၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း ၈၇ ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
ပယ်ချခံရသည့် အကြောင်းရင်းတွင် ယင်းကိုယ်စားလှယ်လောင်းများ မွေးဖွားခဲ့စဉ်က မိဘနှစ်ပါးသည် နိုင်ငံသား မဖြစ်သေးခြင်း၊ ရွေးကောက်ပွဲ ဝင်ရမည့် အသက်အရွယ် မပြည့်ခြင်းတို့ကြောင့် ဖြစ်သည်ဟု UEC မှ နိုင်ငံရေး ပါတီဋ္ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောသည်။
ဦးလှမောင်ချိုက“ကိုယ်စားလှယ်လောင်း ပယ်ချမှုနဲ့ပတ်သက်တဲ့ အသေးစိတ် စာရင်းတွေကိုတော့ ပြောလို့မရသေးဘူး”ဟုလည်း ပြော ဆိုသည်။
ကိုယ်စားလှယ်လောင်း ၆၁၈၉ ဦးတွင် ပြည်သူ့လွှတ်တော်အတွက် ၁၇၄၀၊ အမျိုးသား လွှတ်တော်အတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၃၄၃၆ ဦး စုစုပေါင်း ၆၀၆၂ ဦးကို UEC က ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပေးခဲ့ရာ ကိုယ် စားလှယ်လောင်း ၁၂၇ ဦး ပယ်ချခံရသည့် သဘော ဖြစ်သဖြင့် ဦးလှမောင်ချို အတည်ပြုသည့် ကိုယ်စားလှယ်လောင်း အရည်အတွက်နှင့် ကွာခြားလျက် ရှိသည်။
UEC က ကိုယ်စားလှယ်လောင်း တင်သွင်းမှုများ လက်ခံရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ် လောင်း ၁၁၅၁ ဦး ရှိသည်ဟု ဖော်ပြခဲ့ကြောင်း၊ သို့သော် NLD က ပို့ထားသည့် ကိုယ်စားလှယ်လောင်း အရည်အတွက်သည် ၁၁၃၈ ဦး ဖြစ်ကြောင်း NLD ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။
ဦးမောင်မောင်ဦးက“ကျနော်တို့ စာရင်းပေးတဲ့အထဲမှာ စာရင်းပေးပြီးမှ ပါတီက ပြန်ဖယ်လိုက်တာတွေ ရှိတယ်။ ကော်မရှင်က အဲဒါတွေပါ ထည့်ပေါင်းထားမိတယ် ထင်ပါတယ်”ဟု ပြောသည်။
NLD က ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦးတွင် ၈ ဦးသည် အပယ်ခံထားရကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးကြည် တိုး ၏ လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းများ စိစစ်ထုတ်ပြန်ခဲ့ရာတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ပါတီမှ ကိုယ်စားလှယ် လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။
ဦးကျော်မင်းက“ပယ်ချခဲ့တဲ့အဓိက အကြောင်းက မိဘနှစ်ပါးက နိုင်ငံသားကတ် ကိုင်ဆောင်ထားခြင်း မရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာကို ပယ်ချလိုက်သည်လို့ပဲ ပြောတယ်”ဟု ပြောပြသည်။