ဘန်ကောက်ဗုံးကွဲမှုနှင့် စပ်လျဉ်း၍ ဘန်ကောက်မြို့ Din Daeng ဧရိယာရှိ အမျိုးသမီး အဆောင်တဆောင်ကို မနေ့က ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေပြီး အမျိုးသမီး ၃ဦးကို မေးမြန်းရန် စစ်တပ်သို့ ခေါ်ဆောင် သွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
အထပ် ၄ထပ်ရှိ အဆိုပါ အဆောင်မှ အခန်း နံပါတ် ၁၀၄ ဗုံးရှင်းလင်းရေးတပ်ဖွဲ့၊ မှုခင်းအရာ ရှိများ၊ စစ်သား ပူးပေါင်းပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး၊ ခရီးဆောင်အိတ်များနှင့် ကွန်ပြူ တာများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။
ဤ အခန်းတွင် တက္ကသိုလ်ကျောင်းသူ ၂ဦး ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂လ ခန့် ကျောင်းသူ တဦး၏ အမေက သူ၏ သူငယ်ချင်းဆိုသူကိုခေါ်လာကာ နေထိုင်စေခဲ့ကြောင်း၊ ဗုံးခွဲမှုတွင် ပါဝင်သည်ဟု ယူဆသည့် လူ ၃ဦးသည်လည်း ပစ္စည်းတချို့ကို အဆိုပါ အခန်းတွင် လာရောက်သိမ်းဆည်းမှုများရှိကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းချက်ကို ကိုးကား၍ Bangkok Post တွင် ရေးသားထားသည်။
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲက စုံစမ်းမေးမြန်းရန် ခေါ်ယူထားသည့် အမျိုးသမီး ၃ဦး အနေဖြင့် ရဲတပ်ဖွဲ့က ယင်း လူ ၃ဦး၏ ပုံများကို ပုံကြမ်းဆွဲ ပုံဖော်ရာတွင် ကူညီရန် မေးမြန်း မည်ဟုလည်း ပြောသည်ဟု သိရသည်။
ပြီးခဲသည့် သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့လည် ဧရာဝဏ် နတ်ကွန်း အနီး ဗုံးပေါက် ကွဲမှုတွင် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် လူ ၂၀ သေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံသား ယူဆူဖူ မိုင်ရိုင်လီကို ကမ္ဘောဒီးယား နယ်စပ်တွင် ဖမ်းဆီးခဲ့သလို တူရကီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အဒမ် ကရာဒက်ချ် ဆိုသူကိုလည်း ဖမ်းဆီးခဲ့သည့် အပြင် တူရကီနိုင်ငံတွင် နေထိုင်နေသည့် ထိုင်းအမျိုးသမီး ဝနာဆုန်ဆန်နှင့် သူမ၏ အမျိုးသား တူရကီနိုင်ငံသား ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။
ဝနာဆုန်ဆန်ကတော့ ထိုင်းရဲတပ်ဖွဲ့၏ သူမအပေါ်စွပ်စွဲချက်နှင့် ပတ်သက်၍ အံသြရကြောင်း၊ သူမနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သလို ထိုင်းနိုင်ငံ ဖန်ငခရိုင်တွင်နေထိုင်သည့် သူမ၏ မိသားစုကလည်း ထိုင်းရဲများအနေဖြင့် အမှုဆင်ဖမ်းတတ်သည့်အတွက် သူမကို တူရကီနိုင်ငံတွင်သာ ဆက်လက်နေထိုင် ရန်တိုက်တွန်းကြောင်း သူမ၏ အကိုကြီးဖြစ်သူကို ကိုးကား၍ Bangkok Post သတင်းတွင် ရေးသားထားသည်။