စရာပါ။
ဒီနေရာမှာ ထောက်ပြပြောဆိုစရာက ဒေါ်တင်နွယ်ဦး ပြောခဲ့သလိုပဲ နောက်အစိုးရ ၈ ဆက်လောက်အထိ အကြွေးတွေရှိနေမှာကို ဘာကြောင့် ထောက်ခံခဲ့ကြသလဲ၊ စီမံကိန်းတွေကရော အမှန်တကယ်အကျိုးရှိမယ့် စီမံိကန်းတွေလား၊ ပြီးစီးတဲ့ စီမံကိန်းတွေလား၊ ဒီချေးငွေတွေကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ပြန်ဆပ်မှာလဲ ဆိုတာဖြစ်ပါတယ်။
ကျေးလက်ဒေသ အရိုးခံပြည်သူတွေဟာ ဘာစီမံကိန်း၊ ညာစီမံကိန်းဆိုပြီး အသံသာကြားရပေမယ့် လက်တွေ့ ဘာမှဖြစ်မလာတာ၊ နိုင်ငံတကာက ထောက်ပံ့ငွေတွေ သူတို့လက်ထဲ ရောက်သင့်သလောက်ရောက်မလာတာဟာ ဝမ်းနည်းစရာပါ။ နိုင်ငံမှာ ကုန်ထုတ် လုပ်မှု တိုးတက်မှ၊ ရသင့်ရထိုက်တဲ့ အခွန်တွေရမှ ဝင်ငွေရှိမှာဖြစ်ပြီး ဝင်ငွေရှိမှသာ ချေးငွေတွေကို ပြန်ဆပ်နိုင်မှာပါ။ သယံဇာတ တွေ ထုတ်ရောင်းနေရုံနဲ့ ငွေလိုတိုင်း ငွေစက္ကူတွေကို ရိုက်ထုတ်နေရုံနဲ့ ဝင်ငွေတိုးလာမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ ရေ၊ မီး စတဲ့ အခြေခံအဆောက်အအုံ မပြည့်စုံသေးတဲ့ဒေသတွေ အများကြီးရှိနေပါသေးတယ်။ ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲကြောင့် ရန်ကုန်မှာ ကားအရေအတွက်ပိုများလာသလို လူတိုင်းညည်းယူရလောက်အောင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါး လာပါတယ်။ မီးပွိုင့်စနစ်ကောင်းမွန်မှ လုံလောက်တဲ့ လမ်းအကျယ်ရှိမှ ကားပါကင်တွေရှိမှ ကားတင်သွင်းခွင့်ပေးရမှာကို မသိ လေရော့သလားလို့ တွေးမိပါတယ်။ ရှိနှင့်ပြီးသား ပလက်ဖောင်းတွေကို ဖျက်ပြီး ကားပါကင်နေရာလုပ်လိုက်၊ သိပ်မကြာမီမှာပဲ အဲဒီ နေရာကို ရေမြောင်းချဲ့ဖို့ဆိုပြီး ဖျက်လိုက် ပြင်လိုက် လုပ်နေတာဟာ ထိရောက်မှုမရှိတဲ့အပြင် ပြည်သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီး သလို တောင် ဖြစ်နေပါတယ်။
တနေ့တနေ့ ကားပေါ်မှာ ကုန်ရတဲ့အချိန်တွေများလာနေသလို အသစ်ချဲ့ပေးလိုက်တဲ့ ပလက်ဖောင်းတွေ ကားပါကင်နေရာတွေမှာ လမ်းဘေးဈေးသည်တွေက အခန့်သားဈေးရောင်းနေတာ လက်ညှိုးထိုးမလွဲပါ။ လမ်းလျှောက်သူတွေက ပလက်ဖောင်းပေါ် လမ်းလျှောက် မရတော့ ကားလမ်းပေါ်လျှောက်ရတာ အလွန် အန္တရာယ်များပါတယ်။ ဒါ့အပြင် မီးပွိုင့်ပျက်နေတာမျိုးနဲ့ကြုံရင် စည်း ကမ်းမဲ့ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး ဟွန်းတွေတီးကြတာ နားကွဲမတတ်ပါပဲ။
ယာဉ်ကြောပိတ်ဆို့မှုများတဲ့နေရာတွေမှာ ခုံးကျော်တံတားတွေ ဆောက်တာအဖြေမဟုတ်ဘဲ ဒီနေရာမကျပ်ရင် နောက်တနေရာမှာ ကျပ်နေပြန်ပါတယ်။ ခုံးကျော်တံတား တွေကို တည်ဆောက်ခွင့်ရတဲ့ ကုမ္ပဏီတွေပဲ အကျိုးအမြတ်ဖြစ်ထွန်းပြီး ပြည်သူတွေကတော့ ဒုံရင်းက ဒုံရင်းပါပဲ။
ဘာသယံဇာတမှ မထွက်တဲ့နိုင်ငံတွေက လူ့စွမ်းအား အရင်းအမြစ် နဲ့ နည်းပညာကိုအသုံးချပြီး တိုးတက်ဖွံ့ဖြိုးလာချိန်မှာ မြန်မာနိုင်ငံ မှာတော့ သယံဇာတတွေ အလွန်အကျွံထုတ်ယူတာ၊ သစ်ခုတ်လဲှတာတွေကြောင့် ဘာမှမဆိုင်တဲ့ ပြည်သူ ၁ သန်းကျော်ဟာ ရေကြီး ရေလျှံမှု ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ကနေ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာ့သစ်တော အရင်းအမြစ်များပြုန်းတီးမှုနဲ့ ပတ်သက်တာလည်း ပါဝင်နေပါတယ်။ ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံက နံပါတ် ၃ နေရာချိတ်နေပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ သစ်တော ဟက်တာ ၅ သန်းခန့် အထိ ဆုံးရှုံးခဲ့ပါသတဲ့။
တိုင်းဒေသကြီးနဲ့ ပြည်နယ် စုစုပေါင်း ၁၂ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ရတာဟာ သစ်တောပြုန်းတီးမှုနဲ့ ဆက်စပ်နေပြီး တရားမဝင် သစ်ခိုးထုတ်လို့ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့ တရုတ်နိုင်ငံသားတွေကို ထောင်ဒဏ် ၈ ရက်တည်းနဲ့ လွှတ်ပေးတာက လည်း မေးခွန်းထုတ်စရာပါ။
ရေကြီးရေလျှံမှုကြောင့် နေအိမ်နဲ့စာသင်ကျောင်းတွေ မပါသေးဘဲ လမ်း၊ တံတားတွေပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုက ကျပ် ၁၆၅ ဘီလီယံ ထိ ရှိတယ်လို့ သိရပါတယ်။ နေအိမ်၊ စာသင်ကျောင်း ပျက်စီးမှုတွေ၊ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုတွေပါ ထည့်တွက်ရင် တော်တော်များတဲ့ ပမာဏပါ။ ပြန်လည်ထူထောင်ရေးဆိုတာလည်း အချိန်ယူပြီး ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
လက်ရှိအစိုးရ သက်တမ်းအတွင်း အိမ်ငှားရမ်းခတွေ ထိုးတက်သွားတာ၊ စားဝတ်နေရေး ကျပ်တည်းလာတာ၊ ရာဇဝတ်မှုတွေ များပြားလာတာ၊ ကားတွေပိုကျပ်လာတာ၊ သစ်တောတွေ ပိုပြုန်းတီး လာတာ၊ မြေမဲ့ယာမဲ့နဲ့ ကျူးကျော်တွေများလာတာ၊ ရေကြီးရေလျှံမှုတွေ ဖြစ်လာတာ စတဲ့ကိစ္စရပ်အားလုံးမှာ အဓိက ထိခိုက်ခံစားရတာက သာမန်ပြည်သူတွေပါပဲ။ ဒုက္ခပေါင်းစုံနဲ့ ခက်ခက်ခဲခဲ ရှင်သန် နေရတဲ့ ပြည်သူတွေဟာ အလိုလိုပဲ မပျော်မရွှင် ဖြစ်နေရတာပါ။
ပြည်သူတွေကို အမှန်တကယ် လေးစားတယ်၊ တန်ဖိုးထားတယ်ဆိုရင် ပြည်သူတွေရဲ့ဘဝကို လုံခြုံစေဖို့၊ စားဝတ်နေရေး ပြေလည် စေဖို့ဆိုတဲ့ တာဝန်ကို အစိုးရတရပ်အနေနဲ့ ယူကိုယူရပါမယ်။ လစာတွေ တိုးမြှင့်ခံစားထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေ နဲ့ ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုသင့်ပါဘူး။
အထက်ကပြောခဲ့သလိုပဲ ကုန်ထုတ်လုပ်မှုလျော့ကျ၊ ငွေကြေးဖောင်းပွမှုတွေနဲ့အတူ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်တွေ၊ သစ်တောပြုန်း တီးမှုရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုဒဏ်တွေ ခါးစည်းခံနေရတဲ့ ပြည်သူတွေအပေါ် အကျုးိပြုမှုနည်းတဲ့ ပြည်ပချေးငွေတွေကပါ ထပ်ဆင့်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေသင့်ဘူးလို့ ထင်မြင်ယူဆမိကြောင်း တင်ပြလိုက်ရပါတယ်။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)