ဘန်ကောက်ဗုံးခွဲမှု ပါဝင်သူတွေဟာ ၂၀၁၄ ဖေဖေါ်ဝါရီ မှ ၂၀၁၅မတ်လအတွင်းမှာ ထိုင်းဘတ် ၁. ၄သန်းကို လွှဲပြောင်းထားတဲ့ အထောက်အထားတွေကို တွေ့ရတယ်လို့ ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(AMLO) အကြီးအကဲ Seehanat Prayoonrat ကပြော ဆိုလိုက်ပါတယ်။
မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တဲ့ဇယားအရ တရုတ်နှင့် တူရကီနိုင်ငံသား ၇ဦး ပါဝင်ပြီး ထိုင်းနိုင်ငံထဲမှာ နေထိုင်နေသူ ၄ဦးငွေကို လက်ခံရယူခဲ့တယ်၊ လက်ခံရယူသူ ၄ဦးမှာ ထိုင်းမွတ်ဆလင်အမျိုး သမီး ဝနာဆုန်ဆန်ဆိုသူ၏ ခင်ပွန်း ဖမ်းဝရမ်း ထုတ်ခံရသူ တူရကီနိုင်ငံသား Emrah Davutogluလည်း ပါဝင်တယ်၊ သူဟာ နိုင်ငံခြားနေသူ ၂ဦးထံမှ ဘတ် ၃သိန်းလက်ခံရယူခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး Seehanat ရှင်းလင်းခဲ့ပါတယ်။
AMLO တွေ့ရှိချက်အရ သူတို့လင်မယားဟာ ဘဏ်အကောင့် ၁၀ခုဖွင့်လှစ်ထားပြီး ၈ခုဟာ ဝနာဆုန်ဆန်ရဲ့ နာမည်နဲ့ ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး ကျန် ၂ခုကတော့ Emrah Davutoglu နဲ့ ကမ္ဘောဒီးယား နယ်စပ် အဖမ်းခံရသူ ယူဆူဖုမိုင်ရိုင်လီ အမည်နဲ့ဖြစ်ပါတယ်။
ဒီလို မူမမှန်တဲ့ ငွေလွှဲမှုတွေဟာ ဘန်ကောက်ဗုံးကွဲမှုနဲ့ဆက်စပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည် ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ရက်နေ့က ဘန်ကောက်မြို့လည် ကမ္ဘာလှည့်ခရီးသွားများ စည်ကားရာ ဧရာဝဏ် နတ်ကွန်း အနီး ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းအမျိုးသမီးတဦး၊ တူရကီ အမျိုးသား ၄ဦး၊ တရုတ် တဦး၊ နိုင်ငံခြားသား ၅ဦးကို ဖမ်းဝရမ်းထုတ်ထားပါတယ်။
ဗုံးခွဲမှုမှာ အဓိကနောက်ကွယ်က ကြိုးကိုင်သူဟာ ယခုအခါမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တရုတ်ပြည်ကို ထွက်သွားပြီလို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။