လွန်ခဲ့သော လအနည်းငယ်လောက်အထိ မိကွန်ချမ်းက သြစတြေးလျ၊ အီတလီနှင့် ဆွစ်ဇာလန်တို့မှ တင်သွင်းသော အလှကုန်ပစ္စည်း များ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတခုကို ဦးဆောင်လုပ်ကိုင်နေခဲ့သည်။
သို့သော်လည်း စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ မွန်တိုင်းရင်းသူ တယောက်ဖြစ်သော မိကွန်ချမ်းသည် မွန်ပြည်နယ် ပေါင်မြို့နယ်မှ မဲဆွယ်လှုပ်ရှားမှုထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ သူက အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဝင်ရောက် ယှဉ် ပြိုင်မည်ဖြစ်သည်။
မိမိတို့၏ မိခင်တိုင်းရင်းသား ဒေသများကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် NLD မှ တိုင်းရင်းသား ကိုယ်စားလှယ်လောင်း အမြောက်အမြားထဲတွင် မိကွန်ချမ်းလည်း တယောက် အပါအဝင်ဖြစ်သည်။
ယခုအချိန်အထိ အရေအတွက် အတိအကျ မသိရသေးသော်လည်း နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီမှ တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၂၇ ဦးတွင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းမှာ တိုင်းရင်းသားများ ဖြစ်သည်။
NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် တဦးဖြစ်သည့် ဦးဝင်းမြင့်၏ အဆိုအရ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်နယ် ၇ ခုမှ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ၈၀ ရာခိုင်နှုန်းခန့်က တိုင်းရင်းသားများ ဖြစ်သည်ဟု သိရသည်။
“ကျနော်တို့ရဲ့ တိုင်းရင်းသား ကိုယ်စားလှယ်လောင်း အများအပြားက သူတို့ ယှဉ်ပြိုင်မယ့် နေရာတွေကပါ။ ဥပမာ ရှမ်းပြည် နယ်အတွက်ဆို ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းတွေ၊ မွန် ဆိုလည်း မွန်က လူတွေပါ” ဟု သူက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တွင်မှတ်ပုံတင်ထားသော ပါတီ ၉၂ ခုတွင် ၅၅ ခုမှာ တိုင်းရင်းသားပါတီ များ ဖြစ်ကြပြီး များသောအားဖြင့် တိုင်းရင်းသား ပြည်နယ် ၇ ခုမှ ၎င်းတို့နှင့် သက်ဆိုင်ရာ နေရာများကို ကိုယ်စားပြု ယှဉ် ပြိုင်ကြမည်ဖြစ်သည်။
သို့သော်လည်း တိုင်းရင်းသားပါတီများ အနေဖြင့် NLD ပါတီနှင့် ခက်ခက်ခဲခဲ ရင်ဆိုင်ရတော့မည် ဖြစ်သည်။ NLD ပါတီက အနေဖြင့်လည်း ဗမာ ပါတီတခုဖြစ်သည်ဆိုသည့်အပေါ် တိုင်းရင်သားအများစု ယူဆနေကြသည့် အစဉ်အလာ အစွဲကို ဖယ်ရှားနိုင်ရန် အားထုတ်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
“NLD ပါတီက ဗမာပါတီတခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီ တခုပါ” ဟု အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) တွင် NLD ပါတီကို ကိုယ်စားပြု၍ ဝင် ရောက် ယှဉ်ပြိုင်မည့် တနိုင်းမြို့နယ်မှ အသက် ၆၀ အရွယ် ကချင်တိုင်းရင်းသား ဦးနောင်နဂျာတန် ကပြောသည်။
၁၉၈၉ ခုနှစ်ကထဲက NLD ပါတီသို့ ဝင်ရောက်ခဲ့သူတဦး ဖြစ်သော ဦးနောင်နဂျာတန် က NLD ကို နှစ်ပေါင်းများစွာ တလျှောက်လုံး ထောက်ခံခဲ့သည်မှာ NLD ၏ တိုင်းရင်းသား အခွင့်အရေးနှင့် ဖက်ဒရယ်စနစ်အပေါ် ရပ်တည်မှုကို သဘောကျ၍ ဖြစ်ကြောင်း ပြောသည်။
“NLD က ဒီကိစ္စတွေကို ၁၉၉၀ ကနေ အခုထက်ထိ စွဲကိုင်ထားခဲ့ပါတယ်။ တကယ်လို့ NLD အနိုင်ရရှိပြီးတော့ အပြောင်း အလဲတွေပြုလုပ်ဖို့ အစိုးရဖွဲ့နိုင်ရင် ကျနော်တို့ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ ယုံကြည်တယ်” ဟု သူကပြောသည်။ ဆယ်စုနှစ် များစွာ အတွင်း ကချင် ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့သည်ကို ဦးနောင်နဂျာတန်က နမူနာအဖြစ် ထောက်ပြသည်။
ဦးနောင်နဂျာတန် ကဲ့သို့ပင် သူတို့၏ ပြည်နယ်များတွင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများကို အလွန် မြင်တွေ့ချင်ကြသည့် အခြား တိုင်းရင်းသား အမြောက်အမြားကလည်း ပါတီဝင်မဟုတ်သူများကို ကိုယ်စားလှယ် အဖြစ်လျှောက်ထားပါက လက်ခံမည်ဖြစ်ကြောင်း NLD ပါတီက လွန်ခဲ့သော ၃ လခန့်က ကြေညာခဲ့သည့် အချိန်တွင် ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်လွှာတင်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရွေးချယ်ခဲ့သူဖြစ်သော မိကွန်ချမ်းက နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ ဝင်ရန် သင့်မသင့် ဆုံးဖြတ်ရခြင်းသည် သူချခဲ့ဖူးသည့် အခက်ခဲဆုံး ဆုံးဖြတ်ချက်များထဲမှ တခုဖြစ်သည်ဟု ပြောသည်။
မွန်တိုင်းရင်းသား မိသားစုမှ ပေါက်ဖွားခဲ့သော မိကွန်ချမ်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ကာလရှည်ကြာစွာ ထောက်ခံခဲ့သူ ဖြစ်သည်။ မိကွန်ချမ်း၏ ဖခင်ဖြစ်သော နိုင်သက်လွင်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး မဟာမိတ် ဟောင်း တဦး ဖြစ်ပြီး ယခုအခါ မွန် အမျိုးသားပါတီ၏ ဒုဥက္ကဌ အဖြစ် ဆောင်ရွက်နေသည်။ မွန် အမျိုးသားပါတီက ယခု ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၅၅ ဦး အမည်စာရင်းတင်သွင်းထားသည်။
“သူ့ပြည်သူတွေရဲ့ အရေးကိစ္စကို အမြဲတမ်း ပထမနေရာမှာ ထားပေမယ့် ကျမ အဖေက အစွန်းရောက်တဲ့ အမြင်မရှိပါဘူး။ ကျမတို့မှာ ဘာပြဿနာမှ မရှိပါဘူး။ ကျမ NLD ကနေ ဝင်ပြိုင်တာကိုလည်း အဖေက ဘာမှမပြောပါဘူး” ဟု မိကွန်ချမ်းက ပြောသည်။
“တိုင်းပြည်တိုးတက်မှ တိုင်းရင်းသားတွေ့ရဲ့ အခြေအနေနဲ့ အခွင့်အရေးက ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ တိုင်းပြည် ကောင်းအောင် ကျမတို့ ပထမဆုံးလုက်ရပါမယ်။ ပြီးရင် ကျန်တာတွေ ဖြစ်လာပါလိမ့်မယ်။ (ကျမနဲ့ ကျမ အဖေက ဘယ်ဘက်မှာပဲ ရပ်နေနေ) ကျမတို့က တလမ်းထဲ သွားနေကြတာပါ” ဟု မိကွန်ချမ်းက ရှင်းပြ သည်။
ယခုနှစ်ရွေးကောက်ပွဲတွင် NLD က တနိုင်ငံလုံးတွင် ပါဝင်ယှဉ်ပြိုင်ခြင်းသည် လွန်ခဲ့သော ၂၅ နှစ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှ ၎င်း ၏ နိုင်ငံရေး အားထုတ်မှုများကို ထင်ဟပ်နေသည်။
ယခင်စစ်အစိုးရက ရလဒ်များကို အသိအမှတ်မပြုခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD က ကရင်ပြည်နယ်တွင် ၇၁ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်တွင် ၇၃ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၈၀ ရာခိုင်နှုန်း နှင့် ကယားပြည်နယ်တွင် ၅၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ၃၉၊ ၃၄ နှင့် ၃၀ ရာခိုင်နှုန်းစီ အသီးသီး အနိုင်ရရှိခဲ့သည်။
သို့သော်လည်း လတ်တလော နှစ်များတွင်မူ လူ့အခွင့်အရေး နှင့် တိုင်းရင်းသားရေး လှုပ်ရှားတက်ကြွသူများ၏ ဝေဖန် ပြောဆိုမှု အပါအဝင် အပြစ်တင်ဝေဖန်ခြင်းများ နှင့် NLD ပါတီ ရင်ဆိုင်နေခဲ့ရသည်။ တိုင်းရင်းသားဒေသများ အထူးသဖြင့် ကချင်လွတ် မြောက်ရေးတပ်မတော် နှင့် အစိုးရတပ်များကြားမှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ပဋိပက္ခများ နှင့် မတရားမှုများအပေါ် NLD မှ ဝေဖန်ရန် ပျက်ကွက်ခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနေဖြင့် တိုင်းရင်းသား ဒေသများတွင် ၎င်းတို့ မျှော်မှန်းထားသလောက် ယခင်ကလို အောင်မြင်မှုများ ရရှိနိုင်ဖွယ်မရှိဟု မှန်းဆပြောဆိုမှုများ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း NLD ၏ တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ ရွေးချယ်ခဲ့သည့် ဗျူဟာ ကြောင့် ရွေးကောက်ပွဲတွင် အောင်မြင်မှု ရနိုင်ဖွယ်ရာ ရှိလာသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်မည့် အခြား တိုင်းရင်းသား ပါတီ အမျိုးမျိုးရှိနေသော်လည်း အင်းလေးကန် တဝိုက်တွင် အခြေချနေထိုင်သည့် လူမျိုးစုဖြစ်သော အင်းသား တိုင်းရင်းသား ဦးအောင်ကျော်နိုင်က NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။
တိုင်းရင်းသား ပါတီများ အနိုင်ရရှိခဲ့လျှင်ပင် အစိုးရတခု ဖွဲ့စည်းရန် နှင့် တိုင်းပြည်ကို အပြောင်းအလဲလုပ်ရန် လိုအပ်သည့် ကိုယ်စားလှယ်နေရာ အရေအတွက်ရရှိနိုင်မည် မဟုတ်ဟု သူကပြောသည်။ ထို့ကြောင့် NLD ပါတီ မှ ဝင်ရောက် ယှဉ်ပြိုင် ရန် သူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ ကျနော်တို့ အင်အားကောင်းတဲ့ အစိုးရတခုရှိဖို့ လိုတယ်။ လက်ရှိ အခြေအနေအရ NLD က အင်အား အကောင်းဆုံး အတိုက် အခံပဲ။ ကျနော်တို့ အဖို့ NLD ကို ဝန်းရံ ရုံကလွဲပြီး တခြားဘာမှ မရှိဘူး” ဟု ဦးအောင်ကျော်နိုင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Phyo Thar ၏ In Search of Nationwide Success, NLD Propels Ethnic Candidates to the Fore ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)