ပဲခူးတိုင်း အရှေ့ခြမ်း ဖြူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ယှဉ်ပြိုင်အရွေးခံမယ်သူကတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကျော် ဖြစ်ပါတယ်။
ဦးကိုကိုကျော်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်ရေးအရာရှိ တာဝန်ကို အရင်ကထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သမ္မတရုံးမှာလည်း ဒု ညွှန်ကြားရေးမှူးချုပ် ရာထူးကို ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်ပါတယ်။
ဦးရွှေမန်းရဲ့ ပြိုင်ဖက်ဟာ အတိုက်အခံ ဒီမိုကရေစီ အုပ်စုထဲကမဟုတ်ပဲ၊ အစိုးရ အဖွဲ့ထဲက ဖြစ်နေပြီး၊ ဦးသိန်းစိန်ရဲ့ လက်ရင်းတပည့်တဦးလည်း ဖြစ်နေတာက ထူးခြားတယ်လို့ ဆိုရမှာပါ။
ဒါကြောင့် သူတို့နှစ်ဦးရဲ့ ရွေးကောက်ယှဉ်ပြိုင်ပွဲကို လေ့လာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။