၂၀၁၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် လေးသိန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုးဦးနောင်နောင်လင်းအောင်က ပြောသည်။
“မန္တလေးမှာ နိုင်ငံခြားဧည့်ဝင်ရောက်မှု အရင်ကထက် သိသိသာသာ တိုးလာတယ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာက ဧည့်အများဆုံးပဲလေ၊အဲတော့ လျာထားချက်ကို အလွယ်လေးကျော်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းတွင် ၂၀၁၅ ခုနှစ် နှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွားဦးရေ ၁၅၀၀၀၀ ခန့် လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားဧည့်အရေအတွက်မှာ ၂၄၀၀၀၀ ခန့်ဖြစ်ရာ ကာလတူနှစ် နှိုင်းယှဉ်ချက်အရ ၃၆ ရာခိုင်နှုန်းတက်လာသည်ဟု ဆိုသည်။
တိုင်းအတွင်း ဧည့်ဝင်ရောက်မှုအများဆုံး ဒေသများမှာ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ မင်းကွန်း ၊ပြင်ဦးလွင်၊ ပုဂံညောင်ဦးတို့ဖြစ်ပြီး ပြင်ဦးလွင်နှင့် ပုဂံညောင်ဦးမှ အပ အဆိုပါဒေသများ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အီတလီနိုင်ငံအကူအညီဖြင့် ခရီးသွားစီမံကိန်းတရပ်ကိုလည်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။
“အခုချိန်က နိုင်ငံခြားသားဧည့်အလာကျဲတဲ့ Low Season ဖြစ်လို့၊ နောက်လကစပြီး ဟိုတယ်တွေလည်း ဘိုကင်အပြည့်၊ ဧည့်သည်အပြည့်နဲ့ ပြန်ဖြစ်လာတော့မှာ၊ အဲကျ အခန်းခဈေးနှုန်းတွေလည်း တက်သွားမှာ” ဟု ပုဂံဇုန်ရှိ ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။
နိုင်ငံခြားသားဧည့်အဝင်များချိန် High Season ဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတို့တွင် မန္တလေးတောင်၊ဦးပိန်တံတား၊ အင်း၀ တို့တွင် နေ့စဉ် ဧည့်သည် တစ်ထောင်ခန့် လာရောက်ကြကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လအထိ မန္တလေးခရိုင်တွင် ဟိုတယ်အလုံးရေ ၁၅၈ လုံးနှင့် အခန်းအရေအတွက် ၆၄၀၀ ကျော်ခန့်ရှိကြောင်း အထက်ပါဌာနမှ သိရသည်။