နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်သည် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် DNA စစ်ဆေးခြင်းကို ကနဦး စတင်မိတ်ဆက်ပေးခဲ့သည့် ဗဟိုမှုခင်းဆေးပညာသိပ္ပံ (Central Institute of Forensic Science – CIFS) ၏ အကြီးအကဲဖြစ်သည်။ ယခုအခါတွင် ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသူ ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသည့် အမှုတွင် DNA စစ်ဆေးခြင်းဖြင့် သူက ပါဝင်ဆောင်ရွက်ပေးနေသည်။
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ဦး ဖြစ်သည့် ဟန်နာဝစ်သရစ်ဂျ် (Hannah Witheridge) နှင့် ၎င်း၏ အဖော် ဒေးဗစ်မေလာ (David Miller) တို့သည် ၂၀၁၄ ခုနှစ် စက် တင်ဘာလ ၁၅ ရက်နေ့ညက အသတ်ခံခဲ့ကြရခြင်း ဖြစ်ပြီး ဟန်နာဝစ်သရစ်ဂျ်မှာ မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရသည်။
ထိုင်းရဲတပ်ဖွဲ့က DNA စစ်ဆေးနည်းဖြင့် အမှုကို ကိုင်တွယ်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ် သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ မတရားပြုကျင့်မှုတို့ ဖြင့် စွပ်စွဲဖမ်းဆီးခဲ့၏။ ယခုအခါ သူတို့ကို တရား ရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး စီရင်ချက် မချမှတ်ရသေးပါ။ ရဲအဖွဲ့က လူသတ်လက်နက်အဖြစ် တွေ့ရှိခဲ့ရသော ဥယျာဉ် လုပ်ငန်းသုံး ပေါက်ပြားပေါ်တွင် တွေ့ရှိရသည့် DNA က စွပ်စွဲခံထားရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ ဦး၏ DNA နှင့် ကိုက်ညီခြင်းမရှိဟု ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်၏ မှုခင်းဆေးပညာအဖွဲ့က ပြောကြားခဲ့သည်။
ဧရာဝတီအင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် စောရန်နိုင်က ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်ကို သူ၏ DNA စစ်ဆေးတွေ့ရှိမှုနှင့် ပတ်သက်၍ မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံး အနေနဲ့ မေးရရင် ဒီအမှုထဲကို ဒေါက်တာ ဘယ်လိုပါဝင်လာခဲ့ပါသလဲ။
ဖြေ။ ။ ပထမဆုံးအနေနဲ့ ပြောရရင် စွပ်စွဲခံနေရသူတွေဘက်က ရှေ့နေတွေက ကျမတို့ ဌာနကို ရောက်လာခဲ့ပါတယ်။ ပြီးတော့ သိပ္ပံဆိုင်ရာ သက်သေအထောက်အထားတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောပြပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအမှုကို အကူအညီပေးဖို့လည်း ကျမတို့ကို တောင်းဆိုပါတယ်။ ဒုတိယ အနေနဲ့တော့ ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေခံ ပစ္စည်းတွေကို DNA စစ်ဆေးဖို့ မေတ္တာရပ်ခံပါတယ်။ နောက်တော့ ရုတ်တရက် ဆိုသလိုပဲ စွပ်စွဲခံနေရသူတွေကို ညှဉ်းပန်း နှိပ်စက်မှုရှိခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ စစ်ဆေး ဆုံးဖြတ်ပေးဖို့ အမျိုးသား လူ့အခွင့်အရေး ကော်မတီက တောင်းဆို လာပါတယ်။ ဒါကြောင့် လုပ်စရာက ၃ ခု ရှိလာခဲ့ပါတယ်။
မေး။ ။ ဒါဆိုရင် DNA စစ်ဆေးမှုမှာ ဘာတွေ တွေ့ရှိခဲ့သလဲဆိုတာ ပြောပြပါလား။
ဖြေ။ ။ ကျမတို့ အဖွဲ့က တွေ့ရှိခဲ့တာကတော့ လူသတ်လက်နက်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားတဲ့ ပေါက်ပြားပေါ်မှာ တွေ့ရှိရတဲ့ DNA က စွပ်စွဲခံနေရသူ ၂ ဦးရဲ့ DNA နဲ့ မတူပါဘူး။ အမျိုးအမည် မသိ ယောက်ျားတယောက်ရဲ့ DNA ဖြစ်ပါ တယ်။ တခြားသူတွေရဲ့ DNA တွေလည်း ကျမတို့ ရဖို့လိုပါတယ်။ စွပ်စွဲခံနေရသူတွေ မဟုတ်တဲ့ ဘယ်သူမှန်း မသိတဲ့ အမျိုးသားတယောက်ရဲ့ DNA ကိုပဲ ကျမတို့ တွေ့ခဲ့တာပါ။
မေး။ ။ တခြားဘယ်သူတွေကိုလည်း DNA စစ်ဆေးမှု လုပ်သင့်ပါသလဲ။
ဖြေ။ ။ အဲဒါက ကျမတာဝန် မဟုတ်ပါဘူး။ ဒါကြောင့် တခြားဘယ်သူတွေကို စစ်ဆေးဖို့ လိုအပ်တယ်ဆိုတာကို ကျမ မပြောနိုင်ပါဘူး။ ဒါက ရဲအဖွဲ့ရဲ့ အလုပ်ဖြစ်ပါတယ်။
မေး။ ။ အကြောင်းရင်း ရှာဖွေမှု အပြီးသတ်နိုင်ဖို့ တခြားဘာတွေ လုပ်ဆောင်စရာ လိုအပ်သေးသလဲ။
ဖြေ။ ။ ဒီအမှုမှာတော့ ကျမ ဘာမှ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သက်သေ အထောက်အထား အားလုံးရဲ့ DNA မှတ်တမ်းကို ကြည့်ရှုဖို့ ကျမ အခွင့် အရေးမရခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ကျမတို့ဆီကို ပို့ပေးခဲ့တဲ့ လက်နက်ပေါ်က DNA ကိုပဲ ကျမ ကြည့်ခဲ့ရပါတယ်။ (ရှင်မေးတာက) ကျမ ပြောမပြနိုင်တဲ့ DNA မှတ်တမ်း အစီရင်ခံစာ တွေပဲ ဖြစ်ပါတယ်။ ကျမတို့ စောင့်ရပါမယ်။
မေး။ ။ စွပ်စွဲခံရသူ ၂ ဦးသောက်ခဲ့တဲ့ စီးကရက်တိုကနေ ရရှိခဲ့တဲ့ DNA က ဟန်နာဝစ်သရစ်ဂျ်ရဲ့ ကိုယ်ခန္ဓာမှာ တွေ့ရှိခဲ့တဲ့ DNA နဲ့ ကိုက်ညီမှုရှိတယ်လို့ အရင်က သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီ သက်သေခံပစ္စည်းတွေကို စစ်ဆေးဖို့ အခွင့်အရေး ရရှိခဲ့ပါသလား။
ဖြေ။ ။ မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ သက်သေခံပစ္စည်း အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီလို့ ရဲအဖွဲ့က ပြောပါတယ်။ ကျမတို့ဌာနကို ပေးပို့ဖို့အတွက် သက်သေခံ ပစ္စည်း မကျန်တော့ဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။
မေး။ ။ အခုအချိန်က စပြီးတော့ ဒေါက်တာတို့ အဖွဲ့က ဒီကိစ္စမှာ ဘယ်လိုပါဝင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ နောက်တကြိမ် (နောက်တပတ် သို့မဟုတ် ၂ ပတ်အကြာ) အမှုစစ်ဆေးတဲ့ အခါ ခရိုင်တရားရုံးမှာ သိပ္ပံနည်းပညာဆိုင်ရာ ထွက်ဆိုချက် ပေးရပါမယ်။ ကျမတို့ ဌာနက သိပ္ပံပညာရှင် ၂ ယောက်နဲ့ ဆရာဝန်တယောက် တရားရုံးမှာ သက်သေခံထွက်ဆိုကြမှာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင် ၂ ယောက်က DNA စစ်ဆေးမှုတွေ့ရှိချက်နဲ့ ပတ်သက်လို့ ထွက်ဆိုကြမှာ ဖြစ်ပြီးတော့ ဆရာဝန်ကတော့ စွပ်စွဲခံရသူ ၂ ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုကို ထွက်ဆိုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ (စွပ်စွဲခံရသူ များ) က အမှုစုံစမ်း စစ်ဆေးစဉ်အတွင်းမှာ ရဲတပ်ဖွဲ့က သူတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ တရားသူကြီးတွေနဲ့ အမျိုးသား လူ့ အခွင့်အရေး ကော်မတီကို ပြောပြခဲ့လို့ ဖြစ်ပါသည်။ ဆရာဝန်က စွပ်စွဲခံရသူ ၂ ဦးကို ထောင်ထဲမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျမတို့ ဌာနက အဲဒါတွေကို တရားရုံးမှာ ထွက်ဆိုချက်ပေးမှာပါ။
မေး။ ။ ဒေါက်တာက DNA စစ်ဆေးရေး စနစ်နဲ့ ပတ်သက်လို့ အများရဲ့လေးစားခံသူ ဖြစ်ပါတယ်။ မှုခင်းဆိုင်ရာ ဆေးပညာနည်းလမ်းတွေနဲ့ ပတ်သက်လို့ အရင်က အားထုတ်ခဲ့တာတွေအတွက်လည်း ထောက်ခံမှုတွေ ရခဲ့တယ်။ ဒါကြောင့် မြန်မာပြည်က စာဖတ်သူတွေကို ဘယ်လို သတင်းစကားပေးချင်ပါသလဲ။
ဖြေ။ ။ ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အကူအညီ တောင်းနိုင်တဲ့ အခွင့်အရေးတခု ကျမတို့မှာ ရှိပါတယ်။ ဆိုလိုတာက ထိခိုက်နစ်နာခဲ့ရတဲ့ ဓားစာခံတွေဖြစ်စေ စွပ်စွဲခံရသူတွေဖြစ်စေ မှုခင်းဆေးပညာအရ စုံစမ်းစစ်ဆေးမှု ဒုတိယအကြိမ်လုပ်ပေးဖို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ တရားရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိတဲ့ ကျမတို့ ဗဟိုမှုခင်းဆေးပညာသိပ္ပံရဲ့ တာဝန်အရ ဒီအလုပ်ကို ဆက်လုပ်ပါလိမ့်မယ်။ ထိခိုက်နစ်နာခဲ့ရတဲ့သူတွေကိုဖြစ်စေ စွပ်စွဲခံရသူတွေကိုဖြစ်စေ ကျမတို့ ကူညီနိုင်ပါတယ်။ တကယ်လို့ သူတို့မှာ ဒုတိယ အကြိမ် ရွေးချယ်စရာရှိခဲ့ရင် သူတို့ တောင်းဆိုနိုင်ပါတယ်။ ကျမတို့ကလည်း အကောင်းဆုံး လုပ်ပေးပါမယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Dr Pornthip: ‘Victims or Suspects Have the Right to Ask For a Second Opinion’ ကို ဆီလျော်အောင် ဘာသာပြန်သည်)