၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်တွင် သတင်းရယူမည့် မီဒီယာများကို ခရိုင်အလိုက် သတင်းရယူခွင့် ပြုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ယနေ့ ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက“သတင်းထောက်တွေ အနေနဲ့ ခရိုင်ကို လျှောက်လိုက်တဲ့ အတွက် အဲဒီခရိုင်ထဲမှာရှိတဲ့ မြို့နယ်တွေအားလုံးကို သတင်းယူလို့ ရတယ်။ ဥပမာ အရှေ့ပိုင်းခရိုင်ကို လျှောက်မယ်ဆိုရင် အရှေ့ပိုင်းခရိုင်မှာ ရှိတဲ့ မြို့နယ်တွေ အားလုံးကို အကျုံးဝင်တယ်”ဟု ပြောသည်။
ကော်မရှင်မှ ထုတ်ပေးထားသည့် မီဒီယာ သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများသည် မဲရုံအတွင်း သို့ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ဝင်ရောက် သတင်းရယူခွင့် ရှိသည်ဟု သိရသည်။
သို့သော် ရွေးကောက်ပွဲနေ့တွင် မီဒီယာများ သတင်းရယူခွင့်နှင့်ပတ်သက်၍ UEC ၏ ထုတ်ပြန်ချက်တချို့သည် ရှင်းလင်းမှု မရှိကြောင်း သတင်းထောက်များက ပြောသည်။
ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ သတင်းရယူခွင့်နှင့် ပတ်သက်၍ UEC ၏ သြဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်၌ ရွေးကောက်ပွဲ သတင်းရယူရာတွင် မြို့နယ် အလိုက် သတင်းမီဒီယာ အဖွဲ့အစည်းတခုလျှင် ၃ ဦးထက်မပိုသော အရေအတွက်ဖြင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အသီးသီးထံသို့ လျှောက်ထားရမည်ဆိုသော အချက်ကို မီဒီယာများက ကန့်ကွက်ခဲ့ကြသည်။
ထို့ကြောင့် ကော်မရှင်က မြို့နယ်ကော်မရှင်အစား ခရိုင်ကော်မရှင်ဟု အစားထိုးပေးခဲ့သည့် အချက် အပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်း တခုလျှင် တမြို့နယ် ၃ ဦးထက် မပိုသော အရေအတွက်ဖြင့် သက်သေခံကတ်များ ရယူနိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ တိုင်း/ဒေသ၊ ခရိုင် ရွေးကောက်ပွဲ ကောင်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဟု ပြောင်းလဲပေးခဲ့သည်။
မြန်မာ ဂျာနယ်လစ် ကွန်ရက် အဖွဲ့ဝင် သတင်းစာဆရာ ဦးသန်းေဋ္ဌးက“အခု နောက်တကြိမ် ထုတ်ပြန်တော့လည်း လျှောက်ထား တာ က ခရိုင်ကို တင်ပြရမယ်ဆိုတာပဲ ပြောင်းတယ်။ တမြို့နယ်ကို ၃ ဦးစီ ဆိုတဲ့ကိစ္စက မပြောင်းလဲဘူး”ဟု ပြောသည်။
တမြို့နယ် ၃ ဦး ဆိုသည့် ကိစ္စမှာ တမြို့နယ်လုံးအတွက် သတင်းထောက် ၃ ဦးသာ သတင်း ယူခွင့်ပြုမည်ဟု ကန့်သတ်ခြင်း မဟုတ် ဘဲ မဲရုံ ၁ ရုံအတွက် မီဒီယာ အဖွဲ့အစည်းတခုမှ ၃ ဦး သတင်းယူခွင့်ပြုမည်ဟု ကန့်သတ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောသည်။
ရွေးကောက်ပွဲတွင် သတင်းရယူမည့် အလွတ်တန်း သတင်းထောက်များနှင့် ပတ်သက်၍ မိမိ ကိုယ်စားပြုသည့် ပြည်တွင်း သတင်း မီဒီယာ အဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေး စေလွှတ်ထားသူ ဖြစ်ကြောင်း အထောက်အထားစာကို တင်ပြရ မည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက သတင်းသမားများအနေဖြင့် ကိုယ်တိုင်ရေး လျှောက်လွှာတွင် မိမိနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်း မီဒီယာအဖွဲ့၏ ထောက်ခံချက်စာကို တင်ပြ၍ ဖြစ်စေ လျှောက်ထားရမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။