တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးကိုယ်စားလှယ် ၉ ဦးတို့ ယခုလ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ၄ နှစ်ကျော်အကြာ ဆွေးနွေးခဲ့ပြီး မပြီးပြတ်သည့် အချက်တချို့ကို သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအကြား ထိပ်တိုက် ညှိနှိုင်း ဆွေးနွေးပွဲအပြီးတွင် ရေရာသည့် ဆုံးဖြတ်ချက်တချို့ ထွက်လာလိမ့်မည်ဟု မျှော်လင့်ချက်များ ရှိထားခဲ့ကြသည်။
နေပြည်တော် ဆွေးနွေးပွဲကို တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့ မူလ ထုတ်ဖော်ပြောဆိုထားသည့် အတိုင်း NCA စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီး ထွက်ရှိလာချက်များအရ နှစ်ဖက် လက်မှတ် ရေးထိုးကြမည့် နေ့ရက်ကို တိတိကျကျ သတ်မှတ်နိုင်ခဲ့ခြင်း မရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက တောင်းဆိုနေသည့် အားလုံးပါဝင်ရေး မူအပေါ် လိုက်လျောချက်သည်လည်း အကန့်အသတ်များ ရှိနေဆဲဖြစ်သဖြင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အကြား မျက်နှာချင်းဆိုင် အကြိတ်အနယ် ပြန်ဆွေးနွေးကြရဦးမည့် အခြေအနေဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ၎င်းသက်တမ်းအတွင်း NCA စာချုပ် လက်မှတ်ထိုးရေးရန် ကန့်သတ်ရွေးချယ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို မကြာခန ကမ်းလှမ်းနေကျအတိုင်း နေပြည်တော် ဆွေးနွေးပွဲတွင်လည်း ယခုလ ၂၉ ရက်နေ့ သို့မဟုတ် အောက်တိုဘာလ ပထမအပတ်တွင် လက်မှတ်ရေးထိုးကြရန် ထပ်မံကမ်းလှမ်းခဲ့ပြန်သည်။
သမ္မတ ဦးသိန်းစိန်က အားလုံးပါဝင်ရေး မူအပေါ် လက်ခံကြောင်းနှင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆင့်ဆင့် နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးခဲ့ကြောင်း၊ ကမ်းလှမ်းသည့် ရက်အတွင်း အားလုံး ပါဝင်နိုင်ရေးကို ဆက်လက် ကြိုးပမ်းသွားကြဦးမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ယခုလ ၁၀ ရက်နေ့ နေ့စွဲဖြင့် တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးသည် ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် အတွက် အရေးကြီးသည်သာမက မြန်မာနိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေး အတွက်ပါ လွန်စွာအရေးကြီးကြောင်း အခိုင်အမာ ယုံကြည်ထားသည်ဟုလည်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံပွဲမှ ထွက်ရှိလာသော ရလဒ်များသည် ယခင် ဆွေးနွေးပွဲများနှင့် ထူးမခြားနား အနေအထားတွင် ရှိသည်။ အထူးသဖြင့် အားလုံးပါဝင်ရေးမူ၌ အကန့်အသတ်များ ရှိနေဆဲ ဖြစ်ပြီး ထိုကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များအကြား မကြာခင် ရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးကြဖွယ်ရှိသည်။
သမ္မတ ဦးသိန်းစိန်သည် ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ကို နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) အဆင့်တွင် တိုက်ရိုက် ပါဝင်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အစိုးရဘက်က ပြောသည်။
ထို့အပြင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့အတွက်လည်း နည်းလမ်းရှာ သွားမည်ဟု ဆိုသည်။ ယင်းသို့ “နည်းလမ်းရှာ” သွားမည်ဆိုသည့် အသုံးအနှုန်းအရ အဆိုပါ မဟာမိတ် သုံးဖွဲ့အနေဖြင့် တခြားသော ၁၅ ဖွဲ့ နည်းတူ တန်းတူ၊ ရည်တူ တပြိုင်တည်း လက်မှတ်ထိုးနိုင်ရေးကို ဆုံးရှုံးဖွယ်ရှိနေသည်။
ရက္ခိုင့်တပ်မတော်နှင့် ပတ်သက်၍ မည်သို့နည်းလမ်း ရှာမည်ကို မသိရသေးသော်လည်း TNLA ကိုမူ ပဏာမ အပစ်ရပ်အဆင့် (Bilateral Agreement) ညှိနှိုင်းပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်မည်ဟု အစိုးရဘက်က ဆိုသည်။
ကိုးကန့်အဖွဲ့ (MNDAA) ကိစ္စနဲ့ ပတ်သက်ပြီး အပစ်ရပ်စာချုပ်တွင် ပါဝင်ရန် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၉ ရက်နေ့ အစည်းအဝေးအပြီးတွင် အစိုးရဘက်က ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် တိုင်းရင်းသား အဖွဲ့ဘက်က ပြောခွင့်ရသူ ဖဒိုကွယ်ထူးဝင်းတို့က သတင်းမီဒီယာများကို ပြောသည်။
ယင်းသို့ပြောဆိုချက်နှင့် ပတ်သက်ပြီး MNDAA ဘက်က ချက်ချင်းတုန့်ပြန်ခဲ့သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ကမ်းလှမ်းထားသော်လည်း စက်တင်ဘာ ၁၀ ရက်နေ့အထိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဘက်က တုန့်ပြန်မှုတစုံတရာ ပြုလုပ်လာခြင်းမရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနေကြသည့် အချိန်တွင် တဘက်တွင်လည်း မဟာမိတ်သုံးဖွဲ့မှ ထိပ်သီးခေါင်းဆောင်များက လွတ်မြောက်နယ်မြေ တနေရာ၌ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့ နေ့စွဲနှင့် ကြေညာချက်ထွက်ပေါ်လာသည်။
အဆိုပါ ကြေညာချက်ထဲတွင် NCA သည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အရေးကြီးသည့် စာချုပ်တစ်ခုဖြစ်ပြီး ရရှိထားသည့် ထိုသဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်မည့် တပြိုင်နက်တည်း အတူတကွ လက်မှန်ထိုးကြရန်ဟူသော လိုင်ဇာ၊ လော်ခီးလာ အစည်းအဝေးများတွင် ချမှတ်ခဲ့သည်မူအတိုင်း အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း မဟာမိတ်သုံးဖွဲ့က ကြေညာလိုက်သည်။
၎င်းတို့ မဟာမိတ် သုံးဖွဲ့အနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြန်အလှန် အသိအမှတ်ပြုပြီး နိုင်ငံရေး၊ စစ်ရေး ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် ၎င်းတို့အနေဖြင့် အစိုးရအား အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းခဲ့သော်လည်း တပ်မတော်မှ အပြင်းအထန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ်အား နှောက်ယှက်နေသကဲ့သို့ ဖြစ်နေသဖြင့် အပြင်းအထန် ကန့်ကွက်သည်ဟု ဆိုသည်။
NCA လက်မှတ်ထိုးရာတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တချို့ကို တပြိုင်တည်းထိုးရန် ကန့်သတ်ထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုသည့် စာချုပ်နှင့်အညီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်နိုင်ရေး သဘောထား ရှိနေကြသည်။
ထိုကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရဘက်မှ အဆုံးအဖြတ်ပေးနိုင်မည့် သူများဟု ယူဆနေကြသည် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ထိပ်တိုက်တွေ့ဆုံ ညှိနှိုင်းနိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သော်လည်း ထိုကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ် ၉ ဦး၏ ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံညှိနှိုင်းခွင့် မရခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့် လေ့လာနေသူ တချို့က စိုးရိမ်မှု ရှိနေကြသည်။ နေပြည်တော် ဆွေးနွေးပွဲရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်နေသည်။
ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားကြောင်း တသွင်သွင်ပြောနေသည့် တပ်မတော်အနေဖြင့် အရေးကြီးသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ လွဲချော်နေမှုအပေါ်တွင် စောင့်ကြည့်သူများက ဝေဖန်မှုများလည်းရှိနေသည်။ စောင့်ကြည့် လေ့လာသူများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရဘက်၌ တပ်မတော်က အဓိက အခရာကျသူဟု ယူဆပြောဆို နေကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေစဉ် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်နက်ချရမည်ဟု မကြာခန ထွက်ပြောလေ့ရှိသဖြင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များနှင့် တပ်ချုပ်တို့အကြား တွေ့ဆုံ ညှိနှိုင်းကြခြင်းဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး မတိုင်မီ သံသယ ရှင်းရှင်း သိလိုနေကြသည်။
သို့သော်လည်း တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ကိုယ်စားလှယ် ၉ ဦး၏ နေပြည်တော် ခရီးစဉ်အတွင်း တပ်ချုပ်နှင့် တွေ့ဆုံညှိနိုင်းမှု မရရှိလိုက်သည့်နောက် ထိုသံသယများသည် အမြစ်တွယ် ကျန်ရှိနေဦးမည် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်တချို့က ၎င်းတို့ ဆွေးနွေးပွဲ အခြေအနေများနှင့် နှိုင်းယှဉ် ပြောဆိုနေကြသည်များလည်း ရှိသည်။
NCA သဘောတူ စာချုပ် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသား အဖွဲ့များအကြားတွင်လည်း သဘောထား အမြင်မတူမှုများ ရှိနေကြသည်။ အစိုးရက အားလုံးပါဝင်ရေးမူကို လက်ခံ (သို့မဟုတ်) ထိုအဖွဲ့များကို နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး အာမခံချက်များ ရရှိမှ လက်မှတ်ထိုးမည်ဟု ပြောဆိုနေကြသည့် တိုင်းရင်းသား အဖွဲ့များရှိသကဲ့သို့ အားလုံး မပါဝင်လည်း ရသည့်အခွင့်အရေးကို ဆုပ်ကိုင်ကာ လက်မှတ်ထိုးသွားမည်ဟု ဆုံးဖြတ်ထားသည့် အဖွဲ့များလည်းရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အများစုက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ဆိုသည့်အတိုင်း လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်မှ စာချုပ်အဓိပ္ပာယ် ပြည့်စုံမည်ဟု ပြောဆိုနေသော်လည်း အစိုးရနှင့် တပ်မတော်က လက်နက်ကိုင် အဖွဲ့ တချို့ကို NCA ၌ တပြိုင်တည်း မထိုးနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ချန်ခဲ့သည့်တိုင် သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်ထားသည့် အောက်တိုဘာလထဲတွင် သီးခြားခွဲထိုးမည့် အဖွဲ့များ ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောသည်။
ထိုအဖွဲ့များ၏ အမည်စာရင်းများသည် မကြာမီ ကျင်းပမည့် တိုင်းရင်းသား လက်နက်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် ထွက်ပေါ်လာဖွယ်ရှိကြောင်းလည်း သိရသည်။