တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA ) အား “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) နှင့် အမျိုး သား ဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA) မိုင်းလားအထူးဒေသ ၄ အဖွဲ့တို့ ပါဝင်လက်မှတ်ထိုးရန် မသေချာသေး ဟု သိရသည်။
NCA သည် တနိုင်ငံလုံးနှင့် သက်ဆိုင်နေခြင်းကြောင့် လက်မှတ်ရေးထိုးမည်ဆိုပါက လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်မှသာ အဓိပ္ပာယ်ပြည့်ဝသည့် ငြိမ်းချမ်းရေး ဖြစ်မည်ဟု ယူဆကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်မည့်ကိစ္စကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NDAA အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးကြည်မောင် က ဧရာဝတီ ကိုပြောသည်။
၎င်းက “တကယ်လို့ NCA ကို ကျနော်တို့အနေနဲ့ ပါဝင်လက်မှတ် မထိုးဖြစ်ဘူးဆိုရင်လည်းပဲ ထိုးတဲ့သူတွေကို ကျနော်တို့ မကန့်ကွက်ပါဘူး၊ NCA ကို ကျနော်တို့က ထောက်ခံပါတယ်ဆိုတာကို ဝန်ကြီးဦးအောင်မင်းတို့အဖွဲ့ကို ရှင်းပြလိုက်ပါတယ်” ဟု ဆိုသည်။
UWSA နှင့် NDAA တို့မှ ကိုယ်စားလှယ်များသည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်း ရေးလုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ဆုံ၍ NCA ကိစ္စ ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၀ နှင့် မိုင်းလားအဖွဲ့အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရေး၊ NCA ၌ ပါဝင် လက်မှတ် ရေးထိုးရန်ပါ ကမ်းလှမ်းခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာများ၌ ဖော်ပြထားသည်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် NCA ပါ အချက်အလက်များအား ၀ နှင့် မိုင်းလားအဖွဲ့တို့ကို ရှင်းပြခဲ့ပြီး၊ အောက်တိုဘာလ ပထမပတ်တွင် လက်မှတ်ရေးထိုးရန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်ဟု အစိုးရသတင်းစာ များ၌ ဖော်ပြထားသည်။
၀ ဒေသနှင့် မိုင်းလားဒေသတို့သည် ဖွံ့ဖြိုးတိုးတက်နေပြီး၊ ယင်းသို့ တိုးတက်မှုများ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် စဉ်ဆက်မပြတ်သည့် ငြိမ်းချမ်းရေးလိုအပ်ကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင်စေလိုကြောင်း၊ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၀ နှင့် မိုင်းလားအဖွဲ့တို့အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင် ရန် ဆန္ဒပြင်းပြနေသည်ဟု တပ်မတော်၏ ကိုယ်စားလှယ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဆွေးနွေးခဲ့ကြောင်း အစိုးရ သ တင်းစာ၌ ဖော်ပြထားသည်။
UWSA နှင့် NDDA တို့သည် မဟာမိတ်အဖွဲ့ ဖြစ်သည့်အတွက် NCA နှင့်ပတ်သက်၍လည်း ၀ အဖွဲ့နှင့်အတူ ရပ်တည် သွားမည် ဖြစ်ကြောင်း၊ NCA အား ပါဝင် လက်မှတ်ရေးထိုး၊ မထိုးဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်းလည်း ဦးကြည် မောင်က ပြောသည်။ (UWSA) နှင့် (NDAA) တို့သည် မဟာမိတ်ဖြစ်သကဲ့သို့ နှစ်ဖွဲ့စလုံးသည် အစိုးရနှင့်ငြိမ်းရယူထားကြ သည်။
ဦးကြည်မောင် က ”ကျနော်တို့ အဖွဲ့တွေက ငြိမ်ချမ်းရေးယူထားတာ ကြာပါပြီ၊ နယ်မြေလည်း အေးချမ်းတယ်၊ ဖွံ့ဖြိုး တိုး တက်ရေးတွေ လုပ်နေတယ်၊ NCA လက်မှတ်ထိုးရေး မထိုးရေးကိုလည်းဘဲ ဆွေးနွေးရဦးမယ်၊ တကယ်လို့ မထိုးဖြစ်ရင် လည်းဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ရှိပါတယ်” ဟု ဆိုသည်။
UWSA ၏ ပြောခွင့်ရသူ ဦးအောင်မြင့်ကလည်း ၎င်းတို့အနေဖြင့် အစိုးရနှင့်ငြိမ်းချမ်းရေး ရယူထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ထပ်မံလက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း၊ သို့သော် NCA ကို ထောက်ခံကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်မည်ဖြစ်ကြောင်း ဧရာဝတီကို မကြာခဏ ဖြေဆိုခဲ့သည်။ ကျိုင်းတုံမြို့၌ တွေ့ဆုံ ပွဲနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအား ထပ်မံမေးမြန်းရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
UWSA သည် ၁၉၈၉ ခုနှစ်မှ စတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၏ လုံခြုံရေးကို တာဝန်ယူထားသည့် အဖွဲ့ဖြစ်သည်။ ထို့အတူ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုလည်း တည်ထောင် ထားပြီး နိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။