လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပါက အောင်နိုင်သည့် ပါတီနှင့် နောက်တက်လာမည့် အစိုးရအဖွဲ့ကို ဆက်လက် အားပေးသွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် က ပြောဆိုသည်။
ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီ ဥက္ကဋ္ဌ လည်းဖြစ်သည့် ဝန်ကြီးချုပ် ဦးသိန်းအောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရခဲ့သည့် အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်၌ ပြန်လည်ယှဉ်ပြိုင် ရန် အမည်တင်သွင်းထားပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်ဝန်ကြီး ၉ ဦးသည်လည်း ၎င်းတို့အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များတွင်ကြံ့ခိုင် ရေး ပါတီ ကိုယ်စားပြု၍ ပြန်လည်ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားသည်ဟုလည်း ဆိုသည်။
ထို့အပြင် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုကော်မတီဝင် ဦးတင်ထွဋ်၊ ဦးစိုးနိုင်၊ သမ္မတရုံး ဝန်ကြီး ဦးသိန်းညွန့်၊ မီးရထား ဝန်ကြီးဟောင်း ဦးသန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ကြီးဟောင်း ဦးခင်ရီ၊ အားကစား ဝန်ကြီး ဦးတင့်ဆန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်မြတ်မြတ် အုန်းခင်တို့သည်လည်း ဧရာဝတီတိုင်း အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် ဧရာဝတီတိုင်း အတွင်းရှိ မဲဆန္ဒနယ် ၉၂ ခုအနက် အနည်းဆုံး ၃ ပုံ ၂ ပုံခန့်အနိုင်ရမည်ဟု မျှော်မှန်း ထား ကြောင်းနှင့် အနိုင်ရရန်အတွက်လည်း ပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌလည်း ဖြစ်သည့် ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
“ဧရာဝတီတိုင်းအနေနဲ့ ကျနော်တို့ပါတီကတော့ အနည်းဆုံး ၃ ပုံ ၂ ပုံလောက်တော့ နိုင်မယ်လို့ မှန်းထားပါတယ်။ အဲဒီ အတွက် လည်း ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ဆိုင်းဘုတ်များ ထောင်ခြင်း၊ ကျေးရွာများသို့ ဆင်း၍ မဲဆွယ်စည်းရုံးခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ကာ အောက်ခြေရပ်/ကျေး ပါတီဝင်များကလည်း ရပ်ကွက်ကျေးရွာများအတွင်းရှိ ပြည်သူများ ထံသို့ တအိမ်တက်ဆင်းစနစ်ဖြင့် စည်းရုံး မှုများလုပ်ဆောင်နေကြောင်း သိရသည်။
“ဒီအချိန်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကြိုးပမ်းနေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲ ကော်မရှင် က ချမှတ်ထားတဲ့ စည်းကမ်း၊ မူဘောင်အတွင်းကပဲ ကိုယ့်ပါတီအနိုင်ရရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
အဓိကအင်အားကြီး အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကလည်း ဧရာဝတီတိုင်းရှိ မဲဆန္ဒ နယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များအနေဖြင့် အနိုင်ရရှိရေးအတွက် NLD ကိုယ်စားလှယ် လောင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။
မဲမသမာမှုများ၊ ကြိုတင်မဲများနှင့် အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ် ၉၂ ခု၌ ကြံ့ခိုင်ရေးပါတီက ၈၅ ခုအနိုင်ရခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၉၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။ ဒုတိယအနိုင်ရသည့် ပါတီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ၆ နေရာအနိုင်ရရှိခဲ့ သည်။