ယမန်နှစ်က ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် ၂ ဦးကို သတ်ဖြတ်ခဲ့ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဥယျာဉ်သုံး ပေါက်ပြားပေါ်မှ ရရှိသည့် DNA များက လူသတ် မုဒိန်းမှုဖြင့် ရုံးတင်စစ်ဆေးခံနေရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး၏ DNA နှင့် တူညီမှုမရှိ ဟု ထိုင်းမှုခင်းဆရာဝန်ကြီးက ထွက်ဆိုလိုက်သဖြင့် တရားခံများအဖြစ် စွပ်စွဲခံထားရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် အပြစ်မရှိကြောင်း လျှောက်လဲမှုတွင် အားတက်သွားစေပြီး ထိုင်းရဲတပ်ဖွဲ့အတွက် မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။
ထိုင်းနိုင်ငံ ဗဟိုမှုခင်းဆေးပညာသိပ္ပံ (Central Institute of Forensic Science – CIFS) ၏ အကြီးအကဲ ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က သက်သေခံပစ္စည်းအဖြစ် တင်ပြထားသော ဥယျာဉ်သုံး ပေါက်ပြား၏ လက်ကိုင်ရိုးပေါ်တွင် တွေ့ရှိခဲ့ရသည့် DNA က မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး၏ DNA နှင့် တူညီခြင်းမရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက် တရားခွင်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှနိုင်ငံသူ ဟန်နာဝစ်သရစ်ဂျ် (Hannah Witheridge) နှင့် ၎င်း၏ အဖော် ဗြိတိသျှနိုင်ငံသား ဒေးဗစ်မေလာ (David Miller) တို့ကို သတ်ဖြတ်မှု စုံစမ်းစစ်ဆေးရေးကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် ထိုင်းနိုင်ငံရဲအဖွဲ့ကို တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။
CIFS မှ ထိုသို့ ကြေညာလိုက်သည့်အတွက် မြန်မာလုပ်သား ၂ ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် နခွန်ချွန်ပူချတ် ဦးဆောင်သော ရှေ့နေများပင်လျှင် အံ့အားသင့်ခဲ့ကြရသည်။ ပေါက်ပြားပေါ်တွင် မည်သည့် DNA မှ တွေ့ရှိခဲ့ခြင်း မရှိဟု ထိုင်းရဲအဖွဲ့က နခွန်ချွန်ပူချတ်ကို ပြောကြားထားခဲ့၍ ဖြစ်သည်။
သို့သော် CIFS ၏ အကြီးအကဲ ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က သူ့ဌာန၏ DNA စစ်ဆေးမှုသည် ခိုင်လုံသော အထောက်အထားရှိကြောင်း တင်ပြပြောဆိုခဲ့သည်။
ယခုအခါ ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်နှင့် ရှေ့နေ နခွန်ချွန်ပူချတ်တို့ ၂ ဦးလုံးက လူသတ်လက်နက်တွင် တွေ့ရှိရသည့် DNA ပိုင်ရှင်ကို ရှာဖွေရန် တောင်းဆိုလိုက်ကြသည်။
“အခင်းဖြစ်ပွားတဲ့အချိန်မှာ အဲဒီလူတွေ ရှိနေမှာဖြစ်ပါတယ်။ အမှုစုံစမ်းသူတွေအနေနဲ့ ခုချိန်မှာ အဲဒီ သံသယရှိသူတွေကို ရှာဖွေပြီး စစ်ဆေးဖော်ထုတ်သင့်ပါတယ်” ဟု နခွန်ချွန်ပူချတ်က ပြောဆိုလိုက်သည်။
ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်ကလည်း တရားခံရှေ့နေများ နည်းတူ တောင်းဆိုခဲ့၏။ “ကျမတို့ နောက်ထပ်လုပ်ရမှာက ဒါက ဘယ်သူ့ DNA လဲ ဆိုတာကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများ စုဆောင်းရာတွင် အရေးပါသည့် သက်သေခံပစ္စည်းများ ပျောက်ဆုံးခဲ့သည့် အတွက် ဝမ်းနည်းကြောင်းလည်း ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ပြောပြီး အမှုကို သေချာစွာ မစူးစမ်းဘဲ အဂတိ တရားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟုလည်း သူက ယုံကြည်ထားသည်။
အခင်းဖြစ်ပွားသည့် နေရာကို စစ်ဆေးချိန်တွင် မှုခင်းဆိုင်ရာ ဆရာဝန်ရှိမနေခဲ့ပါ။
ယမန်နှစ် စက်တင်ဘာလက ခိုတောင်ကျွန်း၏ ဆိုင်းလီကမ်းခြေ သဲပြင်ပေါ်တွင်တွေ့ရှိခဲ့သော သွေးကွက်များ ထံမှရော အသတ်ခံရချိန်တွင် ဟန်နာဝစ်သရစ်ဂျ် ဝတ်ဆင်ထားသော အဝတ်အစားများပေါ်မှပါ DNA စစ်ဆေးရန် သက်သေခံ ပစ္စည်း စုဆောင်းခဲ့ခြင်း မရှိဟု ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ပြောသည်။
မှုခင်းဆေးပညာအရ စစ်ဆေးမှုများပြုလုပ်ရန် အသုံးဝင်သော အခင်းဖြစ်ပွားရာနေရာ ဓာတ်ပုံများ အလုံအလောက် ရိုက် ကူးခဲ့ခြင်းလည်း မရှိဘဲ ရယူပေးပို့ခဲ့သည့် DNA အထောက်အထားမှာလည်း ပြည့်စုံမှု မရှိဟု သူက ပြောသည်။
“စာရွက်စာတမ်းတွေမှာလည်း ပြင်ထားတယ်။ ရက်စွဲတွေကလည်း မမှန်ဘူး” ဟု မှုခင်းဆိုင်ရာ ဆေးပညာနယ်ပယ်တွင် ဆယ်စုနှစ် ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သော ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က တရားသူကြီး ၃ ဦး၏ ရှေ့တွင် ထွက်ဆိုခဲ့သည်။
သူ၏ ထူးခြားသော ထွက်ဆိုချက်က အစိုးရ၏ လွတ်လပ်သော မှုခင်းဆေးပညာဌာနနှင့် ရဲတပ်ဖွဲ့၏ မှုခင်းဆေးပညာ ဓာတ်ခွဲခန်းတို့ကို ထိပ်တိုက်တွေ့စေခဲ့သည်။ ရဲအဖွဲ့ ဓာတ်ခွဲခန်းမှာ ယခုအမှုအတွက် DNA စစ်ဆေးရာတွင် တာဝန်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် DNA စစ်ဆေးခြင်း ဆိုင်ရာ ဥပဒေများနှင့် နည်းလမ်းများ အဆင့်မြှင့်တင်ခြင်း မပြုနိုင်သေးသည့် အချိန်အထိ လွတ်လပ်သော စစ်ဆေးမှုများလိုအပ်သည်ဟု ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က အခိုင်အမာ ပြောကြားခဲ့သည်။
ဟန်နာဝစ်သရစ်ဂျ်နှင့် ၎င်း၏ အဖော် ဒေးဗစ်မေလာတို့ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့က ထိုင်းရဲ အရာရှိများက နှိပ်စက် ညှဉ်းပမ်း၍ ဖိအားပေးကာ အတင်းဝန်ခံခိုင်းခဲ့သည်ဟု ပြောသည်။ ၎င်းတို့၏ သွားများကို နုတ်ပစ်မည်၊ ကိုယ်ခန္ဓာများကို ပင်လယ်တွင်းတွင် စွန့်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သည် ဟုဆိုသည်။
DNA စစ်ဆေးမှုခံယူရန် သဘောတူကြောင်း စာရွက်စာတမ်းများပေါ်တွင် သူတို့က လက်မှတ်ရေးထိုးပေးခဲ့သော်လည်း မည်သည့်အတွက်မှန်း မသိသည့် စာရွက်စာတမ်း အမြောက်အများတွင်လည်း ဖိအားပေး၍ လက်မှတ်ရေးထိုးခိုင်းခဲ့သည် ဟု သူတို့က ဆိုသည်။
အမှုစစ်ဆေးကြားနာစဉ်အတွင်း အင်္ဂလန်နိုင်ငံသို့ ဟန်နာဝစ်သရစ်ဂျ် အလောင်းပြန်လည်ရောက်ရှိချိန်တွင် သူ၏ နေရပ် Norfolk မှ သေမှုသေခင်းဆိုင်ရာ ပညာရှင်က ရင်ခွဲစစ်ဆေးတွေ့ရှိချက်များနှင့် ထိုင်းနိုင်ငံမှ စစ်ဆေးတွေ့ရှိချက်များ ကြားတွင် သိသိသာသာ ကွဲပြားမှုများ ရှိနေကြောင်း ပေါ်ထွက်လာခဲ့သည်။
Norfolk မှ သေမှုသေခင်းဆိုင်ရာ ပညာရှင်၏ အစီရင်ခံစာ အသေးစိတ်ကို တရားရုံးတွင် ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း တရားသူကြီး ၃ ဦးကိုမူ ၎င်းတို့ ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ပေးအပ်ခဲ့သည်ဟု သိရသည်။
ခိုတောင်ကျွန်း အနီးရှိ ခိုစမွေကျွန်းတွင် ပြုလုပ်နေသည့် တရားခွင်က ထိုင်းရဲအဖွဲ့၏ လုပ်နည်း လုပ်ဟန်များနှင့် ဆက်လျဉ်းပြီး ဝိရောဓိများ ပေါ်ထွက်လာစေခဲ့သည်။
၂ ဦးလုံး အသက် ၂၂ နှစ် အရွယ်သာ ရှိသေးသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေ သော ရှေ့နေများက နောက်ရက်အနည်းငယ်အကြာတွင်ပြုလုပ်မည့် တရားခွင်များတွင် ဆက်လက်တင်ပြသွားမည်ဟု ဆိုသည်။
“ကျနော် အမှားအယွင်းမှန်သမျှကို တချိန်ထဲမှာပဲ ထုတ်ပြချင်တယ်။ တရားသူကြီးတွေက အားလုံးကို မြင်သွားစေချင် တယ်။ ပြီးတော့ မှန်မှန်ကန်ကန် ဆုံးဖြတ်စေချင်တယ်။” ဟု နခွန်ချွန်ပူချတ်က ပြောသည်။
အမှုကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ကြားနာ စစ်ဆေးမည်ဖြစ်ပြီး အောက်တိုဘာလ အတွင်းတွင် စီရင်ချက် ချမှတ်မည်ဟု မျှော်လင့်ရသည်။
(Eastern Daily Press ပါ Sarah Yuen ၏ DNA found on murder weapon does not match with two men on trial for killing Hannah Witheridge ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)