ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ဝင်းမောင်က“ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် တပ်မတော်က အပြင်စည်းအနေနဲ့ ရှိနေမှာပါ။ မဲရုံ အသီးသီးမှာလည်း အထူးရဲ ၂ယောက်စီလောက် ထားဖို့ လျာထားပါတယ်”ဟု ပြောပြသည်။
ယခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် အတွင်း လုံခြုံရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ကရင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ယခုနှစ် ဇူလိုင်လ အတွင်းက အာရှလမ်းမသစ်ကြီး ပေါ်တွင် အခွန်ကောက်ခံရေးနှင့် ပတ်သက်၍ တပ်မတော်၊ ကရင် နယ်ခြားစောင့်တပ်(BGF) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ် အခြေစိုက် ဖလုံ – စဝေါ် ဒီမိုကရက်တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “အခုလက်ရှိ ဘာမှတော့ မဖြစ် သေးပေမယ့် စိုးရိမ်မှုမရှိဘူးလို့တော့ ပြောလို့ မရသေးဘူး။ မြဝတီနဲ့ ကော့ကရိတ်ကြားက မဲရုံတွေ ဖွင့်ရင်တော့ လုံးခြုံရေးကို စောင့်ကြည့်ရမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ကရင် ပြည်သူ့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးကလည်း“လုံခြုံရေး ကိစ္စတွေက တရားဥပဒေ စိုးမိုးရေးနဲ့ ဆက်စပ်နေ ပါတယ်။ ဒါဟာ အစိုးရတာဝန်ယူရမှာ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် သိပ်တော့ စိုးရိမ်မှု မရှိပါဘူး။ ဒါပေမယ့် စုန်းပြူးတွေကတော့ ရှိနိုင်ပါတယ်”ဟု ပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၃၆ နယ်စလုံးတွင် ကျင်းပသွားမည်ဖြစ်သော်လည်း မဲရုံ စုစုပေါင်း ၆၈၄ ရုံသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ မြို့နယ်တချို့ရှိ ကျေးရွာများတွင် လုံခြုံရေးအရ မဲရုံဖွင့်လှစ်နိုင်ရန် အခက်အခဲများ ရှိနေ သေးကြောင်း သိရသည်။
ဦးကျော်ဝင်းမောင်က“မဲရုံမဖွင့်နိုင်တာ ကျေးရွာ ၉၄ ရွာလောက် ရှိမယ်၊ အဓိက အများဆုံးက ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ် ထဲ ကလည်း ပါပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၁၉ ခုရှိပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၂၆၁ ဦး ရှိကြောင်း သိရသည်။