ဖက်ဒရယ်စနစ်ကို မူဝါဒများကို အကောင်အထည်ဖော်သည့် အင်စတီကျုးရှင်းအစုဟု အဓိပ္ပါယ်ဖွင့်ဆိုပါက ဖက်ဒရယ်မှု ပြုခြင်းကို ထိုအင်စတီကျုးရှင်းများ ထူထောင်ခြင်း ဟုဆိုရပါမည်။ ထို့ကြောင့် ဖက်ဒရယ်စနစ် ကိုယ်တိုင်က မူဝါဒတခုဖြစ်သည့်အလျောက် တခြားသော မူဝါဒတစ်ခုနှင့် စနစ်တကျ နှိုင်းယဉ်ရန် လိုအပ်သည်။ တနိုင်ငံလုံး အတိုင်းအဆင့် (သို့မဟုတ်) ဒေသန္တရအဆင့်တွင် ဖက်ဒရယ်စနစ်ကို အကောင်အထည် ဖော်ရာတွင် ဝေဖန်သူများ ထောက်ပြသကဲ့သို့ စိုးရိမ် စရာမရှိသည့်အပြင် တခြားသောမူဝါဒများကို အကောင်အထည် ဖော်သလောက် အကုန်အကျလည်း မများချေ။
ပထဝီနယ်နိမိတ်အခြေခံ လူမျိုးစုကွဲပြားမှု ပြဿနာများနှင့် ရင်ဆိုင်နေရသော ခေါင်းဆောင်များအဖို့ ပြဿနာကို မဖြေရှင်းဘဲထားခြင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ခွဲထွက်ခွင့်ပြုခြင်း စသည့် နည်း ၂ နည်း မဟုတ်ဘဲ ရွေးချယ်စရာ နည်းလမ်း ၄ ခုရှိပါသည်။ (၁) ယဉ်ကျေးများ ပေါင်းစည်းသွားစေခြင်း၊ (၂) အကူအညီ အထောက်အပံ့ပေးခြင်း၊ (၃) နိုင်ငံရေးပါတီ အခြေခံကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ (၄) အင်အားသုံး ဖိအားပေးခြင်း စသည်တို့ဖြစ်သည်။
ယဉ်ကျေးမှုများ ပေါင်းစည်းသွားစေခြင်းနည်းသည် လက်တွေ့တွင် အကောင်အထည်ဖော်ရန် အလွန်ခက်ခဲလေ့ရှိသည်။ အထူးသဖြင့် လူမျိုးများအကြား ကွဲပြားမှုအလွန်ကြီးမားပြီး ပဋိပက္ခအဆင့် ရောက်နေသည့် အခြေအနေမျိုးတွင် အကောင်အထည်ဖော်ရန် ခက်ခဲပါလိမ့်မည်။ အကယ်၍ လူအဖွဲ့အစည်းအတွင်းရှိ အခြေအနေများက ယဉ်ကျေးမှု ပေါင်းစည်းခြင်းအတွက် လူမျိုးတခုနှင့်တခု ရောနှောနေထိုင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း စသဖြင့် အလေ့အထများကို အားပေးစေကာမူ ဤဖြစ်စဉ်မှာ အချိန် အမြောက်အများ လိုအပ်သည့် ရေရှည်ဖြစ်စဉ်ကြီး တခုသာဖြစ်သည်။
ကားလ် ဒတ်ရှ် (Karl Deutsch) က လူမျိုးစုများတခုနှင့် တခု လုံးဝပေါင်းစည်းသွားရန် အနည်းဆုံး နှစ် ၃၀၀ မှ ၇၀၀ လိုအပ်သည်ဟု ဆိုပါသည်။ ပို၍ဆိုးသည်မှာ မည်မျှပင် ကြာစေကာမူ အမှန်တကယ် ပေါင်းစည်းရန် မသေချာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များက လူမျိုးစုများကွဲပြားမှုနှင့် လူမျိုးစု ပဋိပက္ခတို့၏ အဆက်အစပ်ကို လေ့လာရန် စတင်ကြိုးပမ်းလာကြသည်။ ဒန်နီယယ် ထရိုက်စ်မန်း (Daneil Treisman) က ရုရှားနိုင်ငံ၏ ပဋိပက္ခကို လေ့လာရာတွင် ခွဲထွက်ရေးလှုပ်ရှားမှုနှင့် လူမျိုးစုကွဲပြားမှုမှာ ဆက်စပ်မှုမရှိသည်ကို တွေ့ရှိရပြီး တခြားနိုင်ငံများကို လေ့လာရာတွင်လည်း အလားတူပင် ဘာသာစကားကွဲပြားမှုနှင့် ဘာသာရေးကွဲပြားမှုတို့က လူမျိုးရေး ပဋိပက္ခနှင့် ဆက်စပ်ခြင်း မရှိသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ ထို့အပြင် အရှုတော့ ဗာသျှနီ (Ashutosh Varshney) က အိန္ဒိယနိုင်ငံ၏ လူမျိုးရေးပဋိပက္ခမှာ လူမှုဗေဒ ကွဲပြားမူကြောင့်မဟုတ်ဘဲ အဖွဲ့အစည်း အသင်းအပင်းဆိုင်ရာ ကွဲပြားမှုကြောင့် ပိုမိုများပြားသည်ဟု ဆိုပါသည်။ စတီဖင် ဆာဒီမန်း (Stephen Saidemann) နှင့် အာ ဝီလျံ အိုင်ယာ (R. William Ayres) တို့ကလည်း တခြားသော နိုင်ငံများကို လေ့လာရာတွင် ၁၉၉၀ ပြည့်နှစ်များတွင် ပေါ်ပေါက်ခဲ့သော ခွဲထွက်ရေး လှုပ်ရှားမှုများမှာ များသောအားဖြင့် လူမျိုးကွဲပြားမှု နည်းသော နိုင်ငံများတွင် ပိုမိုများပြားသည်ကို တွေ့ရသည်။
အထောက်အပံ့ပေးခြင်းသည် နိုင်ငံခေါင်းဆောင်များ အနေဖြင့် နယ်နမိတ်အခြေခံ လူမျိုးရေး အကွဲအပြဲကို လျှော့ချရန်အတွက် အသုံးပြုနိုင်သည့် မူဝါဒတခုပင်ဖြစ်သည်။ သို့သော် ဤမူဝါဒသည်လည်း ဆင်းလုံးချော ပြည့်စုံသည်တော့ မဟုတ်ချေ။ ဦးစွာအနေဖြင့် အထင်ရှားဆုံး ပြဿနာမှာ နိုင်ငံ အတော်တော်များများတွင် ချို့တဲ့သော ဒေသများအတွက် ထောက်ပံ့ရန် လိုအပ်သည့် အနိမ့်ဆုံး ရန်ပုံငွေ ပမာဏပင် မရှိခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အကယ်၍ ရန်ပုံငွေကြေး လုံလောက်ခဲ့လျှင်လည်း ဗဟိုရှိ လူများစု ခေါင်းဆောင်များ အနေဖြင့် ပဋိပက္ခပြင်းထန်နေသည့် ဒေသများသို့ ထိုရန်ပုံငွေကို လွှဲပြောင်းပေးရန် တွန့်ဆုတ်နေမည်ဖြစ်သည်။ တတိယအချက်မှာ ထိုလွွှဲပြောင်းလိုက်သည့် ရန်ပုံငွေများသည် ထိုဒေသကို မည်သို့သော အကျိုးသက်ရောက်မူမျိုး ဖြစ်ပေါ်မည်ကို ခေါင်းဆောင်များ အနေဖြင့် မမှန်းဆနိုင်ခြင်းပင် ဖြစ်သည်။ ဗဟိုအစိုးရက လွှဲပြောင်းပေးလိုက်သည့် ရန်ပုံငွေများက ပဋိပက္ခကို လျော့ပါးစေမည်လော၊ သို့မဟုတ် မလိုလားအပ်သော တခြား အကျိုးဆက်များ ပေါ်ပေါက်လာမည်လော ဆိုသည်မှာ မသေချာချေ။
မြောက်အိုင်ယာလန်ရှိ ကက်သလစ်များက ဗြိတိန်အစိုးရ၏ သက်သာချောင်ချိရေး ရန်ပုံငွေကို လွှဲပေးရန် တောင်းဆိုရာ ရှုံးနိမ့်သွားကြသည်။ ပြင်သစ်အပေါ် သစ္စာရှိသည့် ကော်ဆီကန်ကျွန်းမှာ တခြားသော ဒေသများထက် ရန်ပုံငွေပမာဏ ပိုမို ရရှိသော်လည်း ပြဿနာများ ပြေလည်သွားခြင်း မရှိသည်ကို တွေ့ရသည်။ အရှေ့ဥပရောပတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဆိုဗီယက်တို့က ဖွံ့ဖြိုးရေး ရန်ပုံငွေများ လွှဲပြောင်းပေးခြင်းဖြင့် အရှေ့ဥပရောပ အနေဖြင့် ဗဟိုအစိုးရနှင့် ဆိုဗီယက်ယူနီယံအပေါ် ပိုမို သစ္စာရှိလာမည်ဟု ယုံကြည်ခဲ့သော်လည်း ထိုယုံကြည်ချက်မှာ အဟောသိကံ ဖြစ်သွားခဲ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာပြီးနောက် ဒေါ်နယ် ဟောရိုးဝစ်က “ဆင်းရဲသော ဒေသများအနေဖြင့် ချမ်းသာကြွယ်ဝသော ဒေသများနှင့် ဆက်စပ်မှု များပြားလာပါက ပြဿနာများ ပိုမို ပြေလည်သွားသည် ဆိုသည့် အဆိုမှာ ဝိရောဓိ ဖြစ်စရာပင် ဖြစ်သည်။ ပြဿနာများ ပြေလည် မသွားဘဲ ပြန်၍ပေါ်လာသည်က ပိုမိုများသည်” ဟု ကောက်ချက်ဆွဲပါသည်။
ပထဝီနယ်နိမိတ် ကွဲပြားမှုကြောင့် ဖြစ်ပွားသော ပြဿနာကို ဖြေရှင်းနိုင်မည့် တတိယနည်းမှာ လူနည်းစုများကို အမျိုးသားအဆင့် ပါတီများတွင် ပူးပေါင်းပါဝင်စေခြင်းပင် ဖြစ်သည်။ ဤနည်းနာမှာ နိုင်ငံတော်တော်များများတွင် ကာလ အတန်ကြာသည့်တိုင် အောင်မြင်သည့်နည်းနာ တခုပင်ဖြစ်သည်။ UK တွင် စကော့လူမျိုး နိုင်ငံရေးခေါင်းဆောင်များကို ဗြိတိန်ပါတီများတွင် အရေးကြီးသည့် ခေါင်းဆောင်မှု နေရာပေးကာ ပူးပေါင်းစဉ်ကာလများတွင် စကော့တလန်၌ စကော့လူမျိုး မဟုတ်သည့် ခေါင်းဆောင် ဦးဆောင်သည့်ကာလ မရှိသလောက် နည်းပါးသည့်အပြင် ၎င်းတို့က မဲမပေးဘဲ အာဏာရလာသည့် ပါတီ မရှိသလောက် နည်းပါးခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ထူးခြားသော သာဓကမှာ နယ်နိမိတ်အလိုက် ကွဲပြားနေသည့် လူမျိုးစုများကို လူမျိုးစုံပါဝင်သည့် အမျိုးသားအဆင့် ပါတီကြီးဖြစ်သည့် ကွန်ကရက်ပါတီက ပူးပေါင်းရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ မလေးရှားနိုင်ငံတွင်မူ လွတ်လပ်ရေးရချိန်တွင် တရုတ်လူမျိုးနှင့် မလေးလူမျိုးများကြား ပဋိပက္ခမှာ ပြင်းထန်လွန်းလှသဖြင့် ပြည်တွင်းစစ် ဖြစ်လုနီးပါးဖြစ်ခဲ့ရသော်လည်း လူမျိုးစုအကြား မဟာမိတ်ဖွဲ့ထားသည့် မဟာမိတ်ပါတီက လူမျိုးစုအကြား တည်ငြိမ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော်လည်း ပူးပေါင်းပါဝင်မှုကို နိုင်ငံရေးပါတီများ မှတဆင့်ကသာ ဆောင်ရွက်ခြင်းသည် အလွန်ခက်ခဲပြီး အန္တရာယ်များသော နည်းနာဖြစ်သည်။ ရေရှည်တည့်တံ့သည့် နိုင်ငံရေးပါတီတခု ဖြစ်ရန် အလွန်တရာ ခက်ခဲသော ကိစ္စဖြစ်ပြီး လွတ်လပ်ရေးရယူခြင်း သို့မဟုတ် အစိုးရ အပြောင်းလဲပြုလုပ်ခြင်း စသည့် ကြီးမားသော နိုင်ငံရေး အပြောင်းအလဲမရှိဘဲ ပူးပေါင်းဆောင်ရွက်ကြရန်မှာ မဖြစ်နိုင်ချေ။ သို့သော်လည်း ပဋိပက္ခနှင့် ရင်ဆိုင်နေရသော နိုင်ငံတော်တော်များတွင် တိုင်းရင်းသားလူမျိုး အားလုံး ပါဝင်သည့် နိုင်ငံရေးပါတီ ထူထောင်ရန် အခွင့်အလမ်းမှာ ပြီးဆုံးသွားခဲ့ကြပြီး ဖြစ်သည်။ အကယ်၍ ပါတီကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ စေကာမူ လူမျိုးစုံ ပါတီတခုအနေဖြင့် လူမျိုးတမျိုးတည်းဖြင့် စုစည်းထားသည့် ပါတီကို အနိုင်ရရန် ခက်ခဲလေ့ရှိသည်။
သက်ချာပါတီ၏ ပြုပြင်ပြောင်းလဲရေးက စကော့တလန်၏ ချိန်ခွင်လျှာ အပြောင်းအလဲကို ဖြစ်စေခဲ့ပြီး စကော့တလန် အမျိုးသားပါတီကို ပိုမိုပံ့ပိုးပေးလိုက်သလို ဖြစ်သွားခဲ့သည်။ လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းခဲ့ရသည့် ကွန်ကရက်ပါတီ အနေဖြင့် ပါတီခေါင်းဆောင်ပိုင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပြီး အင်ဒီရာဂန္ဒီကို စစ်တပ်အင်အားကို အသုံးချခဲ့ရသည့် အခြေအနေကို တွန်းပို့ခဲ့သည်။ အကယ်၍ လူနည်းစု ပြဿနာများကို ဖြေရှင်းရေးသည် ပါတီတခု၏ မူဝါဒနှင့် စီမံခန့်ခွဲမှု တခုတည်း သက်သက်တွင်သာ အခြေခံထားပါက ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ်အပြောင်းအလဲက လူနည်းစုများ၏ အခြေအနေကို အဆုံးဖြတ်ပေးသလို ဖြစ်နေလိမ့်မည်။
မည်သို့သော ချို့ယွင်းချက် အားနည်းချက်များ ရှိစေကာမူ ပါတီများမှတဆင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် အင်အားသုံး ဖြေရှင်းရေးထက်ပို၍ အောင်မြင်သည်ကို တွေ့ရသည်။ စတုတ္ထနည်းနာဖြစ်သည့် အင်အားသုံးကာ ဖြေရှင်းသည့် နည်းလမ်းမှာ ထိရောက်မှု မရှိသည့်အပြင် ကျင့်ဝတ်သိက္ခာအရ လက်ခံနိုင်ဖွယ်ရာ မရှိသော နည်းလမ်းဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ တမီလ်လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသတွင် ဗုဒ္ဓဘာသာကို ဦးစားပေးထားသည့်စနစ်နှင့် အရည်အချင်းပြည့်မီသည့် တမီလ်ကျောင်းသားများကို အဆင့်ပညာရေးသို့ မတက်လှမ်းနိုင်ရန် ကန့်သတ်ထားသည့် စာမေးပွဲစနစ်က တမီလ်မျိုးဆက် တဝက်ခန့်ကို ခွဲထွက်ရေး အဖွဲ့အစည်းများဆီသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။
တူရကီနိုင်ငံ၏ ပိုင်ဆိုင်မှုများ ကိုသိမ်းယူခြင်း၊ အတင်းအဓမ္မ နေရာပြောင်းရွေ့ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများက ၁၉၆၀ ပြည့်နှစ်များက ပေါ်ပေါက်ခဲ့သော ကာဒစ်ရှ် အမျိုးသားရေး လှုပ်ရှားမှု၏ ဇာစ်မြစ်ပင် ဖြစ်သည်။ မက္ကစီကိုနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်များက Chiapas ဒေသရှိ ငြိမ်းချမ်းစွာ လှုပ်ရှားနေသော လယ်သမားများကို အကြမ်းဖက် နှိမ်နှင်းလိုက်ခြင်းသည် ၁၉၉၀ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရခြင်း၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ မာဂရက် သက်ချာ၏ တင်းမာသည့် မြောက်အိုင်ယာလန် မူဝါဒက ဆင်ဖိန်းနှင့် IRA လှုပ်ရှားမှုကို ပိုမို အားကောင်းစေခဲ့ပါသည်။
အင်အားသုံး ဖိအားပေးဖြေရှင်းမှု၏ ရေရှည်အကျိုးဆက်မှာ ကျူးလွန်သူများ ထင်မှတ်ထားသည် ထက် ပိုမို ဆိုးဝါးပြီး ထိုဆိုးကျိုးကို ထင်မှတ်ထားသည်ထက် နှစ်ပေါင်းများစွာကြာအောင် ခံစားကြရသည်ကို တွေ့ရပါသည်။ ရေတို ဆိုးကျိုးမှာလည်း အထူးသတိပြုရမည့် အရာဖြစ်သည်။ အင်အားသုံး ဖြေရှင်းခြင်းကြောင့် အသက်ဆုံးရှုံးရမှုများ သာမက ငွေကုန်ကြေးကျ များပြားမည်မှာ ဆိုဖွယ်ရာ မရှိချေ။ အကယ်၍ ထိုလူနည်းစုသည် နိုင်ငံတကာ အထောက်အပံ့ဖြင့် ရပ်တည်နေသည့် အုပ်စုများဖြစ်ပါက ငွေကြေးကုန်ကျ စရိတ်မှာ မထင်မှတ်ထားသည့် ပမာဏမျိုးအထိ မြင့်တက်သွားမည် ဖြစ်သည်။ ထို့အပြင် အင်စတီကျူးရှင်း တခုအနေဖြင့် ပေးဆပ်ရမည့်တန်ဖိုးမှာ ပို၍ပင် ကြီးမားပါသည်။ လက်နက် မကိုင်ထားသည့် အရပ်သားများကို အင်အားသုံး ဖြေရှင်းရသည့်အတွက် စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။ အကယ်၍ စစ်သားများ သို့မဟုတ် အရာရှိများအနေဖြင့် တိုင်းရင်းသား စစ်ပွဲများသည် တရားမျှတမှု မရှိ၊ သို့မဟုတ် အောင်မြင်ရန် မလွယ်ကူဟု ထင်မှတ်လာသည် နှင့်အမျှ စစ်တပ်နှင့် နိုင်ငံရေးခေါင်းဆောင်များ အကြား မသင့်မမြတ်ဖြစ်မှု ပိုမိုကြီးမားလာမည် ဖြစ်သည်။ ထိုသို့သော မသင့်မမြတ်ဖြစ်မှုသည် စိုးရိမ်စရာကောင်းပြီး အန္တရာယ်ရှိသည်မှာ အသေအချာပင် ဖြစ်သည်။
ဖက်ဒရယ်စနစ်၏ အမှန်တကယ်နှင့် ဖြစ်နိုင်ချေ အကျိုးသက်ရောက်မှုများ
ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် အကူအညီ အထောက်အပံ့ပေးခြင်း သို့မဟုတ် ပါတီအခြေခံ ပူးပေါင်း ဆောင်ရွက်စေခြင်း စသည်တို့ကသာ အကောင်းဆုံး နည်းနာဖြစ်သည်ဟု ကန့်သတ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဖက်ဒရယ်စနစ် တည်ထောင်ခြင်း သည်ပင်လျှင် တခုတည်းသော ရွေးချယ်စရာတော့ မဟုတ်ချေ။ သို့သော်လည်း ဗဟိုရှိ နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် ဒေသတချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်တချို့ပေးခြင်းမှာ အကြမ်းဖက်မှုနှင့် ခွဲထွက်ခွင့်ကို အားပေးရာ ရောက်သည်ဟု စိုးရိမ်သည်မှာ လက်တွေ့တော့ မကျချေ။ စပိန်နှင့် ဘယ်လ်ဂျီယံတို့တွင် ဖက်ဒရယ်စနစ်ကို တည်ထောင်လိုက်သဖြင့် သီးခြား အမှတ်လက္ခဏာ ထူထောင်မှုကို လျော့ပါးစေပြီး ခွဲထွက်ရေး လှုပ်ရှားမှုများကို လျှော့ချနိုင်ခဲ့ပါသည်။ နိုင်ငံ ၂ နိုင်ငံလုံးတွင် ခွဲထွက်ရေးလှုပ်ရှားမှုများ အောင်မြင်သည်ကို မတွေ့ရသလောက်ပင် ဖြစ်သည်။
ဒေသဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့်လည်း ခွဲထွက်ရေးကို တောင်းဆိုလာပါက အများသောအားဖြင့် ငြင်းဆန်မည်ကို ရုရှားဖက်ဒရယ်ရှင်း သာဓကကို ကြည့်ခြင်းဖြင့် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ သို့တစေ ခွဲထွက်ရေးလှုပ်ရှားမှုကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အမျိုးမျိုး အထွေထွေ ဖြစ်နေသည်ကို တွေ့ရပါသည်။ မိမိကိုယ်ကိုယ် ခွဲထွက်ရေး လှုပ်ရှားသူများဟု ရည်ညွှန်းသူများ ကိုယ်တိုင်ပင်လျှင် တကြောင်းတဂါထာ တရွာတပုဒ်ဆန်း ဖြစ်နေသည်ကို တွေ့ရပါသည်။ ကော်စီကန် လူမျိုးများအဖို့ ခွဲထွက်ရေးဆိုသည်မှာ ပြင်သစ်နိုင်ငံမှ လုံးဝလွတ်လပ်ရေးကို ဆိုလိုပါသည်။ ကွိဘက်ရှိ ခွဲထွက်ရေး သမားများအဖို့ ခွဲထွက်ရေးဆိုရာတွင် ကနေဒါနိုင်ငံနှင့် ဆက်လက် ပူးပေါင်းရေးကိုလည်း ဆွဲကိုင်ထားသည်ကို နောက်ဆုံး လူထုဆန္ဒခံယူပွဲတွင် တွေ့ရပါသည်။
သမိုင်း အထောက်အထားများအရ ဗဟိုရှိ ခေါင်းဆောင်များက မကျေမနပ် ဖြစ်နေကြသော ဒေသများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်များ အပ်နှင်းလိုက်သည့် အခါတွင် မတည်မငြိမ်ဖြစ်မှုကို မတွေ့ရဘဲ ငြိမ်းချမ်း တည်ငြိမ် သွားသည်ကိုသာ တွေ့ရလေ့ရှိသည်။ ၁၉၅၀ ပြည့်နှစ်များတွင် တမီလ် အမျိုးသားရေး လှုပ်ရှားမှုများ အားကောင်းလာသည် နှင့်အမျှ နယူးဒေလီရှိ နိုင်ငံရေး ခေါင်းဆောင်အများစုက ခွဲထွက်မည့်အရေးကို စိုးရိမ်ပူပန်ကာ အင်အားသုံး ဖြေရှင်းရန် အဆိုပြုကြပါသည်။ သို့သော်လည်း ဂျဝါဟလာ နေရူးက အင်အားသုံး ဖြေရှင်းခြင်းအစား တမီလ်များကို သီးသန့် ပြည်နယ်တခု ပေးအပ်လိုက်ရာ ခွဲထွက်ရေး လုပ်ရှားမှုများ ငြိမ်သက်သွားခဲ့သည်ကို တွေ့ရသည်။ ပန်ဂျပ်ပြည်နယ်ရှိ ဆစ်ခ် ခွဲထွက်ရေးသမားများကို အင်ဒီရာ ဂနီ္ဒက လုပ်ပိုင်ခွင့်များ မပေးဘဲ လက်နက်အင်အားသုံး၍ ဖြေရှင်းခဲ့ရာ ပြဿနာမှာ ပြေလည်သွားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ရပါသည်။ အစိုးသစ် တက်လာပြီး ရွေးကောက်ပွဲများ ကျင်းပပေးလိုက်ရာ ဆစ်ခ်ပါတီ အာဏာရလာသည်နှင့် ခွဲထွက်ရေးလှုပ်ရှားမှုများ စင်မြင့်ပေါ်မှ ပျောက်ဆုံးသွားခဲ့ရသည်။ နိုင်ဂျီးရီးယား နိုင်ငံတွင် နီဂျာမြစ်ဝကျွန်းပေါ်ဒေသမှ လှုပ်ရှားသူများကို လုပ်ပိုင်ခွင့်များ အပ်နှင်းလိုက်သဖြင့် ၁၉၆၀ ပြည့်နှစ်များတွင် စတင်ခဲ့သည့် ခွဲထက်လှုပ်ရှားမှုများ ရပ်တန့်သွားရုံံသာမက ယခင် ခွဲထွက်ရေးလှုပ်ရှားသူများက ဗဟိုအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများကိုပါ တွေ့ရပါသည်။ ဝီလျံ ဇာ့မင်က “တာဝန်ဝတ္တရားက တောင်းဆိုမှုများကို လျော့ပါးစေသည်” ဟု ဆိုပါသည်။
သဘောထားတင်းမာသည့် ခေါင်းဆောင်များ အနေဖြင့် ခွဲထွက်ရေး လှုပ်ရှားမှုများသည် ဖြေလျော့ လိုက်လျောခြင်းကြောင့် မဟုတ်ဘဲ အတင်းအကြပ် သွတ်သွင်းရန် ကြိုးပမ်းမှုကြောင့်သာ ဖြစ်သည်ဆိုသည့် အချက်ကို သတိထားရန် လိုအပ်သည်။ ဘာသာစကားတခုတည်းအဖြစ် သတ်မှတ်ရန်ကြိုးပမ်းမှုသည် စပိန်နှင့် ဆူဒန်နိုင်ငံ၏ ခွဲထွက်ရေး လှုပ်ရှားမှုများကို ပိုမို အားကောင်းစေခဲ့ပါသည်။ နိုင်ငံတော်ဘာသာ သတ်မှတ်ရန် ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ခွဲထွက်ရေး လှုပ်ရှားမှုများကို တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့သည်။ တမီလ် ဆန့်ကျင်ရေး သမားများ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ကန့်သတ်ရန် ကြိုးပမ်းမှုများက သီရိလင်္ကာတွင် ခွဲထွက်ရေး လှုပ်ရှားမှုများကို ပိုမို အားကောင်းသွား စေခဲ့သည်။
ဖက်ဒရယ်စနစ် ကျင့်သုံးရန် မဆိုထားနှင့် အာဏာခွဲဝေသုံးစွဲရေးကိုပင် ငြင်းဆန်ခြင်းသည် ခွဲထွက်ရေး လှုပ်ရှားမှုများကို နိုးကြားလာစေလေ့ရှိသည်။ အာဏာခွဲဝေ သုံးစွဲရေး အစီအမံကို ငြင်းဆန်ပြီးနောက် ၁၉၇၆ ခုနှစ်မှစ၍ သီရိလင်္ကာနိုင်ငံတွင် တမီလ် လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုကို အားပေးထောက်ခံမှု ပိုမို များပြားလာခဲ့သည်။ တောင်ဆူဒန်တွင်လည်း အလားတူပင် အာဏာခွဲဝေရေး အစီအမံကို ငြင်းဆန်ပြီးနောက် ခွဲထွက်ရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များအတွင်း အာဖရိကအငူရှိ အီရစ်ထရီယာ လွတ်လပ်ရေး လှုပ်ရှားမှုများ စတင် ပေါ်ပေါက်ခဲ့ရခြင်းမှာ ဖက်ဒရယ် ကတိကဝတ်ကို ချိုးဖောက်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
သို့တစေ ဖက်ဒရယ်အစီအမံများ ဆောင်ရွက်ခြင်းသည် ပြဿနာအားလုံးကို ပြေလည်စေမည့် ၉၆ ပါးရောဂါ ပျောက်ဆေး မဟုတ်သကဲ့သို့ ဖက်ဒရယ်ဝါဒသည်လည်း ငြိမ်းချမ်းရေး အပါအဝင် မည်သည့်အရာကိုမျှ အာမခံနိုင်သည်တော့ မဟုတ်ချေ။ တချို့အခြေအနေ အချိန်အခါများတွင် ဖက်ဒရယ်ဝါဒသည် ရွေးချယ်စရာကောင်းတခု ဖြစ်ရန် မသေချာချေ။ သို့သော်လည်း ဖက်ဒရယ်ဝါဒသည် ခွဲထွက်ရေးကို အားပေးသည့် ကြောင်းကျိုးညီညွတ်မှု မရှိသကဲ့သို့ သမိုင်းဆိုင်ရာ အထောက်အထားများ အရလည်း မှန်ကန်မှုမရှိသည့် အကြောင်းပြချက်များဖြင့် မျက်စိပိတ် ငြင်းဆန်ရန် မသင့်ချေ။ အဓိကအားဖြင့် ဖက်ဒရယ်ဝါဒသည် မည်သို့သော အခြေအနေ အချိန်အခါမျိုးတွင် ခွဲထွက်ရေးဝါဒနှင့် ဆက်စပ်ပြီး မည်သည့်အချိန်ခါ အခြေအနေမျိုးတွင် မဆက်စပ်သည်ကို ကျယ်ကျယ်ပြန့်ပြန့် နှိုင်းယှဉ်လေ့လာရန် လိုအပ်သည်။
ထို့အပြင် ဖက်ဒရယ်ဝါဒ အနေဖြင့် နိုင်ငံရေးပါတီစနစ်ကို မည်သို့ သက်ရောက်သည်ကိုလည်း နှိုင်းယှဉ်လေ့လာရန် လိုအပ်သည်။ အာရ် ကန့် ဝေဘာ (R. Kent Weaver) ၏ လေ့လာတွေ့ရှိချက်များက ဖက်ဒရယ်ဝါဒနှင့် ပတ်သက်၍ အမြင်စောင်းမှုများ အားလုံးကို ချေဖျက်နိုင်ခဲ့ပါသည်။ ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများတွင် ပြုလုပ်သည့် သုတေသနများအရ ဖက်ဒရယ်ဝါဒ ကျင့်သုံးသဖြင့် လွှတ်တော်အတွင်း မတည်မငြိမ်မဖြစ်မှုနှင့် အကွဲအပြဲမှာ ဆက်စပ်မှုရှိသည် ဆိုသည်ကို ညွှန်ပြသည့် အထောက်အထားမှာ အလွန်နည်းပါးသည်ကို တွေ့ရပြီး ဖက်ဒရယ်ဝါဒကြောင့် နို်င်ငံရေးစနစ်အပေါ် အယုံအကြည်ကင်းမဲ့သည့် ပါတီများ များပြားလာခြင်းမှာ ဆက်စပ်မှု လုံးဝမရှိသည်ကို တွေ့ရပါသည်။ ဆက်လက်ပြီး သူက ဖက်ဒရယ်နှင့် အချိုးမညီသည့် အထက်လွှတ်တော် အကြား ဆက်စပ်မှုတော့ ရှိသည်ဟု ဆိုပါသည်။ ထိုအဆက်အစပ်မှာလည်း လူနည်းစုများကို အကာအကွယ် ပေးနိုင်သည့် အပြန်အလှန် ထိန်းကြောင်းပေးသည့် ပုံစံမျိုးသာ ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် အထက်ပါ ယေဘုယျ ကောက်ချက်မှာ ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများအတွက်ပါ မှန်ကန်မှု ရှိ မရှိမှာ အသေးစိတ် ထပ်မံလေ့လာရန် လိုအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
နန်စီ ဘာမီရို (Nancy Bermeo) သည် ပရင့်စတန်တက္ကသိုလ်မှ နိုင်ငံရေး ပါမောက္ခတဦးဖြစ်ပြီး နိုင်ငံရေးအုပ်စိုးမှု အပြောင်းအလဲနှင့် ပတ်သက်၍ လေ့လာရေးလျှက်ရှိသည်။ ယခုစာတမ်းသည် နန်စီ ဘာမီရိုနှင့် အူဂို အမ်မိုရက်တီ (Ugo Amoretti) တို့ တည်းဖြတ်သော Federalism and Territorial Cleavages (Johns Hopkins University Press) စာအုပ် နိဂုံးအပိုင်းမှ ကောက်နုတ်ချက်များဖြစ်ပြီး Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။