ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းကျေးရွာအတွင်းရှိ မယ်စိထာ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ စေတီ တည်ခြင်းအပေါ် ဘာသာရေး အခြေခံသည့် ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများရှိနေပြီး ရွေးကောက်ပွဲမတိုင်မီ ပဋိပက္ခ ဖြစ်စေရန် ဖန်တီးမှုအဖြစ် ဒေသခံတချို့ သံသယရှိနေကြကြောင်း သိရှိရသည်။
အဆိုပါစေတီကို တည်ရန် ညွှန်ကြားသည့် မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန ္တဦးသုဇနကို မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (M.B.C)မှ ဘာသာရေး ခေါင်းဆောင်များက စက်တင်ဘာ ၁၁ ရက်တွင် သွားရောက်တွေ့ဆုံ၍ လျှောက်ထား ခဲ့ကြသော်လည်း ပြေ လည်မှု မရရှိခဲ့ကြောင်း M.B.C ပြည်သူ့ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး မန်းစံသိန်းထွန်းက ဧရာဝတီသို့ ပြောသည်။
မန်းစံသိန်းထွန်းက“ဆရာတော်က ဘာပြောလဲဆိုတော့ အဲဒီနေရာက အသောကမင်းကြီး လက်ထက်ကတည်းက တည်ထားခဲ့တဲ့ ဘုရားတွေ၊ စေတီတွေ ရှိတယ်ပေါ့။ ဒါကြောင့် သူ့ရဲ့ အတိတ်က အဖြစ်အပျက်တွေအရ သူက မလုပ်မနေ လုပ်ရတာ ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါလို့ ကျနော်တို့ကိုတောင် မေတ္တာရပ်ခံလိုက်သေးတယ်”ဟု ပြောပြသည်။
အဆိုပါ ကရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝန်းကို ၁၉၁၉ ခုနှစ်က တရားဝင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုကျောင်းဝန်း အတွင်း ယခု ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ရောက်မှသာ စေတီ လာရောက်တည်ခြင်း ဖြစ်သည်ဟု M.B.C က ပြောသည်။
ထိုကိစ္စကို အကြောင်းပြု၍ ဘာသာဝင် နှစ်ခုအကြား ပြဿနာများ ဖြစ်ပေါ်လာမည်ကို ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကောင်စီ တို့ကလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ပဒိုအားတိုးက“ဘာသာရေးကြောင့် အရင်တုန်းကလည်း သင်ခန်း စာ ရခဲ့ပါတယ်။ အဓိကရုဏ်းတွေ ဖြစ်တယ်။ အကွဲအပြဲတွေ ဖြစ်တယ်။ ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စလေ။ ဒါကြောင့် ဖြစ်မှာ ကို စိုးရိမ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကျောင်းဝင်းအတွင်း စေတီတည်ပြီးနောက် သံဃာတော်များက အသံချဲ့စက် အသုံးပြု၍ ပဋ္ဌာန်း ရွတ်သဖြင့် ခရစ်ယာန် ဘာသာ ဝင်များသည် ဘုရားရှိခိုးရန် နေရာကို ပြောင်းရွှေ့လိုက်ရကြောင်း မယ်စိထာ ဘုရားရှိခိုးကျောင်းတွင် ၁၉၈၀ ခုနှစ်က သာသနာပြုခဲ့သည့် သင်းအုပ်ဆရာတော် မိုက်ကယ်က ဧရာဝတီသို့ ပြောသည်။
ဆရာမိုက်ကယ်က“ခရစ်ယာန် အသင်းသားတွေကတော့ စေတီ စတည်ကတည်းကနေ ဘုရားကျောင်းမှာ ဘုရားမရှိခိုး ဖြစ်တော့ ဘူး။ ကျနော့် အိမ်အောက်မှာပဲ ဘုရားရှိခိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းနဲ့ ကပ်လျက်ပဲ သူတို့ အသံချဲ့စက်ဖွင့်တော့ ကျနော်တို့ ဘုရားရှိခိုးလို့ အဆင်မပြေဘူးလေ။ ကျနော်တို့သွား ပြောတယ်။ ဘုရားရှိခိုးတဲ့ အချိန် တနာရီလောက်ပဲ ပဌာန်းရွတ်တာ အသံချဲ့စက် နည်းနည်း တိုးပေးဖို့ပြောတော့ တိုးလို့မရဘူးတဲ့”ဟု ပြောပြသည်။
အိမ်ခြေ ၁၅၀ ခန့်ရှိသည့် ယင်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များလည်း ရှိနေသဖြင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်း အတွင်း စေတီ တည်မှုနှင့် ပတ်သက်ပြီး ဘာသာရေး ပြဿနာများ ဖြစ်ပွားလာမည်ကို ဒေသခံ တချို့ကလည်း စိုးရိမ်လျက် ရှိသည်။
ရွာခံတဦးက“ရွာမှာ သာသနာပြုဖို့အတွက်ဆိုရင် တခြားနေရာလွတ်တွေရှိတယ်။ ဘာကြောင့် မလုပ်တာလဲ။ နောက်တခုက ဒီနေရာ မှာ ဒီလို လုပ်မယ်ဆိုတာ ဘုရားကျောင်းကိုလည်း ကြိုတင်အကြောင်းကြားတာ မရှိဘူး။ အခုလုပ်ပုံက သိပ်ပြီး အံ့သြဖို့ ကောင်း တယ်။ ဒီမှာရှိတဲ့ ဒေသခံတွေတချို့ကတော့ ဘာသာရေးပြဿနာကို ဖန်တီးနေတာလား ဆိုပြီးတော့ သံသယ ဝင်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ပဒိုအားတိုးက မယ်စိထာ ဘုရားကျောင်းကိစ္စ ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပဒိုအားတိုးက ပြောသည်။
ထိုကိစ္စနှင့်ပက်သက်၍ ဖြေရှင်းပေးရန် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းကို M.B.C ဘာသာရေး ခေါင်း ဆောင်များက ယခုလ ၇ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ရာတွင် မြိုင်ကြီးငူ ဆရာတော်ကို ၎င်းကိုယ်တိုင် လျှောက်ထားပေးမည် ဖြစ်ကြောင်း၊ ခရစ်ယာန် ဘာသာဝင်များ ကျေနပ်သည်အထိ ကိုယ်တိုင် ဖြေရှင်းပေးမည်ဟု ကတိပေးလိုက်ကြောင်း မန်းစံသိန်းထွန်း က ပြန်ပြောပြသည်။
“ကျနော်တို့ကိုယ်တိုင် သာသနာရေးဝန်ကြီး ဦးစိုးဝင်း ကို သွားတွေ့ပြီး မေတ္တာ ရပ်ခံတယ်။ သူကတော့ ကျနော်တိုကို ကတိ ၂ ခုပေးလိုက်ပါတယ်။ တခုက ဒီကိစ္စနဲ့ ပတ်သက်ပြီးသူကိုယ်တိုင် မြိုင်ကြီးငူဆရာတော်ကိုသွားပြီးတော့ လျှောက်ထား ပါ့မယ့်ပေါ့လေ။ နောက်တခုက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခရစ်ယာန်ဘာသာဝင်တွေ ကျေနပ်လောက်အောင် သူ ကိုယ်တိုင် ဦးဆောင်ပြီးတော့ အခြေအနေအချိန်အခါ ပေးတဲ့ အချိန်မှာ ဖြေရှင်းပေးပါ့မယ်လို့ ကတိပေးပါတယ်” ဟု ဆရာ မန်းစံသိန်းထွန်း က ဧရာဝတီသို့ ပြောသည်။
မီးဇိုင်းကျေးရွာအတွင်းရှိ မယ်စိထာ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝန်းအတွင်း စေတီတည်ခြင်းနှင့် ပတ်သက်၍ ဆရာတော် ဦးသုဇနထံကို ဧရာဝတီက ကြိုးစားဆက်သွယ်ခဲ့သော်လည်းမရရှိခဲ့ပေ။ ထို့အတူ နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ယူ ဖြေကြားခွင့်မရှိကြကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
မြိုင်ကြီးငူ ဆရာတော် ဦးသုဇန သည် ကရင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးမှုရှိသည့် ဘုန်းကြီးတပါးဖြစ်ပြီး ကရင် လက်နက်ကိုင် များ ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့အပေါ်တွင် သြဇာညောင်းသော ဆရာတော်တပါးဖြစ်သည်။